နေပြည်တော် မတ် ၅
နိုင်ငံ့ဝန်ထမ်းများလစာကို အဆင့်အတန်းနှင့်လျော်ညီပြီး
လက်ရှိနေထိုင် စားသောက်စရိတ်နှင့် လိုက်လျောညီထွေမည့် လစာသို့ ပြင်ဆင်တိုးမြင့် သတ်မှတ်
ပေးသည့် အချိန်တွင် နိုင်ငံတော်၏ ဘတ်ဂျတ်အသုံးစရိတ် တိုးလာခြင်းကြောင့် ဗဟိုဘဏ်က ငွေကြေးထုတ်ဝေဖြည့်ဆည်းပေးရပါက
ငွေကြေးပမာဏ ငွေကြေး ဖောင်းပွမှုတိုးလာမည်ဖြစ်ပါကြောင်းဖြင့် မြန်မာနိုင်ငံတော်ဗဟို
ဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦး က လှိုင်မဲဆန္ဒနယ်မှ
ဒေါက်တာဝင်းမြင့်၏ မေးခွန်းအပေါ် ဖြေကြား သည်။
ဒေါက်တာဝင်းမြင့်က နိုင်ငံ့ဝန်ထမ်းများ လစာကို
ပြင်ဆင်သတ်မှတ် တိုးမြှင့် သတ်မှတ်ပေးရာတွင် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်း
တက်ခြင်း၊ ငွေကြေးဖောင်းပွခြင်း ကိစ္စများ ဖြစ်ပေါ်လာနိုင်ခြင်းမရှိအောင် စီမံချက်များဖြင့်
ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို ယနေ့ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် (၁၂)
ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့တွင် မေးမြန်းခဲ့ ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌက ဝင်ငွေတိုးလာသောကြောင့်
စားသုံးမှုတိုးမြင့်လာ မည်ဖြစ်၍ ဝယ်လိုအားများလာခြင်းအတွက် လုံလောက်သော ရောင်းလိုအားမရှိပါက
တိုက်ရိုက်အကျိုးဆက်အနေဖြင့် ဝယ်လိုအားမြင့်တက်မှုကြောင့်ဖြစ်ပေါ်သော ငွေကြေး ဖောင်းပွမှုတိုးလာမည်ဖြစ်ပါကြောင်း၊
နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ခများတိုး လာခြင်း ကြောင့် ပုဂ္ဂလိကကဏ္ဍနှင့် အခြားကဏ္ဍများ၏ လစာ၊
လုပ်ခများလည်း ထပ်မံတိုးမြင့် လာမည်ဖြစ်၍ ထုတ်လုပ်မှုစရိတ် တိုးမြင့်လာပြီး ငွေကြေး
ဖောင်းပွမှုနှုန်းတိုးလာ နိုင်ပါကြောင်း၊ သွင်းကုန်တင်သွင်းလိုမှုများ တိုးမြင့်လာပြီး
ပြည်ပငွေပေးငွေယူရှင်းတမ်း ၏ သာမန်စာရင်းပိုင်းလိုငွေမြင့်တက်နိုင်ပြီး မြန်မာကျပ်ငွေ
တန်ဘိုးကျဆင်းမှုကြောင့် ငွေကြေးဖောင်းပွမှုနှုန်း ထပ်မံမြင့်မားနိုင်ပါကြောင်း။
နိုင်ငံတော်၏ ဘတ်ဂျတ်လိုငွေပြမှုကို ထိန်းချုပ်နိုင်ရန်အတွက်
ဘတ်ဂျတ် လိုငွေနှင့် ဂျီဒီပီကို ၅ ရာခိုင်နှုန်းထက် မကျော်လွန်စေရန် ထိန်းညှိဆောင်ရွက်လျက်ရှိပြီး
ဘတ်ဂျတ်လိုငွေလျော့နည်းလာကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခံစားနိုင် စေရန်
စီမံကိန်းနှင့် ဘတ်ဂျတ်တွင် အပြန်အလှန်ထိန်းကျောင်းခြင်းဖြင့် ဆောင်ရွက် လျက်ရှိပါကြာင်း၊
နောင်ကာလများတွင် လူတစ်ဦးချင်းဝင်ငွေစုဆောင်းမှုစနစ် ထူထောင်၍ အလုပ်ရှင်နှင့် အလုပ်သမားပါဝင်ထည့်ဝင်ခြင်းဖြင့်
နိုင်ငံ့ဝန်ထမ်းများနှင့် ပုဂ္ဂလိက ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာများ
နေထိုင်နိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် မိသားစုလူနေမှု ဘဝမြှင့်တင်ရေးအတွက် အကောင်အထည်ဖော်
ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်းဖြင့် ပြောကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြည်ပမှ တင်သွင်းသော အခြေခံစားကုန်၊ လူသုံးကုန်ပစ္စည်းများ၏
ဈေးနှုန်း အတက်အကျသည် ပြည်ပတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းပြောင်းလဲမှုအခြေအနေ၊ ငွေလဲနှုန်းအခြေအနေ၊
ပြည်ပမှတင်သွင်းသော ပမာဏနှင့် ပြည်တွင်းမှ ဝယ်လိုသော ဝယ်လိုအားအပေါ်တွင် မူတည်နေပါကြောင်း၊
ထို့အပြင် ကောလာဟလ သတင်းများ၊ မမှန်မကန် သတင်းများကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊
နိမ့်ကျမှုဖြစ်ပေါ်နိုင်ပါကြောင်း။
မိမိတို့အနေဖြင့် ပြည်တွင်းထုတ်လုပ် စိုက်ပျိုးသော
ကုန်ပစ္စည်းများ၊ ပြည်ပမှ တင်သွင်းသော ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုမဖြစ်စေရန်
လိုအပ်သည့် ဆောင် ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
ဆက်လက်ပြီး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါ်လဲ့လဲ့သိန်းက လစာထပ်ဆင့် တိုးမြှင့်ပေးမှုကြောင့် နောက်ဆက်တွဲ ကုန်ဈေးနှုန်း
တက်ခြင်း၊ ငွေကြေးဖောင်းပွမှုဖြစ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါကြောင်း၊ လစာတိုးလာသည့်အခါ
စားသုံးမှုလည်း တိုးလာမည်ဖြစ်ပါကြောင်း၊ တိုးတက်လာသည့် စားသုံးမှုအတွက် နေ့စဉ်အသုံးစရိတ်များ
တိုးတက်လာပါကြောင်း၊ ထိုသို့ပြောင်းလဲမှု များကြောင့် ကွာဟမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊
ကုန်ပစ္စည်းများကို အကျိုးအမြတ်ရ ယူလို၍ စုဆောင်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများကလည်း
လူသားများ၏ အပြုအမူနှင့် သက်ဆိုင်သည့်အတွက် ထိန်းချုပ်နိုင်ရန်ခက်ခဲပါကြောင်း၊ ကြိုတင်ကာကွယ်သည့် အနေဖြင့် ကုန်ပစ္စည်းများ ဝယ်ယူစုဆောင်းခြင်းသည်
လူတန်းစားအလွှာတိုင်းတွင် ရှိသည့်အတွက် ထိန်းချုပ်ရန်ခက်ခဲပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်
သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဝိုင်းဝန်ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်
ဖြေကြား သည်။
ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း
က ငွေဖောင်းပွမှုကို fiscal policy ဘဏ္ဍာရေးမူဝါဒ ရှုထောင့်မှ ကာကွယ်ရန် ပထမ နည်းလမ်းသည်
နိုင်ငံတော်၏ အသုံးစရိတ် လျှော့ချခြင်းပင်ဖြစ်ပါကြောင်း၊ ထိုသို့ အသုံးစရိတ် လျှော့ချရာတွင်
သာမန်အသုံးစရိတ်သည် ဝန်ထမ်းများလစာ ပါဝင်နေမှု ကြောင့် လျှော့ချ၍မရပါကြောင်း၊ ငွေလုံးငွေရင်း
အသုံးစရိတ်ကို လျှော့ချလျှင် ထိရောက်မှုရှိနိုင်ပါကြောင်း။
ငွေကြေးဖောင်းပွမှုကို ထိန်းသည့် အခြား
Fiscal Tool မှာ အခွန်တိုးကောက် ခံခြင်းဖြစ်ပါကြောင်း၊ အခွန်တိုးကောက်ခံရာတွင် အခွန်နှုန်းကို
မြှင့်ခြင်းနှင့် အခွန် လေလွင့်မှုကို လျှော့ချခြင်းဟူ၍ နှစ်မျိုးရှိပါကြောင်း၊ အခွန်နှုန်းထား
မြှင့်တင်ခြင်းကို ပြည်သူများ ကြိုက်နှစ်သက်ခြင်းမရှိသည့်အတွက် မည်သည့်နိုင်ငံမျှ
