Thursday, April 2, 2015

ငြိမ်းချမ်းရေးတံခါး ဖွင့်လှစ်ကြသူများ





ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မူကြမ်းရရှိ နိုင်ရန် သတ္တမအကြိမ်မြောက် နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲ အပြီး ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့၌
အခန်း ၇ ခန်း၊ အပိုဒ် (၃၃)ပိုဒ်ပါ သဘောတူစာချုပ် (အတည်ပြုမူကြမ်း)ကို နှစ်ဖက်သဘောတူညီိမှု ရရှိခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ဗဟိုဌာန(MPC) ၌ ပြုလုပ်သည့် ယင်းစာချုပ်မူကြမ်း ရရှိနိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသူများ၏ ''ငြိမ်းချမ်း ရေး အောင်ပွဲစကားသံ'' တီဗွီရိုက်ကူးရေး အစီအစဉ်သို့ မြန်မာ့သတင်းစဉ် ပြည်တွင်းမှ သွားရောက် သတင်း ရယူခဲ့သည်။ ယင်းအစီအစဉ်တွင် ပါဝင်ခဲ့သူများ၏ စကားသံများကို ဖော်ပြအပ်ပါ သည်။
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း (အဖွဲ့ဝင်)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)
ဒီနေ့ဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်ရော ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အားလုံးအတွက်ရော အင်မတန်မှ ဝမ်းသာရမယ့် နေ့တစ်နေ့လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လွတ်လပ်ရေးရပြီး ကတည်းက ပူးတွဲပါလာတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းနိုင်ဖို့အတွက် ပထမခြေလှမ်းစပြီလို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတကွ ကြိုးစားပြီးတော့မှ အခုလို တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး သဘော တူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ကျွန်တော် တို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးအားလုံး အတူတကွ လက်မှတ် ရေးထိုးနိုင်ရင် အဲဒီစာချုပ်ချုပ်ပြီး တာနဲ့တစ်ပြိုင် နက် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပြီး ကျွန်တော်တို့ မျှော်မှန်းထား တာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကျင်းပမယ်။ ပြည် ထောင်စုငြိမ်းချမ်းရေး ညီလာခံကြီး ကနေပြီးတော့ ပင်လုံစာချုပ်လို ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမယ်။ အဲဒီစာချုပ်အတိုင်း ပြည်ထောင်စုကြီးကို အေးချမ်းသာယာအောင် တိုင်းရင်းသားလူမျိုး အားလုံး လိုလားနေတဲ့ ဒီမိုကရေစီ အရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်ထောင်စုကြီးကို တည်ထောင်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော် လင့်ပါတယ်။ အဲဒီပြည်ထောင်စုကြီး ဟာ အခုမှ ကျွန်တော်တို့ စိတ်ကူး ယဉ်တာမဟုတ်ပါဘူး။ ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးအားလုံး ပင်လုံ ညီလာခံမှာ မျှော်မှန်းခဲ့ပြီး ပင်လုံ စာချုပ်နဲ့အတူတူ ထူထောင်ဖို့ ကြိုးစားခဲ့တဲ့ ပြည်ထောင်စုကြီး ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒီနေ့ဟာ ကျွန်တော်တို့ခေတ်မှာ ရှိနေတဲ့လူတွေရဲ့ အိပ်မက်သာ မဟုတ်ဘဲနဲ့ ကျွန်တော်တို့ ပြည် ထောင်စုကြီးကို စတင်ထူထောင် ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား လူမျိုးခေါင်းဆောင် အားလုံးရဲ့ အိပ်မက်ကြီးကို ကျွန်တော်တို့ အကောင်အထည် ဖော်ဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
