Friday, May 29, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

 နေပြည်တော် မေ ၂၉
၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင် ခံစာထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြား သည်။











အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတများ ဖြစ်ကြသည့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမြသိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဋ္ဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယ၀န်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသတို့မှ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေး ကိုယ်စားလှယ်၊ သံတမန်များ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့အစိုးရ အနေဖြင့် နိုင်ငံ့တာဝန်ယူပြီး (၃) လအကြာ ၂၀၁၁ ခုနှစ် မေလ၌ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၃၀)ကြာ မကောက်ယူ နိုင်ခဲ့သည့် အချို့နယ်မြေ များ၌ နှစ်ကာလရာချီပြီး မကောက်ယူနိုင်ခဲ့သည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကို ဆောင်ရွက် ရန်ဆုံးဖြတ်ခဲ့ပါကြောင်း။ မိမိအနေဖြင့် နိုင်ငံတော်၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ယခုကဲ့သို့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရန် စဉ်းစား ဆုံးဖြတ်သည့်အခါ နိုင်ငံတကာစံချိန် စံညွှန်း များနှင့် ကိုက်ညီစေရန် ထည့်သွင်းစဉ်းစားပြီး လိုအပ်ချက်များကို ပံ့ပိုးကူညီပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံ ညှိနှိုင်း ခဲ့ပါကြောင်း။
အကျိုးဆက်အဖြစ် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့နှင့် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများက ပြည်လုံးကျွတ် သန်းခေါင် စာရင်းကြီးကို အောင်မြင်စွာ ကောက်ယူနိုင်ရန် ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခဲ့ပါကြောင်း။ (၄)နှစ်နီးပါးကြာ ဆောင်ရွက်ရသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အစီအမံကို ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်း ကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်းနှင့် ထုတ်ပြန် ကြေညာခြင်းဆိုသည့် အဆင့်(၄) ဆင့်ဖြင့် ဆောင်ရွက်ခဲ့ပါ ကြောင်း။ ကွင်းဆင်းစာရင်း ကောက်ယူပြီးနောက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ အတိုင်း ပထမဆင့် သန်းခေါင်စာရင်း ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါ ကြောင်း။ ယနေ့တွင် မိမိတို့ ကြိုတင်ကတိကဝတ်ပြုထားခဲ့သည့်အတိုင်း အသေးစိတ်အချက်အလက်များ ပါဝင်သည့် ပင်မအစီရင်ခံစာကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ သန်းခေါင်စာရင်းမှ လူဦးရေနှင့် အိမ်အကြောင်းအရာ အခြေခံ ကိန်းဂဏန်းအချက်အလက်များ ရရှိလာခြင်းကြောင့် မြန်မာနိုင်ငံအတွက် ဖြစ်ထွန်းလာသည့် အကျိုးရလဒ်များကို အနည်းငယ် ရှင်းလင်း ပြောကြား လိုပါကြောင်း။
