Monday, March 30, 2015

အလုပ်ရှင်၊ အလုပ်သမားအကြား နားလည်မှုရှိစေရေး ကြီးကြပ်ရေးမှူးများ ကြိုးပမ်းသင့် အငြင်းပွားမှု ပြေလည်သည့် လုပ်ငန်းခွင်များကို မြင်တွေ့ရ


ရန်ကုန် မတ် ၂၉

အလုပ်ရှင်နှင့် အလုပ်သမားများအကြား အပြန်အလှန်နားလည်မှု ရရှိစေ ရေးအတွက် လုပ်ငန်းခွင် ကြီးကြပ်ရေးမှူးများ၏ အခန်းကဏ္ဍမှာ အလွန်အရေးကြီးသည့်အတွက် လုပ်ငန်းခွင်အပြင် လူမှုရေး၊ကျန်းမာရေး ပြဿနာများကိုပါ ထည့်သွင်းစဉ်းစားကာ မျှမျှတတဆောင်ရွက်စေလိုကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။


အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးသည် ပြီးခဲ့သည့်လက ဆန္ဒဖော်ထုတ်ခဲ့ကြသော ရွှေပြည်သာစက်မှုဇုန်ရှိ ကျောက်နီအထည်ချုပ်စက်ရုံနှင့် ဖို့ဒ်ဂလိုရီ အထည်ချုပ် စက်ရုံများသို့ အလုပ်သမားများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခြင်းနှင့်စပ်လျဉ်း၍ အလုပ် သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်များနှင့် မတ် ၂၈ ရက် နံနက်က တွေ့ဆုံခဲ့သည်။

ကျောက်နီအထည်ချုပ်စက်ရုံအလုပ်သမားများမှာ ဖေဖော်ဝါရီလတွင် လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်ကြပြီး အလုပ်သမားများ၏ ၉၆ ရာခိုင်နှုန်း ပြန်လည်လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ အလုပ်သမားများ၏ တောင်းဆိုချက်များ ကို တတ်စွမ်းသမျှ လိုက်လျောပေးခဲ့သည့်အတွက် ပထမဆုံး အဆင်ပြေသည့် စက်ရုံဖြစ်လာကြောင်း ကျောက်နီအထည်ချုပ်စက်ရုံမှ အလုပ်ရှင် ဂျပန်နိုင်ငံသား မစ္စတာမာကိုတိုက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက ကျောက်နီအထည်ချုပ်စက်ရုံမှ အလုပ်ရှင်၊ မန်နေဂျာနှင့် အလုပ်သမား ကိုယ်စားလှယ် များနှင့် တွေ့ဆုံပြီး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေခြင်းအပေါ် ဝမ်းမြောက်ကြောင်း၊ အခြေခံအလုပ်သမားအဖွဲ့အစည်းနှင့် အလုပ်ရှင်များအကြား ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် လုပ်ငန်းခွင်တည်ငြိမ်မှုနှင့် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေကြောင်း၊ ကြီးကြပ်ရေးမှူးနှင့် လိုင်းခေါင်းဆောင်များ သည် စက်ရုံ၏ ကုန်ထုတ်စွမ်းအားကို အဓိကမောင်းနှင်ရာတွင် အရေးပါခြင်းကြောင့် အလုပ်သမားများနှင့် နားလည်မှုရှိစွာဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပေးဆပ်သည့် လုပ်အားနှင့် ထိုက်တန်သည့် လုပ်အားခရရှိလာမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်မှုရှိသည်နှင့်အမျှ အရည်အသွေးမီအထည်များ ချုပ်လုပ်နိုင်မည် ဖြစ်ခြင်းကြောင့် စိတ်ထားကောင်းဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။
''အချိန်ပိုလုပ်အားခတွေပေးတာ၊ လုပ်ငန်းခွင်အဆင်ပြေအောင် ညှိနှိုင်းပေးတာတွေကို အလုပ်သမားတွေ ဘက်က ညှိနှိုင်းဖို့ တောင်းဆိုနိုင်ပါတယ်။ မတရားခံရတာမျိုးရှိလာရင်လည်း တိုင်ကြားပါ။ တရားစွဲဆိုနိုင် ပါတယ်။ အမှန် တရားအတိုင်းဖြစ်စေရမှာပါ။ ဥပမာပြောရရင် အချိန်ပိုကို တစ်ပတ်မှာ နာရီ ၂ဝခွင့်ပြုထားတာရှိပါတယ်။ မရရင် ကျွန်တော်တို့ဆီကို တိုင်ကြားနိုင်ပါတယ်'' ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း နိုင်ငံခြားတိုက်ရိုက်နှင့် သွယ် ဝိုက်ရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာချိန်တွင် ရွေးချယ်စရာအလုပ်အကိုင်၊ အခွင့်အလမ်းများသည် ပိုမိုများပြားလာနေကြောင်း၊ ယင်းအခြေအနေတွင် အလုပ်သမားများ ညှိနှိုင်းမှုအားနည်းပါက အလုပ်ရှင်များအတွက် စိန်ခေါ်မှု များဖြစ်လာနိုင်ကြောင်း၊ ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်းများနှင့် ဝန်ကြီး ဌာနတို့အပါအဝင် အဖွဲ့အစည်း အသီးသီးက အကောင်းဆုံး ဝိုင်းဝန်းအဖြေရှာ ပေးနေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားပြဿနာများ မကြာခဏ ဖြစ်ပွားနေပါက ရင်းနှီးမြှုပ်နှံသူများကို နောက်တွန့်စေနိုင်ကြောင်း၊ မကြာမီ ပေါ်ထွက် လာတော့မည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှာပင် အထည်ချုပ်စက် ရုံများစွာ ပါဝင်ကြောင်း၊ ကျွမ်းကျင်လုပ်သားများအတွက် အလုပ်အကိုင်မှာ ရွေးချယ်စရာကောင်းများအဖြစ် မကြာမီ မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်စွမ်းအားမြင့်မားစေခြင်းသည် မိမိတို့လုပ်ခလစာနှင့် အကျိုးစီးပွားအတွက် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီသဖွယ် ရပ်တည်နေခြင်းကို အလုပ်ရှင်များနှင့် အလုပ်သမားများ နားလည်စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဖို့ဒ်ဂလိုရီအထည်ချုပ် စက်ရုံသို့ သွားရောက်ပြီး အလုပ်သမားကိုယ်စားလှယ်များ၊ အလုပ်ရှင်နှင့် တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အငြင်းပွားမှု ပြေလည်ခဲ့ပြီးနောက် အေးချမ်းစွာ လုပ်ကိုင် ဆောင်ရွက်နေမှုကို တွေ့ရှိရကြောင်း၊ စက်ရုံ၏အသက်သည် အရည် အသွေးပေါ် မူတည်ကြောင်း၊ နှစ်ဦးနှစ်ဖက် ပွင့်လင်းမြင်သာသော ဆက်ဆံ ရေးကို ရှေးရှုကြောင်း၊ ဝယ်သူများမှာ မိမိတို့ စက်ရုံအပေါ် ယုံကြည်မှုတိုးပွားပြီး အမှာစာများ ပိုမိုရရှိနိုင်ရေးအတွက် အလုပ်သမားများ စွမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်သမားနှင့်အလုပ်ရှင်များအားလုံး လိုက်နာခြင်းဖြင့်ပျော်ရွှင်သည့် လုပ်ငန်း ခွင်ကို တည်ဆောက်စေ လိုကြောင်း မှာကြားသည်။