ပဒိုစောကွယ်ထူးဝင်း(ဒုတိယအဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)
ကျွန်တော်တို့ တိုင်းပြည်အတွက် ကျွန်တော်တို့ မြန်မာပြည်ရဲ့သမိုင်းမှာ ပထမဦးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းနဲ့ အစိုးရနဲ့ တစ်ပြည်လုံး၊ အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် အတည် ပြုမူကြမ်း ကတိပြုစာချုပ်ကို ဒီနေ့မှာ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီစာချုပ်ရရှိဖို့အတွက် UPWC နဲ့ NCCT တို့ဆွေးနွေးလာတာ ကာလ အားဖြင့် ၁၅ လ ကြာခဲ့ပါပြီ။ တွေ့ဆုံ မှုကလည်း တရားဝင်တွေ့ဆုံမှုက (၇)ကြိမ်၊ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုကလည်း အကြိမ် (၂ဝ) ကျော်ပြီ။သွား ရတဲ့ခရီးတွေ၊ တစ်ဖက် နဲ့တစ်ဖက် သဘောတူညီမှု ရရှိဖို့ အတွက် ဆွေးနွေးပွဲတွေ ကိုလည်း လတိုင်း နေ့နေ့ညည ကြိုးစားလာ ခဲ့ရပါတယ်။
ဒီငြိမ်းချမ်းရေး သဘောတူညီမှု ရဖို့အတွက် ကျွန်တော်တို့ ကုန်ကျစရိတ်လည်း အတော်များခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော် ဆိုလိုတာက သဘောတူစာချုပ် အတည်ပြုမူကြမ်း ကို ရရှိဖို့အတွက် ကြိုးစားလာခဲ့တဲ့ ဒီကနေ့မှာ အဲဒီစာချုပ်ကို အတည်ပြု နိုင်ခဲ့ပြီ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံ တော်ရဲ့ ငြိမ်းချမ်းရေးအတွက် တည်ဆောက်တဲ့နေရာမှာ ပထမခြေလှမ်း ဖြစ်တယ်။ တစ်ကြိမ်မှလည်း မရှိခဲ့ဖူး ဘူး။ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားလာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဒေသမှာဖြစ်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျွန်တော်တို့ တိုင်းရင်းသား အထူးသဖြင့် တိုင်း ရင်းသားလူမျိုးတွေရဲ့ ဒေသမှာဆိုရင် သူတို့ရဲ့ဘဝ၊ ပညာရေး၊ ကျန်းမာရေး နိမ့်ကျစေတယ်။ အထူးသဖြင့် ကရင်အမျိုးသားတွေရဲ့ ဒေသမှာ ဒီလက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကျွန်တော်တို့ပြည်သူတွေဟာ အိုးမဲ့ အိမ်မဲ့ဖြစ်နေရတယ်။ ဒီတော့ ငြိမ်း ချမ်းရေးရရှိမှလည်း ဘဝတွေကို ပြန်လည်ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးကလည်း ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းနဲ့ အစိုးရလည်း နိုင်ငံတော်သမ္မတ ဦးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ပထမဦးစွာ ခြေလှမ်း ဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရဲ့ အတည်ပြု မူကြမ်း ရလာခဲ့ပြီ။ ကျွန်တော်တို့ နှစ်ဖက်ရဲ့ ဖြတ်သန်းလာတဲ့ တွေ့ဆုံ ညှိနှိုင်းမှုဟာ နှစ်ဖက်ကြိုးစားမှု၊ ကျွန်တော်တို့ရဲ့ ဆန္ဒ၊ ကျွန်တော်တို့ ရဲ့ သည်းခံမှုနဲ့ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု အပေါ်မှာ သဘောတူ စာချုပ်ကို ရရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ ရှေ့ဆက်လှမ်းမယ့် နိုင်ငံရေး တွေ့ ဆုံဆွေးနွေးမှုကို ညှိနှိုင်းပြီး အဖြေရှာသွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ တကယ့်ငြိမ်းချမ်း ရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။ စာချုပ်ကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော့်အနေနဲ့ အတော်အားရ ကျေနပ် တယ်၊ နှစ်ဖက်စလုံးက ခေါင်းဆောင်တွေကို ကျွန်တော် အထူးကျေးဇူးတင် တယ်။
ဒီစာချုပ် ရရှိဖို့အတွက် ကျွန်တော်တို့ ငြင်းကြ၊ ခုံကြ နောက်ဆုံး ပြည်သူ လိုလားတဲ့ သဘောတူစာချုပ်မူကြမ်း ရလာတဲ့ အပေါ်မှာ ကျွန်တော်တို့ ရှေ့ ဆက်ပြီး တော့ ငြိမ်းချမ်းရေးအတွက် ပိုမိုတောက်ပတဲ့ အနာဂတ်ရှိလာမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဦးအောင်နိုင်ဦး (ငြိမ်းချမ်းရေးဆွေးနွေးပွဲအစီအစဉ်)(တွဲဖက်ဒါရိုက်တာ)
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)
ကျွန်တော်တို့ကတော့ ဝမ်းသာလွန်းလို့ ဘာပြောရမှန်းတောင် မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင် လည်းပဲ လက်နက်ကိုင် ပဋိပက္ခဒေသတွေမှာ သွားခဲ့ လာခဲ့ ပြောခဲ့ကြ တွေ့ခဲ့ကြ တယ်။ အထူးသဖြင့်တော့ လက်နက် ကိုင် ပဋိပက္ခမှာရှိတဲ့ ပြည်သူတွေနဲ့ မြို့ကြီးတွေမှာရှိတဲ့ ပြည်သူတွေရဲ့ ကွာခြားချက်ကိုမြင်ရတော့ ပြော မပြတတ်အောင် ခံစားခဲ့ရပါတယ်။ အခုကျွန်တော်တို့ရရှိလာခဲ့တဲ့ နိုင်ငံ လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ဟာ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခ ဒေသတွေမှာရှိနေတဲ့ ပြည်သူတွေ အတွက် လက်ဆောင်မွန်တစ်ခု ဖြစ်တယ်လို့ ခံယူပါတယ်။ ဒီလက် ဆောင်ဟာ ယာယီလက်ဆောင် ကနေ ထာဝရလက်ဆောင်ဖြစ် အောင်လို့ ကျွန်တော်တို့ ဝိုင်းဝန်း ကြိုးပမ်းဖို့ လိုပါတယ်။ ငြိမ်းချမ်းရေး ခရီးဟာ မလွယ်ပါဘူး။ ခက်ခဲ ကြမ်းတမ်းပါတယ်။ ဒီမှာရှိတဲ့ NCCT ရော၊ UPWC ရော၊ အစိုးရ ဘက်က ခေါင်းဆောင်များပါ ဒီငြိမ်းချမ်းရေးခရီးကြမ်းကို မရရ အောင် လျှောက်ခဲ့ကြတာဖြစ်ပါ တယ်။ ဒါဟာ ထာဝရလက်ဆောင်မွန် ပေးချင်လို့ပဲဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်တော်တို့အနေနဲ့ တစ်တပ် တစ်အား ပါဝင်ပြီးတော့ ဝိုင်းဝန်း လုပ်ကိုင်ပေးရတဲ့အတွက် ပုဂ္ဂိုလ် ရေးအရရော အဖွဲ့အစည်းအရရော အင်မတန်အားရပြီး ကျေနပ်တယ်။
ဦးနိုင်ဟံသာ(အဖွဲ့ခေါင်းဆောင်)
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)
ကျွန်တော့်အနေနဲ့က ကျွန်တော် တို့နိုင်ငံမှာ အစိုးရအဆက်ဆက်က ကျွန်တော်တို့ တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေး အဖွဲ့အစည်း တွေ အပေါ်မှာ နိုင်ငံရေးပြဿနာ ကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက် ကိုင်ပဋိပက္ခ ဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ နိုင်ငံရေး အရ ဖြေရှင်းတဲ့ပုံစံမျိုးတစ်ကြိမ်မှ မရှိခဲ့ဘူး။ ဒါပေမယ့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးအတွက် စီစဉ်လာတော့ အစိုးရမှာအတွေး အခေါ်တွေ ပြောင်းလဲလာပြီလို့ ကျွန်တော်တို့ လက်ခံတယ်။ တကယ့် အပစ်ရပ်ပြီးရင် တရားမျှတ ပွင့်လင်းမြင်သာတဲ့ စစ်မှန်တဲ့နိုင်ငံ ရေး ဆွေးနွေးပွဲကြီးကို ကျင်းပပေး ဖို့လိုပါတယ်။ တိုင်းရင်းသားအားလုံး ကျေကျေနပ်နပ်နဲ့ပါဝင်ပြီး သူတို့ အခွင့်အရေးတွေကို တောင်းဆို ဆွေးနွေးရင်း ပြေလည်သွားရင် ကျွန်တော်တို့နိုင်ငံက အေးချမ်းမှာပဲ။
