Saturday, April 4, 2015

သမိုင်းဝင် NCA စာချုပ်မူကြမ်း လက်မှတ် ရေးထိုးနိုင်မှုအပေါ် ထင်ရှား ကျော်ကြားသူများ၏ သဘောထားအမြင်များ



ခေတ်အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ အောင်မြင်မှုအချို့ ကိုယ်စီကိုယ်စီ ရရှိခဲ့သော်လည်း ပြီးပြည့်စုံသော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် ထာဝရ ငြိမ်းချမ်းရေး အဆင့်သို့မူ တက်လှမ်းနိုင်ခဲ့ခြင်း မရှိခဲ့ချေ။




လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) ကိုဖွဲ့စည်းပြီး UPCC ၏ တာဝန် ပေးချက်အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်း ရရှိရေး အတွက် မြစ်ကြီးနားမြို့၌ ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ပထမ အကြိမ် စတင် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။
ဆက်လက်၍ ပြည်တွင်းပြည်ပ အလွတ်သဘော ၂၂ ကြိမ်၊ တရားဝင် ခုနစ်ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ၂ဝ၁၅ ခုနှစ် မတ် ၃၁ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို နှစ်ဖက်အတည်ပြု လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
ယင်းသဘောတူ စာချုပ်မူကြမ်းကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ (UPCC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များထံ ပြန်လည် အတည်ပြု ချက်ရယူပြီး အတည်ပြုချက်ရ ယူပြီးပါက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (Nationwide Ceasefire Agreement-NCA)ကို လက်မှတ် ရေးထိုးကြတော့မည် ဖြစ်သည်။ NCA စာချုပ်ကို လက်မှတ်ရေးထိုး ပြီးနောက် ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲ (Political Dialogue) ကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်ချက်များမှာ ခေတ်အဆက်ဆက်က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် မတူကွဲပြားရုံမက ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းလည်း ကွာခြားမှုရှိ၍ ''ထာဝရငြိမ်းချမ်းရေး''၏ အခြေခံ အုတ်မြစ်ဖြစ်သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်မူကြမ်းကို လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ငြိမ်းချမ်းရေးသည် ပြည်သူတို့၏ လိုလားချက်၊ ဆန္ဒနှင့် မျှော်လင့်ချက် သာဖြစ်ရာ NCA စာချုပ်မူကြမ်း ကို လက်မှတ် ရေးထိုးနိုင်ခြင်းသည် ထာဝရ ငြိမ်းချမ်းရေးတံခါး ဖွင့်ခြင်းလည်း ဖြစ်ပေသည်။
သို့ဖြင့် NCA စာချုပ်မူကြမ်း လက်မှတ် ရေးထိုးနိုင်ခဲ့သည့် သမိုင်းဝင် သမိုင်းတွင်မည့် ဆောင်ရွက် ချက်များအပေါ် ထင်ရှား ကျော်ကြားသူများ၏ သဘောထား အမြင်များကို ကောက်နုတ်စုစည်း ဖော်ပြလိုက်ရပါသည်။
ဗိုလ်မှူးချုပ် သန်းတင်(ငြိမ်း)