အားလုံး သိရှိကြသည့်အတိုင်း နိုင်ငံတစ်နိုင်ငံတွင် နယ်မြေဧရိယာ အပိုင်းအခြား သတ်မှတ်ချက်ရှိရန် လိုအပ် သကဲ့သို့ နိုင်ငံအတွင်းမှာရှိသည့် လူဦးရေ အရွယ်အစား၊ ပျံ့နှံ့နေထိုင်မှုနှင့် ဝိသေသလက္ခဏာများကို မှန်ကန်တိကျစွာ သိရှိရန်လိုအပ် ပါကြောင်း။ နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ် အဆင့် များတွင် အချက် အလက်ကို အခြေခံသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်၊ ပြည်သူများအတွက် ပိုမိုသင့်လျော် ကောင်းမွန်သည့် မူဝါဒများ ချမှတ်နိုင်ရန်နှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ကျား/မ မရွေး၊ အဆင့် အတန်းမရွေး၊ မသန်စွမ်းသူများ အပါအဝင် လူတိုင်း၊ လူတိုင်း အရည်အသွေး ပြည့်မီသော ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေး ဝန်ဆောင်မှုများကို ထိရောက်မှန်ကန်စွာ ဆောင်ရွက် ပေးရန်အတွက် သန်းခေါင် စာရင်းက ရလာသည့် အချက်အလက်များက အထောက်အကူပြုမည် ဖြစ်ပါကြောင်း။ တစ်ဖက်ကလည်း မှန်ကန် တိကျသည့် အချက်အလက်များကို အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံသူ နိုင်ငံသား များ၏ စွမ်းဆောင်ရည် များကို အပြည့်အဝ အသုံးချ နိုင်မည်ဖြစ်ပြီး ဘဝတွင် အခွင့် အလမ်းများ ပိုမိုရရှိလာမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူများ၏ အခြေအနေမှန် များကို ပကတိ ဖြစ်ရပ်မှန် အတိုင်း သိရှိနိုင်မည်ဖြစ်သည့်အတွက် ခန့်မှန်းယူဆချက်များ အပေါ်တွင် မှီခိုအားထားစရာမလိုဘဲ လိုအပ်သည့် နေရာများတွင် မှန်ကန်လိုအပ်သည့် စီမံကိန်းများကို ချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း။ ယခုသန်းခေါင် စာရင်း အချက်အလက် များသည် နိုင်ငံတော်အစိုးရ အတွက်သာမက ပုဂ္ဂလိက ကဏ္ဍ၊ တိုင်းရင်း သားခေါင်း ဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ အပါအဝင် နိုင်ငံရေးလှုပ်ရှား ဆောင်ရွက်နေသူများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပြည်သူများကို ဝန်ဆောင်မှု များပေးနေသည့် လူမှုအဖွဲ့အစည်းများအပါအဝင် အားလုံးအတွက် မရှိမဖြစ် လိုအပ်ပါကြောင်း။
ယခုနေရာတွင် အလျဉ်းသင့်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း ဆိုသည့်ကိစ္စနှင့် မိမိတို့အစိုးရ လက်ထက်တွင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ချိတ်ဆက်မှုကို အနည်းငယ်ပြောကြား လိုပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြုပြင် ပြောင်းလဲမှုများ အားလုံးနှင့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိလာမည့် အချက်အလက် များသည် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးသော်လည်းကောင်း ချိတ်ဆက်နေပါကြောင်း၊ ကာလကြာရှည် သန်းခေါင်စာရင်း မကောက် ယူနိုင်ခဲ့သည့်အ တွက် အခြေခံအကျဆုံး ဖြစ်သည့် မိမိတို့နိုင်ငံ၏ လူဦးရေစာရင်း ဇယားများကို ခန့်မှန်းတွက်ချက်နေရသည့် အနေအထားမှ တိတိကျကျတွက်ချက်နိုင်သည့် အနေအထားကို ရောက်ရှိလာခြင်း သည်ပင်လျှင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်း၏ ပကတိတန်ဖိုးပင် ဖြစ်ပါကြောင်း။
စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက် ရေး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စီးဝင်ရေးတို့အတွက် မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ဆိုင်ရာ အချက်အလက် များ၊ လူဦးရေကို အခြေခံ သည့် ဈေးကွက်အနေအထားကိုမူတည်ပြီး စီမံကိန်းများရေးဆွဲခြင်း၊ ဈေးကွက် အနေအထား တွက်ချက်ခြင်း အစရှိသည့် လုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း ပြည်လုံးကျွတ် သန်းခေါင် စာရင်းမှ ရရှိလာမည့် လူဦးရေ စာရင်းများကို အသုံးပြုပြီး တိကျ ခိုင်မာပြီး ရေရာသေချာ မှုရှိသည့် တွက်ချက်မှု များကို ပြုလုပ်နိုင်မည့်အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
လူမှုရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များတွင် အဓိကကျသည့် ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ လုပ်ငန်းစဉ်များ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လ ည်း လူဦးရေစာရင်းများ က အဓိက အထောက်အကူပေးမည်ဖြစ်ပါကြောင်း။
မကြာမီ ပေါ်ပေါက်လာမည့် နိုင်ငံရေး ဆွေးနွေးပွဲများက တစ်ဆင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင် စုကို တည်ဆောက်ရာတွင် မလွဲမသွေကြုံ တွေ့ရ မည့် တိုင်းရင်းသားမျိုးနွယ်စုများ ပြဌာန်း သတ်မှတ်ခြင်း ကိစ္စအတွက် နိုင်ငံရေးသဘော တူညီချက်များကို အခြေခံပြီး ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း အစရှိသည့် လုပ်ငန်း စဉ်များကို လုပ်ဆောင်ရာတွင် လူဦးရေစာရင်းများကို အခြေခံညှိနှိုင်းကြရမည် ဖြစ်ပါ ကြောင်း။ ယင်းနိုင်ငံရေး ဆွေးနွေးပွဲများက ရရှိလာမည့် နိုင်ငံရေး သဘောတူညီ ချက်များကို အခြေခံပြီး ခေတ်စနစ်နှင့် လျော်ညီသည့် နိုင်ငံသား ဖစ်မှုဆိုင်ရာ ကိစ္စရပ်များ ပြဋ္ဌာန်းချက်များကိုလည်း ဥပဒေပြုရေး နည်းလမ်းများ၊ အုပ်ချုပ်ရေး နည်းလမ်းများနှင့် အဆင့်ဆင့် ပြုလုပ်သွားကြရမည်ဖြစ်ပါကြောင်း။ ယခုကဲ့သို့ ဆောင်ရွက်သည့်အခါ မိမိတို့နိုင်ငံ လူ့အဖွဲ့အစည်း၏ အနာဂတ်ကံကြမ္မာကို ပြဋ္ဌာန်း သတ်မှတ်ရန်အတွက် လူဦးရေစာရင်းများသည် အရေးပါသည့် အခန်းကဏ္ဍက ပါဝင်လာမည်ဟု မိမိအနေနှင့် ရှုမြင်ထားပါကြောင်း။ ယင်းတင်ပြချက်များကို ကည့်မည် ဆိုပါက ယခုပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းကို မိမိအနေနှင့် သော်လည်းကောင်း၊ မိမိတို့အစိုးရ အနေနှင့် သော်လည်းကောင်း အလွန်အရေး ကြီးသည့် ဦးစားပေး လုပ်ငန်းတစ်ရပ် အနေဖြင့် ကြိုးပမ်း လုပ်ဆောင် ခဲ့သည့်အတွက် တန်ဖိုးထား၊ ဂုဏ်ယူရမည့် အမျိုးသား ရေးအောင်မြင်မှု တစ်ခုအဖြစ် ခံယူ ထားသည် ဟု ပြောကြားလိုပါကြောင်း။
ယခုပြည်လုံးကျွတ်သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်မှုကို မိမိတို့ နိုင်ငံအတွက် ဂုဏ်ယူရမည့် အမျိုးသားရေး အောင်မြင်မှုတစ်ရပ် ဖြစ်သည်ဟု ခံယူရ သည်မှာ များစွာအဓိပ္ပာယ် ရှိပါကြောင်း။ မိမိအနေနှင့် ပြီးခဲ့သည့်နှစ် သန်းခေါင်စာရင်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် သန်းခေါင်စာရင်း လုပ်ငန်း စဉ်ကြီးသည် တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် ဆောင်ရွက်၍ ရခြင်းမဟုတ်ဘဲ နိုင်ငံတစ်ဝန်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများ အားလုံး ညီညွတ်သော အင်အားနှင့် ပေါင်းစပ်မှသာ အောင်မြင်စွာ ဆောင်ရွက် နိုင်မည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်ကို ပြောကြားခဲ့ပါကြောင်း။ ယင်းလုပ်ငန်းစဉ်ကြီးသည် မိမိတို့နိုင်ငံ သားအားလုံး တက်ညီ လက်ညီ ဝိုင်းဝန်းကြိုးပမ်း အားထုတ်မှုကြောင့် လုပ်ငန်းပမာဏ အလွန် ကြီးမား ကျယ်ပြန့်သည့် နိုင်ငံတော်လုပ်ငန်းစဉ်ကြီးကို သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါကြောင်း။ ယနေ့ဖြစ်ရပ်သည် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပေါင်းစည်းမှု စွမ်းအားကို ပြသနိုင်ခြင်းဖြစ်သကဲ့သို့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုအားနှင့် သမိုင်း မှတ်တိုင် တစ်ရပ် စိုက်ထူ နိုင်ခဲ့ခြင်းလည်း ဖြစ်ပါကြောင်း။
နိုင်ငံတစ်ဝန်းလုံးတွင် သန်းခေါင်စာရင်း လုပ်ငန်းကြီးကို ကူညီထောက်ပံ့ ပေးခဲ့ကြသည့် ပြည်တွင်းက စေတနာ ရှင်၊ အလှူရှင်များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ၊ ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းပါဝင်မှုများ ကိုလည်း မှတ် ကျောက် တင်ထားရမည် ဖြစ်ပါကြောင်း။ ထို့အပြင် သန်းခေါင်စာရင်း ကောက်ယူရာတွင် အဓိကနေရာ က ပူးပေါင်း ပါဝင်ဆောင်ရွက် ခဲ့ကြသည့် စာရင်းကောက် ဆရာ/ဆရာမများကို ပျူပျူငှာငှာ ကြိုဆိုခဲ့ကြပြီး မေးမြန်းသည့် အချက်အလက်များကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့သည့်၊ ပူးပေါင်း ကူညီပေးခဲ့ကြသည့် မြန်မာပြည်တစ်နံ တစ်လျားက တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပြည်သူပြည်သားများအားလုံးကိုလည်း လှိုက်လှိုက် လှဲလှဲ ကျေးဇူး တင်ရှိပါသည်ဟု မှတ်တမ်းတင် ပြောကြားလိုပါကြောင်း။
တစ်ဆက်တည်းတွင် ယင်းလုပ်ငန်းတာဝန်ကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ရှုမြင်ပြီး ထိရောက်သည့် ပူပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တာဝန်ကျေမှု ကိုလည်း မိမိအနေနှင့် အသိအမှတ်ပြု ပြောကြားအပ်ပါကြောင်း။
သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီး ချောမွေ့အောင်မြင်အောင် အကူအညီပေးခဲ့ ကြသည့် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ၊ အလှူရှင်နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ အီတလီ၊ နော်ဝေ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့ကိုလည်း နိုင်ငံတော်အစိုးရကိုယ်စား ကျေးဇူး ဥပကာရ အထူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း။ အလှူရှင်များ၏ ငွေကြေး၊ နည်းပညာ နှင့် စီမံခန့်ခွဲမှု အထောက်အပံ့များသည်  သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကြီး အောင်မြင်မှု အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ကို မှတ်တမ်း တင်ပါကြောင်း။ အလားတူ သန်းခေါင်စာရင်း လုပ်ငန်းစဉ်ကြီး အောင်မြင်စွာ ဆောင်ရွက် နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် ခဲ့ကြသည့် အကြံပေးပညာရှင်များနှင့် ယင်းစီမံချက်ကြီးတွင် ဘက်စုံ၊ ထောင့်စုံက ပါဝင်ပတ်သက်ခဲ့ကြသည့် ဝန်ကြီးဌာနများက အရာထမ်း၊ အမှုထမ်း များကိုလည်း နိုင်ငံတော်မှ မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း။