ကျွန်တော်အဓိက ပြောချင်တာ ကတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနဲ့ နိုင်ငံရေးဆွေးနွေး ဖို့ဆိုပြီးတော့ လမ်းဖွင့်ပေး လာတဲ့ အနေအထားက အစိုးရရဲ့အတွေး အခေါ် ပြောင်းလဲလာတယ်လို့ ကျွန်တော်မြင်တယ်။ ဒီလိုအစိုးရ ဘက်က ပြောင်းလဲ လာရတာက လည်း ကျွန်တော် တို့နိုင်ငံတော်မှာရှိတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးပညာရှင်တွေနဲ့ နိုင်ငံတကာက အပါအဝင် ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းပဋိပက္ခကို လက်နက် အားကိုးနဲ့ ဖြေရှင်းဖို့မဖြစ်နိုင်ဘူးလို့ အမျိုးမျိုး သဘောထားပေးပြီး လက်တွေ့ပြပြီး ထောက်ပြလာတယ်။ ပြည်သူအများစုကလည်း လက်ခံ လာတော့ ဒီနေ့နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လက်တွေ့ အကောင်အထည် ပေါ်လာတာ ဖြစ်ပါတယ်။
ဦးလှမောင်ရွှေ (အကြီးတန်းအကြံပေး)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)
လွန်ခဲ့တဲ့ ၂ဝ၁၁ သြဂုတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီကစပြီးတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ ငြိမ်းချမ်းရေး နဲ့ပတ်သက်ပြီး တစ်ထောင့်တစ်နေရာ ကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဆုံးဖြတ်ပြီး အတတ်နိုင်ဆုံးလုပ်နိုင် တဲ့နည်းလမ်းတွေနဲ့ လုပ်ခဲ့တာပါ။ ဒီနေ့တော့ ကျွန်တော့်ရဲ့ဝမ်းသာမှု ဟာ စကားလုံးဖော်ပြမှု ခက်လောက် အောင်ကို ဖြစ်ရပါတယ်။ လက်ရှိ တာဝန်ယူနေတဲ့ နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ကစပြီးတော့ NCCT ခေါင်းဆောင်တွေအားလုံး၊ တိုင်းရင်းသားအားလုံးကို ကျေးဇူး တင်ပါတယ်။ ဆရာဦးနိုင်ဟံသာ ပြောသွားတဲ့အထဲမှာ သမိုင်းကြောင်း တွေပါပါတယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို လိုချင်ပါတယ်။ ဒါပေမယ့် ဒီနေ့ရောက်တဲ့အဆင့် ထိကိုတော့ အကြောင်းကြောင်း ကြောင့် မရောက်လာ နိုင်ခဲ့ကြဘူး။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်မှာ တစ်ဖွဲ့ချင်းနဲ့လည်း ဆွေးနွေးတယ်။ ပြီးတော့မှ တိုင်းရင်းသားတွေဘက်က စုဖွဲ့ပြီး ဆွေးနွေးချင် တယ်ဆိုတော့လည်း လက်ခံတယ်။ တိုင်းရင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ NCCT နဲ့ပထမဦးဆုံး ဆွေးနွေးခဲ့ တယ်။ ပြီးတော့ ယုံကြည်မှု တည်ဆောက်တယ်။ ဒီနေ့လက် မှတ်ရေးထိုးခဲ့တဲ့ NCA စာချုပ်ဟာ တိုင်းရင်းသား ခေါင်းဆောင်တွေ အားလုံးက အဆိုပြုတာပါ။ ဒီအဆို ပြုတဲ့ဟာကို ကောင်းမွန်တဲ့ဆန္ဒနဲ့ ညှိနှိုင်းရင်းကနေပြီးတော့ အခု အခြေအနေ ရောက်လာတယ်။