NCA မူကြမ်း သဘောတူညီ ချက်လက်မှတ် ရေးထိုးနိုင်တော့ ရဲဘော်ဟောင်းကြီး တစ်ယောက် အနေနဲ့ ဝမ်းသာတယ်ဗျာ။ အေးအေး ချမ်းချမ်းဖြစ်လေ တိုင်းပြည်သာယာလေ ဖြစ်မှာပေါ့ဗျာ၊ ဖြစ်ပါစေလို့လည်း ကျွန်တော်တို့ ဆုတောင်းတာ ပေါ့။ ဒီလိုဖြစ်လာတော့ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်နိုင်မှာပေါ့။
မတ် ၃၁ ရက်က လက်မှတ်တွေ ထိုးတော့ ဝမ်းသာတာမှ အလွန်ပဲဗျာ။ ထာဝရ ငြိမ်းချမ်းရေး အတွက် ကတော့ နည်းနည်း စောင့်ရမယ်။ သူတို့အပေါ် မူတည်တယ်။ ငြိမ်းချမ်း ရေးရရင်တော့ ကျွန်တော်တို့ တပ်မတော်ကြီးရော၊ ပြည်သူတွေ ရော၊ တိုင်းရင်းသားအဖွဲ့တွေရော  ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာနဲ့ ကျွန်တော်တို့ မျှော်မှန်းနေတဲ့ လမ်းစဉ်ကို ရောက်နိုင်မှာပေါ့။ ကျွန်တော်ဆိုရင် အရှေ့ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ အနောက်တောင် တိုင်းတွေမှာ တိုင်းမှူးအနေနဲ့ကို တိုက်ပွဲဝင်ခဲ့ရတာ။
ဒါပေမယ့် ခေတ်အခြေအနေ အရ ငြိမ်းချမ်းရေးကို လုပ်ရမှာပါပဲ။ ပြီးခဲ့တဲ့ အတွေ့အကြုံအရ မညီညွတ်ခဲ့လို့၊ တိုက်နေရလို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အပိုင်းမှာ အားနည်း ခဲ့ရပါတယ်။
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို မေတ္တာရပ်ခံ ပြောချင်တာကတော့ စိတ်ရှည်ပါ။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်မှ ကျွန်တော်တို့တိုင်းပြည် သာယာဝပြောမှာ ဖြစ်ပါတယ်။ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း မေတ္တာ ရပ်ခံချင်တာကတော့ တစ်ယောက်နဲ့ တစ်ယောက်ဟာ ညီရင်းအစ်ကိုလို သဘောထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပါ လက်ခံပါလို့ ပြောချင်ပါတယ်။
ဦးသုဝေ ဥက္ကဋ္ဌ
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
ယခုလို သမ္မတကြီး ရှေ့မှောက်မှာ လက်မှတ် ထိုးသွားနိုင်တော့ တော်တော်လေး အောင်မြင်တယ်လို့ ပြောရမှာပေါ့။ သို့သော်လည်း အဖွဲ့အစည်း အားလုံးရဲ့ တိုက်ရိုက် ခေါင်းဆောင်တွေ မဟုတ်သေးတော့ ဒါလေးကတော့ မပြီးပြတ် သေးဘူးပေါ့နော်။
ဒါပေမယ့် ကျွန်တော်ထင်တယ်။ အားလုံးက ဒီလိုသဘောဆန္ဒမျိုး ရှိတော့ အားလုံးက မျှော်မှန်းနေတဲ့ အတိုင်း လက်မှတ် ရေးထိုးဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပါတီအနေနဲ့လည်း ဧပြီ ၂ ရက်နေ့မှာပဲ အလုပ်အမှုဆောင် အထူးအစည်းအဝေးခေါ်ပြီး NCA မူကြမ်း သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့တာကို လှိုက်လှိုက် လှဲလှဲ ဝမ်းသာကြိုဆိုတဲ့ အကြောင်း ကြေညာချက် ထုတ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတကြီးရဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကြိုးပမ်းချက်ဟာ အခုတစ်ဆင့် အောင်မြင်ခဲ့ပါပြီ။ ဆက်ပြီး အောင်မြင်အောင် ကြိုးပမ်းပါလို့ သမ္မတကြီးကို မေတ္တာရပ်ခံ ပန်ကြားချင်ပါတယ်။ ကျွန်တော်တို့လည်း ဝိုင်းပြီး အစွမ်းကုန် အားပေး မှာပါ။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည် တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ကိစ္စ ဖြစ်နေတယ်လေ။