ထို့ပြင် မိမိတို့ ကျေးဇူးအထူးတင်ရမည့်သူများတွင် နိုင်ငံတကာနည်းပညာ အကြံပေးအဖွဲ့ (ITAB) ကိုလည်း ချန်ထား၍ မဖြစ်နိုင်ပါကြောင်း။ နိုင်ငံတကာအကြံပေး အဖွဲ့ဝင်များအနေနှင့် သန်းခေါင်စာရင်း လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် နည်းပညာနှင့် အရည်အသွေးထိန်းချုပ်မှုများကို အနီးကပ် စဉ်ဆက်မပြတ် အကြံပြုခဲ့ကြ၍ မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းကို နိုင်ငံတကာ စံချိန်စံညွှန်းနှင့်အညီ ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပြီး သန်းခေါင်စာရင်း လုပ်ငန်းစဉ်၏ ကောင်းမွန်မှုဖြင့် သန်းခေါင်စာရင်းရလဒ်များ၏ ယုံကြည်စိတ်ချရမှုများ အပေါ် သံသယဝင်နေမှုများကို ဖယ်ရှားနိုင်ခဲ့ပါကြောင်း။ နိုင်ငံတကာမိတ်ဆွေများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုအတွက် မြန်မာနိုင်ငံသူ/နိုင်ငံသားအားလုံးက အစဉ်အမှတ်ရနေမည် ဖြစ်သည်ကို ပြောကြားလိုပါကြောင်း။
ယနေ့အခမ်း အနားသည် နောက်လ အနည်းငယ်ကြာသည့် အထိ ဆက်လက် ဆောင်ရွက်ရမည့် သန်းခေါင် စာရင်း အချက်အလက်များ ဖြန့်ဝေမည့် အစီအစဉ်၏ ပထမ ခြေလှမ်းဖြစ်ပါကြောင်း။ နယ်မြေဒေသအသီးသီးက ဦးစီးဦးဆောင်ပြုလုပ်သူများနှင့် ပြည်သူများမပါဝင်ဘဲ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်းနှင့် အစိုးရ၊ ပြည်သူနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှသာ အပြည့်အဝ အောင်မြင်မည်ဖြစ်သည်ကိုလည်း အလေးအနက်ထား ပြောကြားလိုပါကြောင်း။ ပြီးခဲ့သည့်သန်းခေါင်စာရင်းတွင် အကြောင်း အမျိုးမျိုးကြောင့် စာရင်းမကောက်ယူ နိုင်ခဲ့သည့် နေရာအချို့ ရှိခဲ့သော်လည်း ယခု သန်းခေါင် စာရင်းတွင် ကောက်ရန် ကျန်ခဲ့သည့်လူဦးရေကို ရရှိပြီးအချက်အလက်များပေါ် အခြေခံပြီး လူဦးရေ ခန့်မှန်း နည်းစနစ်များ အသုံးပြုကာ အနီးစပ်ဆုံး မှန်ကန်စေရန် ခန့်မှန်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကဏ္ဍ အသီးသီးက ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အတွက် အရင်းအမြစ်များ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဟု လည်း ဆိုနိုင်မည် ဖြစ်ပါကြောင်း။
သန်းခေါင်စာရင်းအစီရင်ခံစာတွင်ပါသည့် ရလဒ်များကို ထုတ်ပြန်ကြေညာသည့် ဆွေးနွေးပွဲများ မကြာမီ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းရလဒ် များနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများကို လည်း မျှဝေသွားမည်ဖြစ်ပါ ကြောင်း။ အသိပညာ ဗဟုသုတများသည် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အထောက်အပံ့ ဖြစ်စေသကဲ့သို့ အလားအလာ ကောင်းများရှိသည့် ဒေသများကိုလည်း  ဖွံ့ဖြိုး တိုးတက် လာစေမည် ဖြစ်ပါကြောင်း။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် အချက်အလက် အသုံးပြုသူများအားလုံး သန်းခေါင်စာရင်း အချက် အလက်များကို ရရှိနိုင်ရန် နည်းလမ်း မျိုးစုံနှင့် အစွမ်းကုန် ကြိုးစားဆောင်ရွက် ခဲ့ရပါကြောင်း။ အချက် အလက်များကို ပုံနှိပ်ထားသည့် အစီရင်ခံစာများအနေနှင့် ထုတ်ပြန်မည်ဖြစ်ပြီး အင်တာနက် တွင်လည်း လွယ်ကူစွာရနိုင်ရန် ဆောင်ရွက် ထားပါကြောင်း။ အင်တာနက် မရရှိနိုင်သည့် နေရာများတွင် ဒီဗီဒီများနှင့် အသုံးပြုနိုင်ရန်လည်း စီမံဆောင်ရွက်ထားပါကြောင်း၊ မနီးစပ်သူများ အတွက်လည်း အများနား လည်လွယ်မည့် ပုံစံဖြင့် အစီရင်ခံစာများကို ပြုစုထားပါ ကြောင်း။ မီဒီယာများအနေနှင့်လည်း သန်းခေါင်စာရင်း အချက်အလက်များကို ပြည်သူများထံ အမှန်တကယ်ရောက်ရှိစေရန် ထပ်မံပြီး ကူညီဖြန့်ဝေ ပေးကြရန် တိုက်တွန်း အပ်ပါကြောင်း။