ဒါကို ကျွန်တော်ကတော့ နိုင်ငံသား တစ်ယောက်အနေနဲ့ အလွန်ကို ဝမ်းသာပီတိဖြစ်မိတယ်။ ဒါဟာ ပထမဦးဆုံးတောင်ကို အောင် အောင်မြင်မြင် တက်နိုင်တာပေါ့။ နောက်ထပ် တောင်ကုန်းများစွာကိုကျော်ဖြတ်ရဦးမှာပါ။ ဒီနေ့ဟာ အစပျိုးတဲ့ အောင်မြင်မှုပေါ့။ ဒီအောင်မြင်မှုကို ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူ တွေနဲ့ပါဝင်သက်ဆိုင်သူ(Stake-holders) တွေ အားလုံးဝိုင်းဝန်း ထိန်းသိမ်းပြီးတော့မှ ဒီလမ်းကြောင်း က မသွေဖည်ဘဲနဲ့ တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ကိုဆက်ပြီးတော့ သွား နိုင်အောင်လုပ်ရမယ်။ ဒီခရီးက ခရီးရှည်ဖြစ်တယ်။ နိုင်ငံတော်သမ္မတ အနေနဲ့ ၂ဝ၁၅ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ လုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံးရေး ကတိကဝတ်ပြုမှုဆိုတာ ကို သူကိုယ်တိုင် လက်မှတ်ရေး ထိုးပြီး တော့ ပြည်သူတွေကို၊ တိုင်းရင်းသား တွေကို သူ့ကိုယ်သူကတိက ဝတ် ပြုခဲ့တာ ရှိပါတယ်။ ဒါကတော့ ကောင်းမွန်တဲ့ဆန္ဒနဲ့ ငြိမ်းချမ်းရေးကို ရအောင်ကြိုးပမ်းမယ်။ ရွေးကောက် ပွဲမတိုင်ခင် နိုင်ငံရေးဆွေးနွေးပွဲ ဆီ ရောက်အောင် ကြိုးပမ်းဆောင်ရွက် မယ်ဆိုတဲ့ ကတိကဝတ်ပြုခဲ့မှုကို ထပ်လောင်းပြောချင်ပါတယ်။
ကျွန်တော်တို့အားလုံး ရှေ့ကို ဒီထက်ပိုပြီးတော့ ကြိုးစားဖို့လို တယ်။ စဆွေးနွေးစဉ်က NCCT ခေါင်းဆောင်များဘက်က ယုံကြည် မှု သိပ်မရခင်တုန်းက အဆိုပြုခဲ့တာ ရှိတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ် (NCA) ကြီး ကို လက်မှတ်ရေး ထိုးတဲ့နေ့ကနေ ရက်ပေါင်း ၆ဝ အတွင်းမှာ နိုင်ငံရေး မူဘောင်ဆိုင်ရာ ဆွေးနွေးပွဲ လုပ်ရမယ်။ လက်မှတ်ရေးထိုးတဲ့ နေ့ကနေ ရက်ပေါင်း ၉ဝ အတွင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေပါတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်ရ မယ်ဆိုတဲ့ ကတိကဝတ် တောင်းတာကို ပြည်ထောင်စုဘက်က လိုက်လျောခဲ့တယ်။ NCA မူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေ ပါဝင်တဲ့ ညီလာခံမှာ အတည်ပြုပြီး သိပ်မကြာခင်မှာ လက်မှတ် ရေးထိုးနိုင် မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။
ဒီအရာတွေကို ဆက်လက် ဆောင်ရွက်နိုင်မှသာ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကစခဲ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်က အဆင့် တစ်ခုမှာ အခြေခံအုတ်မြစ်ခိုင်မာ အောင် လုပ်ထားနိုင်မယ်။ ဒါကို လုပ်ထားနိုင်မယ်ဆိုရင် ရွေးကောက် ပွဲအပြီးမှာ တက်လာမယ့် နောင် အစိုးရက ဒါကိုဆက်သွားနိုင်မယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာ ခရီး ရှည်ကြီးပါ။ လာမယ့် နေပြည်တော် မှာ ဆောင်ရွက် ဖို့မျှော်လင့်ထားတဲ့ လက်မှတ်ရေးထိုးပွဲပြီးရင် နောက် ထပ်အဆင့်တစ်ခုကို ရောက်သွား မှာပါ။ နောက်ထပ် တံခါးပေါင်း များစွာဆက်ဖွင့်ရမယ်။ တောင် ပေါင်းများစွာ တက်ရပါမယ်။ ဒါတွေ အားလုံးဟာ အနာဂတ်မှာ တစ်နိုင်ငံ လုံးမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးကို လက်ဆင့်ကမ်းနိုင်ဖို့ လိုပါတယ်။ ငြိမ်းချမ်းရေးအတွက် စခဲ့တဲ့ဒီနေ့အောင်ပွဲလို အောင်ပွဲ ပေါင်းများစွာကို ဆက်သွားဖို့ လိုပါ တယ်။