''အငြင်းပွားမှုပြီးခဲ့တာ တစ်လကျော်ပါပြီ။ ကျွန်မတို့တောင်းဆိုတာ အားလုံး မဟုတ်ပေမယ့် အလုပ်သမား ၈၅ဝ လောက် ပြန်ဆင်းနေပါပြီ။ စိုးရိမ်ပူပန်မှု အချို့တော့ ကျွန်မတို့ဆီမှာ ကျန်နေပါသေးတယ်။ အထည်တွေရဲ့ စံနှုန်း သတ်မှတ်ချက်တွေကို အလုပ်သမားလိုအပ်ချက်အရ အနည်းငယ်လျှော့ပေး စေလိုပါတယ်။ အထူးသဖြင့် ကျွန်မတို့တွေ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက် တဲ့အခါ Line တစ်ခုချင်းစီက အလုပ်သမားတွေကို ခွဲပစ်တာမျိုးလုပ်တယ်။ ကျွန်မတို့အလုပ်က စုပေါင်းအားနဲ့ ဆောင်ရွက်ကြရတာဖြစ်ပါတယ်။

တစ်ယောက်အထာကို တစ်ယောက်နားလည်ပြီး အပေးအယူမျှတနေမယ်ဆိုရင် လုပ်ငန်းဆောင်ရွက်ရာမှာ ပိုကောင်းပါတယ်။ အခုတော့ကျွန်မတို့ကို လူခွဲပြီး တာဝန်ပေးတဲ့အတွက် အခက်အခဲတွေဖြစ်တယ်။ တတ်နိုင်ရင် လူမခွဲစေချင်ဘူး'' ဟု ဂျပန်နိုင်ငံသားပိုင် ကျောက်နီအထည်ချုပ်စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက မြန်မာ့အလင်းသို့ ဖြေကြားသည်။

ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်းက စက်မှုဇုန်များအတွင်း စက်ရုံအချို့မှ အလုပ်သမားများနှင့် အလုပ်ရှင်များ အကြား အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ယခုအခါ နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုများဆောင်ရွက်ကာ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်နေခြင်းဖြစ်သည်။

No comments:

Post a Comment