Sunday, April 5, 2015

သီတဂူစက္ခုဒါန ဆေးရုံတည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာနှင့် အလှူငွေ ပေးအပ်ပွဲကျင်းပ




ရန်ကုန် ဧပြီ ၅

သီတဂူစက္ခုဒါန ဆေးရုံတည်ဆောက်ရန် ပန္နက်တော်တင် မင်္ဂလာနှင့်အလှူငွေပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပဲခူးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ ဦးမင်းဆွေ၊ ပဲခူးတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးရဲမြင့်ထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းနှင့် တက်ရောက်လာသူများက မဒေါက်မြို့ ပန်းငွေရုံ တောရကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ  သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမနာ ဘိဝံသထံမှ ငါးပါးသီးလခံယူ ဆောက်တည်ကြပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့် နှင့် အလှူရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေသက်တို့က ဆရာတော် သံဃာတော်များထံ ပန္နက်တော်များ၊ ရွှေတူများနှင့် လှူဖွယ်များကို ဆက်ကပ်လှူဒါန်းကြရာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော် မူကြသည်။

ယင်းနောက် သီတဂူစက္ခုဒါန ဆေးရုံတည်ဆောက်မည့် မြေနေရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမြင့်၊ ဦးမင်းဆွေ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးစိုးပိုင်နှင့်ပဲခူး တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး ဦးရဲမြင့်ထွန်း တို့က မင်္ဂလာပန္နက်ရိုက် ပေးကြသည်။


ထို့နောက် ပြွန်တန်ဆာမြို့ ဇမ္ဗူအေးတောရ (အင်ဝိုင်း)ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယက ငွေကျပ်သိန်း ၅၀၀ နှင့်အလှူရှင်များ၏ လှူဒါန်းငွေကျပ်သိန်း ၁၅၀၀ စုစုပေါင်း ငွေကျပ်သိန်း ၂၀၀၀ အား အလှူရှင်များကိုယ်စား သီရိသုဓမ္မသိင်္ဂီ ဒေါ်ရွှေသက်က  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ပဲခူးမြို့ ကြခတ်ဝိုင်း ကျောင်းတိုက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဥေယျဓမ္မာ ဘိဝံသမှ ဩဝါဒကထာချီးမြှင့်ကာ ညောင်လေးပင်မြို့နယ် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ(သုဓမ္မာ) မင်္ဂလာသုခ ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတက ရေစက်ချ တရားတော် ချီးမြှင့်သည်။ 

No comments:

Post a Comment