လုပ်လေ့လုပ်ထ မရှိပါကြောင်း၊ ထို့ကြောင့် အခွန်လေလွင့်မှုများ လျော့နည်းအောင် လုပ်သည့်နည်းလမ်း
များကို နိုင်ငံတကာတွင် သုံးလေ့ရှိပါကြောင်း၊ အခွန်ရှောင်မှုများကို ဖော်ထုတ်ပြီး အခွန်အခြေခံ
Tax Base ကို ချဲ့ခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် ငွေကြေးဖောင်းပွမှုကို ထိန်းရန်အတွက်
ဘဏ္ဍာရေးဝန်ကြီးဌာန အနေဖြင့် အသုံးစရိတ်လျှော့ချခြင်းနှင့် အခွန်အခြေခံချဲ့ထွင်ခြင်း
နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က “ဝန်ထမ်းတွေကို
လစာတော့ တိုးပေးလိုက်တယ်။ သို့သော်လည်း ဝန်ထမ်းလစာ တိုးပေးလိုက်တာနဲ့ ကုန်ဈေးနှုန်း
တက်တယ်ဆိုတာဖြစ်သွားရင် ဝန်ထမ်းတွေအနေနဲ့ လစာတိုးလည်း မထူးခြားဘူး။ ဝန်ထမ်းတွေ လစာတိုးတာနဲ့
ပြည်သူတွေအတွက်လည်း ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေ ချင်တာကြောင့် မေးမြန်းခြင်းဖြစ်ပါတယ်။
ဒီနေ့ ဝန်ထမ်းတွေ လစာတိုးမယ်ဆိုရင် အစဉ်အလာအားဖြင့်
ဖြစ်ခဲ့တာက ကုန်ဈေးနှုန်းတက်မယ်ဆိုတဲ့ ယုံကြည်ချက်ဖြစ်နေတယ်။ နိုင်ငံ့ဝန်ထမ်းတွေရဲ့
လစာမှာ အနိမ့်ဆုံးလစာကနေ အမြင့်ဆုံးလစာအဆင့်ဆင့်ရှိတယ်။ ဝန်ထမ်းတွေရဲ့ အနိမ့်ဆုံး လစာ၊
အစိုးရအရာရှိငယ်တွေရဲ့ လစာဆိုရင်လည်း အပြင်ပုဂ္ဂလိက လုပ်ငန်းမှာ ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေရဲ့
ဝင်ငွေနဲ့ ကွာခြားမှုမရှိပေမယ့် နည်းနည်း တော့ ကွာဟနေသေးတယ်။ သူတို့ရဲ့ ဝင်ငွေနဲ့ အဆင့်အတန်းနဲ့
လျော်ညီမှု မရှိတာကြောင့် တာဝန်တွေကို ထမ်းဆောင်တဲ့အခါ အခက်အခဲတွေ ရှိပါတယ်။ ဝန်ထမ်းအရာရှိတွေရဲ့
လစာတွေက ၂ သိန်း ၈ သောင်းလောက် ရတဲ့အချိန်မှာ အပြင်ပုဂ္ဂလိက ဝန်ထမ်းတွေရဲ့ လစာက များနေတာကို
နှိုင်းယှဉ်တွေ့ရတယ်။ ဒါမျိုးကျတော့ သဘာဝမကျဘူးပေါ့။ မလိုလားအပ်တဲ့ အဂတိလိုက်စားမှုတွေကို
ဖြစ်လာနိုင်ဖို့ တွန်းအားပေးသလိုဖြစ်တယ်။ ဝန်ထမ်းတွေရဲ့လစာတိုးတဲ့အခါမှာလည်း အပြင်က
ပုဂ္ဂလိကဝန်ထမ်းတွေ ရတဲ့ လစာထက် ပိုပြီး တိုးပေးတာ မျိုးပြောတာမဟုတ်ပါဘူး။ လက်ရှိပုဂ္ဂလိက
ဝန်ထမ်းတွေနဲ့ အရည်အချင်းတူရင် တူညီတဲ့ ဝင်ငွေရရှိနိုင်အောင် တစ်ပြေးတည်းဖြစ်အောင်
ပြန်လည်ထိန်းညှိပေးဖို့ တင်ပြခြင်းဖြစ်ပါတယ်” ဟု ၎င်း၏တင်ပြချက်နှင့်ပတ်သက်၍
ပြောပြသည်။
ရေးမဲဆန္ဒနယ်မှ ဒေါ်မိမြင့်သန်းက “ လွှတ်တော်ကဏ္ဍမှာ
ဝန်ထမ်းတွေ လစာတိုးမြှင့်ဖို့အတွက် ပြဋ္ဌာန်းစေချင်တယ်။ တိုးလည်းတိုးမြှင့် စေချင်တယ်။
အစိုးရကဏ္ဍမှာ ကျတော့လည်း သူ့အခက်အခဲနဲ့ သူရှိနေတယ်။ ပုဂ္ဂလိကဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းတွေ
နှိုင်းယှဉ်ရင် အစိုးရဝန်ထမ်းက များတယ်။ ဒီလိုဦးရေများတဲ့အခါ တကယ်လို့ ပုဂ္ဂလိကဝန်ထမ်းတွေ
နှုန်းထားတစ်ခုနဲ့တိုးလို့ရှိရင် အစိုးရအနေနဲ့ အခက်အခဲမြောက်မြားစွာဖြစ်ပေါ်လာနိုင်တဲ့
အနေအထားတွေကြောင့် ဘက်ညီအောင် ပြန်လည်ထိန်းညှိစေချင်တယ်။ သင့်တော်တဲ့နှုန်းထားဖြစ်စေချင်တယ်။
အားလုံးအတွက် ကောင်းစေချင်တယ်” ဟု သုံးသပ်ဆွေးနွေးသည်။(သတင်းစဉ်)
No comments:
Post a Comment