နေပြည်တော် ဧပြီ ၁
နိုင်ငံတော်အစိုးရနှင့်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
သဘောတူ စာချုပ်မူကြမ်းကို နှစ်ဖက်သဘောတူ ညှိနှိုင်းပြုစုရေး ဆွဲပြီးစီးကြောင်း အတည်ပြုချက်အား
မတ် ၃၁ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန
(MPC) ၌
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ
အပစ်အခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) တို့မှ အဖွဲ့ဝင်များ လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းအပေါ်
ကုလသမဂ္ဂ၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများက မတ် ၃၁ ရက်တွင်
ကြေညာချက်များ ထုတ်ပြန်ခဲ့ကြကြောင်း သိရှိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်
မစ္စတာ ဘန်ကီမွန်း၏ ပြောရေးဆိုခွင့် ရှိသူရုံးမှ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင် ယနေ့
လက်မှတ်ရေးထိုးသည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်သည် တစ်ဖက်နှင့် တစ်ဖက်အကြား ယုံကြည်ကိုးစားမှု၊
ယုံကြည်စိတ်ချမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ် တစ်ခုနှင့် မြန်မာနိုင်ငံအတွင်း
ပြုပြင်ပြောင်းလဲမှု အသီးအပွင့် စတင်ဝေဆာလာ ခြင်း၏ လက္ခဏာရပ် တစ်ခုဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရေး
သဘောတူ ချက်ရရှိခြင်းသည် အံ့သြဖွယ်ရာ အောင်မြင်မှုဖြစ်ကြောင်း၊ မြန်မာ့မြေပေါ်တွင် ပြဿနာနှင့်
အခက်အခဲအမျိုးမျိုး ကျန်ရှိကောင်း ကျန်ရှိမည် ဖြစ်သော်လည်း ယနေ့သဘောတူညီမှု ရရှိသည့်
အောင်မြင်မှုမှာ မြန်မာနိုင်ငံအတွင်း စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက်
အခြေခံကျသည့် အချက်တစ်ချက်ဖြစ်ကြောင်းဖြင့် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး
Ms. Renata Dessallien ၏ ထုတ်ပြန်ချက်တွင် လက်နက်ကိုင်ပဋိပက္ခများ နှစ် ၆ဝ ကျော် ဖြစ်ပွားပြီးနောက်
မြန်မာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဤ သဘောတူညီချက်မှာ
ဇွဲ၊ လုံ့လ၊ စိတ်စေတနာကောင်းနှင့် အတိတ်ကာလမှ အခက်အခဲများ၊ ခြားနားမှုများအပေါ် ကတိကဝတ်အဖြစ်
ကိုယ်စားပြုနေကြောင်း၊ ထို့ပြင် ဤသဘော တူညီချက်မှာ ရေရှည်တည်တံ့သော အခြေခံကျသည့် ယုံကြည်မှုတစ်ရပ်
တည်ဆောက်ရန် အဖွဲ့အစည်းများအားလုံး၏ စွမ်းရည်အပေါ် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း၊ တောက်ပသော၊
ကြွယ်ဝသော အနာဂတ်တစ်ခုတည်ဆောက်ရန် မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် ထောက်ပံ့မှုကို
ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ရန်ကုန်မြို့ရှိ ကုလသမဂ္ဂစင်တာ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့တို့ နှစ် ၆ဝ ကျော်ကြာ ပဋိပက္ခအပေါ် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့သည့်အတွက် သမိုင်းဝင် ထူးခြားသော အောင်မြင်မှု တစ်ရပ်ပင်ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ယင်းသမိုင်းဝင်ဖြစ်ရပ်ကို ကြိုဆိုပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ¤င်း၏ စေ့စပ်ညှိနှိုင်း ရေးအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၊ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့တို့ကို ဂုဏ်ယူ ကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်အတူ စေ့စပ်ဆွေးနွေး ပွဲတွင် လေ့လာသူများအဖြစ် တက်ရောက်ခဲ့သော ကုလသမဂ္ဂအဖွဲ့မှ တာဝန် ရှိ ပုဂ္ဂိုလ်များအနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီနှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေး အဖွဲ့တို့၏ ကြိုးပမ်းအားထုတ်မှု၊ မှန်ကန် သော ဆုံးဖြတ်ချက်၊ စစ်မှန်သော ရပ်တည်ချက်နှင့် စေတနာတို့ကို တွေ့မြင်ခဲ့ရသည့်အတွက် အထူးလေးစားမိ ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် သဘောတူ စာချုပ်မူကြမ်းကို အဆုံးသတ်စေခဲ့သည့် ပူးတွဲကြေညာချက်
စာတမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့မှုအပေါ် ကြိုဆိုပါကြောင်း၊ ယခုကဲ့သို့ ရေရှည် အမြင်ချင်းမတူ၊
ကွဲပြားခြားနားမှု ပြဿနာရပ်များ ဖြေရှင်းရေးအပေါ် ညှိနှိုင်းဆွေးနွေးရန် ခိုင်မာတောင့်တင်းသော