ယခုဖြစ်စဉ်ကစ၍ မှန်ကန်သည့်အချက်အလက်များကို ပြည်သူလူထုလက်ထဲ အရောက် ပွင့်လင်းမြင်သာမှုရှိစွာ အစိုးရတစ်ရပ်အနေဖြင့် ပေးပို့ခြင်းဖြစ်သည်ဟုလည်း ခံယူစေလိုပါကြောင်း၊ မြန်မာပြည်သူပြည်သားများ၏ ပကတိ လူမှုစီးပွားရေး အခြေအနေ မှန်ကိုပြဆိုသည့် အရင်းအမြစ်များအဖြစ် သန်းခေါင်စာရင်းရလဒ်များကို အသုံးပြုကြ ပါဟု တိုက်တွန်းလိုပါကြောင်း။
သန်းခေါင်စာရင်းရလဒ်များသည် ယနေ့မြန်မာနိုင်ငံ၏ပုံရိပ်ကို ဖော်ပြနေပါကြောင်း၊ အနာဂတ်တွင် မည်သည့် နိုင်ငံမျိုး ဖြစ်စေချင်သည်ကို ဆုံးဖြတ်ကြရန် မိမိတို့ အတူတကွ လက်တွဲလုပ်ဆောင်သွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့နိုင်ငံ၏ ရှေ့ဆက်ဆောင်ရွက် သွားမည့်လမ်းကြောင်းတွင် မိမိတို့ကျရောက်ရာကဏ္ဍက တက်ကြွစွာ ပါဝင်ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း။
ထို့ကြောင့် ယနေ့အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအနေဖြင့် ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရလဒ်များကို တရားဝင်ထုတ်ပြန်ပါကြောင်း၊ နိုင်ငံတစ်ဝန်း၊ ကမ္ဘာတစ်ဝန်းက အချက် အလက်အသုံးပြုသူအားလုံးအတွက် တစ်ပြိုင်တည်းရရှိနိုင်ပြီဖြစ်ပါကြောင်းကို ဂုဏ်ယူ ဝမ်းမြောက်စွာ ကြေညာအပ်ပါကြောင်းနှင့် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အကြံပေးကိုယ်စားလှယ် မစ္စတာ ဗီဂျေ နမ်ဘီးယား၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စ လုဗ်နာ ဘက်ကွီတို့က နှုတ်ခွန်း ဆက်စကား ပြောကြားကြသည်။
ယင်းနောက် ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကိုယ်စား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများ ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စ ဂျဲနက် အီး ဂျက်ဆင်၊ နိုင်ငံ တကာ အလှူရှင်များကိုယ်စား ဗြိတိန်နိုင်ငံ သံအမတ်ကြီး  မစ္စတာအန်ဒရူး ပက်ထရစ်နှင့် လူမှုအဖွဲ့အစည်း များ ကိုယ်စား ဦးငွေသိန်းတို့ထံ သန်းခေါင်စာရင်းပင်မအစီရင်ခံစာ များကို ပေးအပ်သည်။
ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက သန်းခေါင်စာရင်း ရလဒ်များနှင့် စပ်လျဉ်း၍ လူဦးရေဆိုင်ရာများ၊ အိမ်ထောင်စု အကြောင်းအရာများ၊ ရွှေ့ပြောင်းသွားလာခြင်း ဆိုင်ရာများ၊ ပညာရေးဆိုင်ရာများ၊ စီးပွားရေးဆိုင်ရာများ၊ မွေးဖွားခြင်းဆိုင်ရာများ၊ သေဆုံးခြင်း အကြောင်း အရာများ၊ အိမ်အကြောင်း အရာနှင့် အိမ်အသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး ဆိုင်ရာ ပစ္စည်းများ သုံးစွဲမှု အခြေအနေ၊ မသန်စွမ်းမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ပြီးခဲ့သည့် သန်းခေါင်စာရင်း အစီအမ များအား မှတ်တမ်းဗီဒီယိုဖြင့်ပြသကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနား အပြီးတွင် နိုင်ငံတော်သမ္မတသည် အခမ်းအနားသို့ တက်ရောက် လာသည့် ဧည့်သည် တော်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

No comments:

Post a Comment