ဒေါက်တာဆလိုင်းငွန်ကျုံးလျန်(ဥပဒေအကြံပေး)
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)
ဒီနေ့ကျွန်တော်ဝမ်းသာတယ်။ ဝမ်းနည်းတယ်။ နောက်စိုးရိမ်ရတဲ့ ကိစ္စတွေရှိပါတယ်။ လက်မှတ် ရေးထိုးပြီးတာနဲ့ ကျွန်တော့်မှာ ဒီခံစားချက်သုံးခုက ဒုက္ခပေးပါတယ်။ ပထမအချက်က ကျွန်တော်တို့ ၈၈ မှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းနဲ့ မဖြေရှင်းနိုင်ခဲ့လို့ တောထဲရောက်သွား ခဲ့ရတယ်။ ကျွန်တော်တို့ လိုရောက်ခဲ့တဲ့ အခြားအဖွဲ့အစည်းတွေ အများကြီး ရှိတယ်။ နိုင်ငံရေး ပြဿနာကိုပြောကြရင်း တချို့ ကတော့ သေသွားကြပြီ။ သူတို့အကြောင်းတွေ စဉ်းစားမိတော့ ဒီလို ပျော်စရာကောင်းတဲ့ နေ့မျိုးမှာသူတို့ ရှိရင်ဘယ်လောက်များ ပျော်လိုက် ကြမလဲပေါ့။ တစ်ဖက်မှာလည်း နှစ် ၆၀ ကျော်ကြာတဲ့ ပဋိပက္ခမှာ အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကရော တပ်မတော် ဘက်ကရော ငြိမ်းချမ်းရေးလမ်းစ ပွင့်သွားတဲ့နေ့ကို မရောက်နိုင်ခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။
ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် နိုင်ငံရေးဆွေးနွေးပွဲကို နိုင်ငံရေး နည်းအရ ငြိမ်းချမ်းစွား မဖြေရှင်းနိုင်လို့ ဒါမျိုးတွေဖြစ် ရတယ်ဆိုတာကို တစ်ဖက်နဲ့တစ်ဖက် အပြစ်တင်နေလို့ အဖြေထွက်မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဟာကို ကျွန်တော်တို့က မပေ့ဘဲနဲ့ အဲဒါကိုပိုပြီးတော့ ကောင်းမွန်တဲ့အနာဂတ်ကို ၀မ်းနည်းခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ နာကြည်းခဲပြင်းခြင်းတွေ ထဲက ဆွဲထုတ်လိုက်ပြီးလုပ်ဆောင်ဖို့ လိုပါတယ်။
ဒုတိယခံစားချက်က ပီတိဖြစ်တယ်။ ငြိမ်းချမ်းရေးဆိုတာ ပြောတိုင်းမလွယ်ဘူး။ တစ်ကယ်ခက်ခဲပါတယ်။ "မှ" "အပ" ဆိုတဲ့ စကားလုံး တစ်လုံးကြောင့် ကျွန်တော်တို့လက်မှတ်မထိုးနိုင်တဲ့ အနေအထားမျိုးရောက်သွားခဲ့ဖူးတယ်။
တတိယအချက်က စိုးရိမ်ပူပန်မှုပေါ့။ သမ္မတကြီး NCA မူကြမ်းကို လက်မှတ်ရေးထိုးတာ နိုင်ငံရေး ဆွေးနွေးပွဲကို စတင်ဖို့တံခါးဖွင့် တာပါပဲ ဆိုပြီးတော့ ပြောပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကို မူဘောင်လုပ်ရမယ့် အခန်းကြီးကလည်း မှောင်မည်းနေသေးတယ်။ မီးလည်းထွန်းရဦးမယ်။ ဆေးလည်းသုတ်ရဦးမယ်။ ကျွန်တော်တို့တိုင်းပြည်သားတွေက ခံခဲ့ရတာတွေများတော့ ဆွေးနွေးပွဲကို သုံးလလောက်နဲ့လုပ်ပြီး အဖြေထွက်ချင်တယ်။ သမ္မတက ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ပြောခဲ့ တာ လေးနှစ်ပြည့်တဲ့ ဒီနေ့မှာ လူတွေက မစောင့်နိုင်တော့ဘူး။ တစ်လအတွင်းမဖြစ်လို့၊ ဆယ့်ခြောက်လအတွင်း မဖြစ်လို့ဆိုပြီး ခက်ခဲတဲ့ ငြိမ်းချမ်းရေးကို ချက်ချင်းပဲ ရချင်တဲ့စိတ်ဖြစ်နေကြတယ်။

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်တဲ့နိုင်ငံသားအားလုံး ကိုယ့်ပန်းတိုင်ကို မျက်ခြည်မပြတ်ဘဲသွားနိုင်မှ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို လွယ်လွယ်ကူကူသွားနိုင်မှာ ဖြစ်ပါတယ်။

No comments:

Post a Comment