ဒေါ်ချိုချိုကျော်ငြိမ်း
အထွေထွေအတွင်းရေးမှူး
ဒီမိုကရက်တစ်ပါတီ (မြန်မာ)
ကျွန်မ တောမှာမနေခဲ့ဖူးတော့ စစ်ပွဲတွေ၊ တိုက်ပွဲတွေကို မကြုံဖူးပေမယ့် စာထဲမှာဖတ်ရတော့ စိတ် မကောင်းဖြစ်မိပါတယ်။ အခုလို ငြိမ်းချမ်းရေး ရမယ်ဆိုတော့ မြန်မာ တစ်ပြည်လုံး ထီဆုကြီးပေါက်သလို ကျွန်မယူဆပါတယ်။
တိုင်းပြည် အုပ်ချုပ်နေတဲ့ အကြီးဆုံးပုဂ္ဂိုလ်၊ အမြင့်ဆုံးပုဂ္ဂိုလ်က သမ္မတကြီး ဖြစ်တဲ့အတွက်သမ္မတကြီး ကိုလည်း အလွန် ကျေးဇူးတင်ပါတယ်။ ကျွန်မက သမ္မတကြီးကို မြင်ဖူးတဲ့အခါကျတော့ သမ္မတကြီး မျက်နှာက အလွန် အေးချမ်းပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ တိုင်းရင်းသား အဖွဲ့အစည်း အားလုံးကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ အဆင်ပြေအောင် လုပ်ပေးကြတဲ့ အတွက်ပါ။ ဆက်လက်ပြီး ဒီထက် အဆင်ပြေ လာလိမ့်မယ်လို့လည်း ကျွန်မ မျှော်လင့်ပါတယ်။ ဆုလည်း ဆုတောင်းပေးပါတယ်။
ဦးသိန်းညွန့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
နံပါတ်တစ်ကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဓိက ပြဿနာကတော့ ဒီမိုကရေစီအရေး ဖွံ့ဖြိုးရေး ပြဿနာ၊ ဒီပြဿနာရဲ့ သော့ချက်က ပြည်တွင်း ငြိမ်းချမ်းရေး ရဖို့ပဲလေ။ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်ပြီးတော့ အခု လက်မှတ် ထိုးလိုက်နိုင်တဲ့ဟာက ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အင်မတန်မှ မျှော်လင့်ချက် ရလာတာပေါ့။
အဲဒီအတွက်ကြောင့် တစ်နိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းကို လက်မှတ် ရေးထိုးခဲ့တဲ့ အစိုးရအဖွဲ့ဝင်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးကို မြန်မာ့သမိုင်းက ကျေးဇူး တင်ပါမယ်။
ရှေ့တိုင်းပြည် ဖွံ့ဖြိုးရေးလုပ်ငန်း အားလုံးမှာ ငြိမ်းချမ်းရေး မရမချင်း စီးပွားရေး ဖွံ့ဖြိုးမှုလုပ်ငန်းတွေလည်း ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ပါ ဘူး။ ဒီမိုကရေစီ အသွင် ကူးပြောင်းမှုမှာလည်း အခက်အခဲတွေ အများကြီးပေါ်မယ်။ ဒါကြောင့် မတ် ၃၁ ရက်နေ့က လက်မှတ်ထိုးလိုက်ခြင်းဟာ ငြိမ်းချမ်းရေးအတွက် အခိုင်မာဆုံး ခြေလှမ်းကို စတင်လိုက်ခြင်း ဖြစ်တယ်လို့ပဲ ကျွန်တော်ပြောပြ ပါရစေ။
ခေတ်အဆက်ဆက် လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ယခု မျက်မှောက်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ချိန်ထိုးသုံးသပ် ပေးပါလို့ပြောတော့ အဲဒါက နှစ်ပိုင်းပေါ့။ ပါလီမန်ခေတ်က မရခဲ့ဘူး ဆိုတာကို သေသေချာချာလေ့လာ ကြည့်ရင် အပြန်အလှန် တန်းတူ ဆွေးနွေးခဲ့တာ မဟုတ်ဘူးလေ။ အနည်းဆုံး စတိ သဘောလက်နက် ချခဲ့ရမယ် ဆိုပြီးတော့ သတ်မှတ်ခဲ့ တာရှိတယ်။ ဦးနုက စတိလက်နက် ချမှသာလျှင် လက်ခံမယ်ဆိုတဲ့ အတွက် ပါလီမန်ခေတ်မှာ တရားဝင် တွေ့ဆုံဆွေးနွေးရေး ဆိုတယ် မရှိခဲ့ဘူး။ အလွတ်သဘောတွေ၊ တရားဝင် ဆွေးနွေးခဲ့တာ မရှိဘူး။