ကတိကဝတ်ပြုမှုနှင့် ညှိနှိုင်း ဆွေးနွေးလိုစိတ်ရှိသည့် ဘက်ပေါင်းစုံအပေါ် မိမိတို့ချီးကျူးပါကြောင်း၊
အမေရိကန် ပြည်ထောင်စုအနေဖြင့် ဒီမိုကရေစီ၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်
သင့်မြတ်ရေးအပေါ် မိမိတို့၏ အပြောင်းအလဲမရှိသည့် ဦးတည်ချက်များနှင့်အတူ မြန်မာပြည်သူများက
ကြိုဆိုနေကြသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားရေး အတွက် ကူညီပေးရန်အဆင်သင့်
ရှိပါကြောင်း ဖော်ပြပါရှိသည်။
ထို့အတူ မြန်မာနိုင်ငံဆိုင်ရာ
ဗြိတိန်သံရုံး၏ ကြေညာချက်တွင် သဘောတူ စာချုပ်မူကြမ်းကို ပြဋ္ဌာန်းနိုင်ရန် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း
ကြေညာချက်အပေါ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအနေဖြင့် ဝမ်းမြောက် စွာ ကြိုဆိုပါ
သည်ဟု ဖော်ပြပါရှိသည်။
ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ
ကနေဒါသံရုံး၏ ကြေညာချက်တွင် သဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်း အပေါ်
မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံရုံးအနေဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယင်းမှာ သမိုင်းဝင်သော
အခမ်းအနား တစ်ရပ်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး အတွက်
အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း ဖော်ပြပါရှိသည်။
အလားတူ မြန်မာနိုင်ငံဆိုင်ရာ
ဆွစ်ဇာလန်နိုင်ငံသံရုံး၏ ကြေညာချက်တွင် သဘောတူညီချက်မူကြမ်း လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းမှာ
မြန်မာနိုင်ငံ ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး
ပြည်သူများက ၎င်းတို့၏ အမြင်မတူညီမှုများကို ဖိအားပေးဖြေရှင်းရန် ကြိုးစားခြင်းထက် စတင်ဆွေးနွေးဖြေရှင်းလာသည့်
ထူးခြားသော တိုင်းပြည်၏ နိုင်ငံရေးယဉ်ကျေးမှု၌ အခန်းကဏ္ဍသစ်တစ်ခု စတင်လိုက်ခြင်းဖြစ်ကြောင်း၊
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် မူကြမ်း အတည်ပြုချက်မှာ ပဋိပက္ခဖြစ်ပွားရာနယ်မြေများတွင်
နေထိုင်လျက်ရှိပြီး ၎င်းတို့၏ အခွင့်အလမ်း ပြန်လည်ရရှိရန် ရပ်တည်နေရသည့် ပြည်သူအားလုံးအတွက်
ပုံမှန် ဘဝသစ်တစ်ခု စတင်ခြင်းလည်းဖြစ်ပါကြောင်းဖြင့် ဖော်ပြပါရှိသည်။
အလားတူ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ကလည်း ယခုကဲ့သို့ သဘောတူစာချုပ်ကို အောင်မြင်စွာ လက်မှတ်ရေးထိုးချုပ်ဆိုနိုင်မှုသည် ကမ္ဘာပေါ်တွင် ပြည်တွင်း စစ် အကြာဆုံး ဖြစ်ပွားမှုကြောင့် ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေ ရသော မြန်မာနိုင်ငံရှိ ကလေးသူငယ်များအတွက် သတင်းကောင်းတစ်ရပ်ပင် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ကလေးသူငယ်များသည် ပဋိပက္ခဒဏ်ကို ခံစားကြုံတွေ့နေကြရပြီး ယင်းပဋိပက္ခများကြောင့် ကလေး သူငယ်များအတွက် ပေးအပ်နေသော အခြေခံ ဝန်ဆောင်မှု များဖြစ်သည့် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခံရခွင့် အခွင့်အရေးများ၊ ပညာသင်ကြားနိုင်ခွင့် အခွင့်အရေးများ ပျက်စီး ဆုံးရှုံးခဲ့ပြီး ကလေးသူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်ပျက်စီးစေသည့်အပြင် လူကုန်ကူး ခံရခြင်း၊ လက်နက်ကိုင် တပ်ဖွဲ့များတွင် တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးချခံရခြင်း စသည့် အန္တရာယ် များနှင့်လည်း ကြုံတွေ့ခဲ့ကြရကြောင်း၊ ယခု သဘောတူစာချုပ်သည် မြန်မာနိုင်ငံရှိ အခွင့်အလမ်းအနည်းပါးဆုံး ကလေးသူငယ်များအတွက် တိုးတက်ကောင်းမွန်လာမည့် အာရုံသစ် အချိန်ကာလတစ်ရပ် ဖြစ်ပေါ်လာနိုင် မည်ဖြစ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များအနေဖြင့် အရည်အသွေးမီပညာရေးကို ၎င်းတို့၏ တိုင်းရင်းသား ဘာသာ စကားများဖြင့် လေ့လာသင်ယူ နိုင်မည်ဖြစ်ပြီး လက်နက် ကိုင်တပ်ဖွဲ့များတွင် ကလေးစစ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးချခံရခြင်းမှလည်း ကင်းလွတ်သွားနိုင်မည် ဖြစ်ကြောင်းဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရသည်။

No comments:
Post a Comment