Friday, April 3, 2015

ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၈ ရက်မြောက် နေ့ ကျင်းပ



နေပြည်တော် ဧပြီ ၃
ပြည်သူ့ လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၃၈ ရက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်သူ့ လွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပရာဖလမ်း မဲဆန္ဒနယ်မှ ဦးခွန်လိန်းက ပြည်ထောင်စု ဝန်ကြီးဌာနမှ ချမှတ်ပေးသည့် ခွင့်ပြု ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လမ်းတံတားများ၊ အဆောက်အဦများကို ပြည်နယ်အစိုးရထံ လွှဲအပ်ပြီး တင်ဒါစနစ်ဖြင့် လုပ်ကိုင်စေသော လုပ်ငန်းများနှင့် စပ်လျဉ်း၍ မေးမြန်းရာ သမ္မတ ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သိမ်းက ပြည်နယ်/ ခရိုင်/ မြို့နယ် တင်ဒါ ခေါ်ယူရေး လုပ်ငန်း ကော်မတီများမှ နိုင်ငံပိုင် သတင်းစာများတွင် လည်းကောင်း၊ အများ ပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် လည်းကောင်း ကြော်ငြာ၍ ပွင့်လင်း မြင်သာစွာ တင်ဒါခေါ်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း။

တင်ဒါ ခေါ်ယူမှုအပေါ် တင်ပြ လျှောက်ထား လာသည့် ကုမ္ပဏီများ၏ Profile Estimate အသေးစိတ် တွက်ချက်မှုများကို တင်ဒါ စိစစ် ရွေးချယ်ရေး ကော်မတီမှ ကုမ္ပဏီ တစ်ခုချင်း အလိုက် အသေးစိတ် စိစစ်ပြီး အမှန်တကယ် ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက်နှင့် အညီ ပြည်နယ်အစိုးရ အဖွဲ့မှ ဖွဲ့စည်း တာဝန် ပေးထားသည့် တင်ဒါခေါ်ယူရေး လုပ်ငန်း ကော်မတီ၊ တင်ဒါစိစစ် ရွေးချယ်ရေး လုပ်ငန်း ကော်မတီ၊ ကြမ်းခင်းဈေး တွက်ချက်ရေး ကော်မတီ၊ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီ အဆင့်ဆင့်ဖြင့် ရွေးချယ် ဆောင်ရွက်သည့် အပြင် တင်ဒါလုပ်ငန်း အပ်နှံသူ/ လုပ်ကိုင်သူများ ပြဿနာ မဖြစ်ပွားစေရန် ပြည်နယ်/ခရိုင်၊ မြို့နယ် ဆောက်လုပ်ရေး ကြီးကြပ်မှုနှင့် အရည်အသွေး စိစစ်ရေး ကော်မတီများမှ ကြီးကြပ် စစ်ဆေးရေးများ ဆောင်ရွက်လျက် ရှိပါကြောင်း။
ထို့အပြင် စာချုပ်ချုပ်ဆို ဆောင်ရွက်ရာတွင် စာချုပ်ပါ အချက်အလက်များကို တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများသို့ လည်းကောင်း၊ ပြည်နယ် အစိုးရအဖွဲ့နှင့် ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးများထံသို့ လည်းကောင်း ပေးပို့ထားပြီး ဖြစ်ပါသဖြင့် ဒေသခံ ပြည်သူများ အနေဖြင့် စာချုပ်ပါ အချက်အလက်များကို သိရှိလိုပါက တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများထံ၌ လည်းကောင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ရုံးများတွင် လည်းကောင်း၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးများတွင် ဆက်သွယ် တောင်းယူ ရရှိနိုင်ပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် မုဒုံမဲဆန္ဒနယ်မှ ဦးမြသိန်း၏ မော်လမြိုင် လေယာဉ်ကွင်းကို အဆင့် မြှင့်တင်ပြီး တစ်ပတ်လျှင် အထူး လေယာဉ်ပျံများ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြေးဆွဲနိုင်ရန် အစီအစဉ် ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က မော်လမြိုင် ဌာနခွဲ၏ ခရီးသည် ရရှိမှု အခြေအနေအရ စီးပွားရေး တွက်ခြေကိုက်မှု မရှိသည့် အတွက် မြန်မာ အမျိုးသား လေကြောင်း အနေဖြင့် မော်လမြိုင် ဌာနခွဲသို့ တစ်ပတ်လျှင် တစ်ကြိမ်သာ ပုံမှန် ပျံသန်း ပြေးဆွဲ သွားနိုင်မည် ဖြစ်ပြီး ခရီးသည် ပိုမိုတိုးတက် ရရှိပါက ခရီးစဉ်များ တိုးချဲ့ ပျံသန်း ပြေးဆွဲသွားမည် ဖြစ်ပါကြောင်း။
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် လေယာဉ် ခရီးစဉ်များ ပျံသန်း ပြေးဆွဲလျက် ရှိသော ပြည်တွင်း လေဆိပ်များတွင် ပုဂ္ဂလိက အခန်းကဏ္ဍ ပါဝင် ဆောင်ရွက်နိုင်ရေးနှင့် လေကြောင်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် စိတ်ပါ ဝင်စားသော ကုမ္ပဏီများသို့ Register of Interest (ROI) ခေါ်ယူထားခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ စိတ်ဝင်စားမှု ရှိသည့် လေဆိပ်များ အလိုက် တင်ဒါခေါ်ယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး အောင်မြင်သော တင်ဒါရှင်နှင့် ညှိနှိုင်း၍ မော်လမြိုင် လေဆိပ် ရေးဆွဲထားသည့် Master Plan အတိုင်း လေဆိပ် အဆင့် မြှင့်တင်ခြင်း၊ လေဆိပ် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လေဆိပ် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားစေမည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
အလားတူ ဒုတိယဝန်ကြီး ဦးဇင်ယော်က သထုံမြို့သည် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ပြီး သွားလာရ လွယ်ကူသည့် အနေအထားတွင် ရှိပါကြောင်း၊ အနာဂတ် ကာလတွင် လေကြောင်း သွားလာမှုများ ပိုမို ထွန်းကားလာပြီး လေယာဉ် ငယ်များ ပျံသန်း အသုံးပြုရန် လိုအပ်လာသည့် အချိန်တွင် သထုံ လေယာဉ်ကွင်းကို တိုးချဲ့ တည်ဆောက်ပြီး လေယာဉ်များ ဆင်းသက် ပျံသန်းနိုင်ရန် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ယခုအချိန်တွင် လေယာဉ်များ ဆင်းသက် ပျံသန်းရန် မဖြစ်နိုင်သေး သော်လည်း လိုအပ်သည့် အချိန်တွင် မြန်ဆန် အသုံးပြုနိုင်ရေး အတွက် လေယာဉ် ကွင်းကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်လက် ထိန်းသိမ်းထား ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ ဒေသ အာဏာပိုင်များနှင့် ညှိနှိုင်း၍ ထိန်းသိမ်းမှုများ ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်းဖြင့် သထုံ မဲဆန္ဒနယ်မှ ဦးစောဘသိန်း၏ မွန်ပြည်နယ် သထုံမြို့နယ်ရှိ လေယာဉ် ကွင်းကြီးအား ပြန်လည် ပြုပြင်ပြီး လေယာဉ် ပြန်လည် ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းအပေါ်တွင်လည်း ပြန်လည် ဖြေကြားခဲ့သည်။

No comments:

Post a Comment