တော်လှန်ရေးကောင်စီ ခေတ်မှာ အကန့်အသတ် မထားဘဲ တွေ့ဆုံဆွေးနွေးရေး ခေါ်ခဲ့တာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ တပ်တွေ နေရာချထားမှုတွေ၊ သူ့နယ်မြေမှ လွတ်လပ်စွာ ဆောင်ရွက်နိုင်တဲ့ အပိုင်းတွေ အဲဒါတွေမရခဲ့တဲ့ အတွက် ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၄ ရက်နေ့မှာ ငြိမ်းချမ်းရေးပျက်ခဲ့ တယ်လေ။ ဒါတွေဟာ အထောက် အထားတွေရှိပြီးသား။
အခု သမ္မတကြီး ဦးသိန်းစိန် အစိုးရဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟို ကော်မတီကတော့ ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး အတွက် အစိုးရတစ်ရပ်ရဲ့ မာန်မာန မထားဘူးလေ။ တန်းတူ ရည်တူ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုလိုသဘောထားပြီး ဆွေးနွေးတာကိုး။ အဲလို ဆွေးနွေးခဲ့လို့၊ အချိန်တွေယူခဲ့လို့လည်း အခုလို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေး စာချုပ်မူကြမ်းကို လက်မှတ် ရေးထိုးနိုင်တာပေါ့။ အဆုံးသတ် လက်မှတ်ရေးထိုးပြီးလို့ရှိရင် နိုင်ငံရေး ဆွေးနွေးပွဲကြီးကို လုပ်လာနိုင်မှာပေါ့။
အဲဒီလို သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ လက်တွေ့ကျတဲ့ ခြေလှမ်းတွေကြောင့် အခုလို အဆင့်မျိုး ရောက်လာတာပေါ့။ အရင် အစိုးရခေတ်တွေမှာတော့ သူတို့မှာ အကန့်အသတ်တွေ ရှိတယ်။ ဒီလို အကန့်အသတ်တွေရှိတဲ့ အတွက် လက်နက်ကိုင် အင်အားစုတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ မအောင်မြင်ခဲ့ဘူးပေါ့။
နိုင်ငံတော်သမ္မတကြီးနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ပြော ချင်တာကတော့ တစ်ချက်တည်းပါပဲ။ နှစ်ပေါင်း ၆ဝ ကျော်ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို သမ္မတကြီးဦးသိန်းစိန်နဲ့ ယနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေ လက်ထက်မှာ ချုပ်ငြိမ်းအောင် လုပ်နိုင်ခဲ့တယ်ဆိုရင် ဒီနေ့ သန်း ၅ဝ ကျော်သော တိုင်းရင်းသား ပြည်သူတွေရဲ့ လက်ငင်းဘဝ သက်သာရေး၊ သာယာရေး အတွက် မျှော်လင့်ချက်တွေ ရလာတဲ့တွက် ကျေးဇူးတင်နေမှာ ဖြစ်သလို မြန်မာ့ သမိုင်းမှာလည်း သူတို့ဟာ တိုင်းပြည် ကို ကယ်တင်တည်ထောင်သူတွေ အဖြစ် သမိုင်းက နေရာပေးပါလိမ့် မယ်လို့ ကျွန်တော်ပြောပြပါရစေ။
ဦးကိုကို
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း
ကျွန်တော်တို့နိုင်ငံမှာ ဆယ်စု နှစ်ခြောက်စုကျော်ကြာ ရှိနေခဲ့တဲ့ ပြည်တွင်းစစ်မီး ငြိမ်းဖို့အတွက် ရောင်ခြည်သန်းလာတာပါ။ သဘော တူစာချုပ် လက်မှတ်ရေးထိုးပြီးတာ နဲ့ ဆက်လုပ်ရမယ့် လုပ်ငန်းတွေ ကလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် နိုင်ငံရေးဆွေးနွေးပွဲ တွေဟာ အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကျမှ လက်တွေ့ အကောင်အထည်ဖော် လို့ရမယ့် အသေးစိတ်လုပ်ငန်းစဉ် တွေကို ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ လက်ရှိ ရထားပြီးဖြစ်တဲ့ အောင်မြင်မှုကနေ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်း သွားနိုင်ဖို့ စိတ်ရှည်၊ သည်းခံကြပြီး တစ်ဖက်ရင်ထဲကို တစ်ဖက်က ဝင်ရောက်စာနာ နားလည်စိတ် ဆက်လက်ထားရှိဖို့ လိုပါတယ်။
စစ်ပွဲတွေကြောင့် ပျက်စီးဆုံးရှုံး မှုတွေ၊ ရုပ်ဝတ္ထုပစ္စည်း ဆုံးရှုံးမှုတွေအပြင် စိတ်အနာတရ ဖြစ်မှုတွေကိုပါ ထည့်တွက် လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ် လောက်အထိ ဆက်စပ်နေသလဲဆို တာ သိပ်ထင်ရှားပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမရှိရင် ဖွံ့ဖြိုးတိုးတက်မှု မရှိဘူးလို့ ပြောရမှာဖြစ်ပါတယ်။
တိုင်းရင်းသားတွေ အားလုံးဟာ အမိမြန်မာနိုင်ငံရဲ့ သားသမီးတွေပဲ ဖြစ်ပါတယ်။ သားကြီးမို့လို့၊ သမီးငယ် မို့လို့ဆိုပြီး အခွင့်အရေးပိုရတာမျိုး မရှိစေဘဲ သားသမီးတွေအားလုံး တန်းတူရည်တူ ဖြစ်ရပါမယ်။ အဲဒါတွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ခိုင်မာအောင် ပြဋ္ဌာန်းပေးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ရှေ့ဆက်ရမယ့် ငြိမ်းချမ်းရေး ခရီးရှည်ကြီးမှာ အဆင်ပြေ ချောမွေ့စေဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ခပ်သွက်သွက် လုပ်ပေးဖို့ လိုပါလိမ့်မယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ၊ လွှတ်တော်တွေရဲ့ လုပ်ကိုင်ခွင့် အာဏာတွေကို တိုးမြှင့် ရရှိဖို့ လုပ်ပေးရပါလိမ့်မယ်။
နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဒီငြိမ်းချမ်းရေး တည်ဆောက်မှု အဆင့်ဆင့်မှာ စေတနာမှန်နဲ့ ကူညီပေးဖို့လိုပါတယ်။ သတိထား ရမယ့်အချက်က မငြိမ်းချမ်းမှ နေလို့ ထိုင်လို့ချောင်မယ့်သူ အနည်းစု ကတော့ ဖျက်လို ဖျက်ဆီး ဆက်လုပ်နေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို လူတွေဟာ နေရာတိုင်းမှာ ရှိနေနိုင် ပါတယ်။ အဲဒါတွေကိုလည်း နှစ်ဖက် စလုံးက အထူးသတိထားပြီး ညီညွတ်မှု အရင်းခံနဲ့ ရှောင်ရှားကြဖို့ မေတ္တာ ရပ်ခံပါတယ်။
ဥယျာဉ်တစ်ခုဟာ စံပယ်တွေ ချည်း၊ နှင်းဆီတွေချည်း၊ သစ်ခွတွေ ချည်း၊ ဖူးပွင့်နေတာထက် ပန်းပေါင်း စုံဖူးပွင့်နေတဲ့ ဥယျာဉ်ကြီးက အလှဆုံးဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားတွေ ပေါင်းစုံရှိနေတာကိုက အလှဆုံးဥယျာဉ်ကြီး ဖြစ်ဖို့ သဘာဝရဲ့ အကောင်းဆုံး လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ ပန်းပေါင်းစုံ ထာဝရပွင့်လန်းဖို့ အကောင်းဆုံး ဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေ။ မြန်မာ့သမိုင်းမှာ သားစဉ်မြေးဆက် ဂုဏ်ယူပြောဆို နိုင်မယ့်လှပတဲ့ သမိုင်းသစ်ကို တည် ဆောက်နိုင်သူများ၊ ပန်းပေါင်းစုံ ဝေဆာပွင့်ဖူးစေမယ့် ဥယျာဉ်မှူးကြီး များအဖြစ် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို အောင်မြင်အောင် ဆက် လက် ဆောင်ရွက်နိုင်ကြပါစေလို့ နှစ်ဖက်စလုံးကို ဆုတောင်း ပေးပါတယ်။ မျှော်လင့် ယုံကြည်ချင်ပါတယ်။
ခင်မောင်ထွေး

No comments:

Post a Comment