Monday, March 2, 2015

စားနပ်ရိက္ခာ လုံခြုံစိတ်ချရပြီး နိုင်ငံတကာဈေးကွက်တင်ပို့နိုင်ရေး ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ပေးပို့သော ၂၀၁၅ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ
ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား
ယနေ့အချိန်အခါသမယသည် နိုင်ငံတော် တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား အထူးအလေးအနက် ဂုဏ်ပြုသတ်မှတ် ထားရှိသည့် သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။ ဤကဲ့သို့ အစဉ်အလာကြီးမားသော မင်္ဂလာ ရက်မြတ် အချိန်အခါသမယ တွင် တောင်သူလယ်သမားများအားလုံး ကိုယ်စိတ်နှစ်ဖြာ
ကျန်းမာချမ်းသာခြင်းအပေါင်းနှင့် ပြည့်စုံကြလျက်၊ ကောင်းကျိုးမင်္ဂလာ အဖြာဖြာတို့နှင့် ပြည့်စုံကြပြီး၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဆတက်ထမ်းပိုး ပိုမိုတိုးတက် ဖြစ်ထွန်းအောင်မြင်ကြ ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သ အပ်ပါသည်။
ယနေ့အချိန်ကာလသည် မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ပြည်သူလူထုမှ ကိုယ်တိုင်ပါဝင်ဆန္ဒပြုကြပြီး ရွေးချယ် တင်မြှောက် ခဲ့သော ပါတီစုံဒီမိုကရေစီစနစ်အရ ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့မှ စတင်ဖွဲ့စည်းပြီး တာဝန်ယူခဲ့သည့် အစိုးရသစ်၏ သက်တမ်းကာလ(၄)နှစ် ပြည့်မြောက်သော အချိန်အခါသို့ ချင်းနင်းဝင်ရောက်နေပြီ ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အဓိကရည်မှန်းချက် တာဝန်ဖြစ်သော တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို ဦးတည်ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ (၄)နှစ်ကာလအတွင်း ရေရှည် အမျိုးသားရေး အကျိုးစီးပွားကို ရှေးရှု၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းတာဝန်များအား လုပ်ငန်းစဉ်(၈)ရပ် ရေးဆွဲ အကောင်အထည်ဖော်လျက် ရှိပါသည်။ နိုင်ငံ၏ လူဦးရေ(၇၀)ရာခိုင်နှုန်းသော ကျေးလက်နေ တောင်သူလယ်သမားများ၏ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကထားပြီး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ ထင်ရှားမြင် သာသော အောင်မြင်မှုများ အထိုက်အလျောက် ရရှိခဲ့ပြီး ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် တောင်သူလယ်သမားထုအား ကိုယ်စားပြုသော လယ်ယာကဏ္ဍကို အဓိက အားထားနေ ရသည့် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ် အရင်းအနှီး အထောက်အကူဖြစ်စေရန် သင့်တင့်သော ချေးငွေများ အကူအညီပေးရေး၊ လယ်ယာ ထွက်ကုန်များ ရောင်းချရာတွင် သင့်တင့်မျှတသော ဈေးနှုန်းနှင့် ခိုင်မာသောဈေးကွက် ရရှိရေး၊ နည်းပညာ သွင်းအားစုနှင့် ထုတ်လုပ်မှု လုပ်ငန်းများ လွယ်ကူအဆင်ပြေစေရေး၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်နစ်နာမှု များအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးနိုင်ရေးနှင့် လုပ်ကွက်ငယ် တောင်သူလယ်သမားများ အကျိုးငှာ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေနှင့် နည်းဥပဒေများအား ရေးဆွဲ အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါသည်။
ယခင်က သဘာဝမိုးရေကိုသာ မှီခိုအားထားပြီး စိုက်ပျိုးကြရသည့် လယ်မြေများကို ဆည်ရေသောက်စနစ်များ တည်ထောင်ပေးနိုင်ခြင်းအားဖြင့် မူလက တစ်သီးပင်လျှင် မသေချာသည့် အခြေအနေမှ သီးထပ်သီးညှပ်များ ပိုမိုတိုးတတ် စိုက်ပျိုးနိုင်ကြမည် ဖြစ်သည့်အတွက် လယ်ယာကဏ္ဍမှ အလုပ်အကိုင် အခွင့်အလမ်းများနှင့် တောင်သူလယ်သမားများ၏ ဝင်ငွေ ပိုမိုတိုးတက် ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။
ယခင် အစိုးရအဆက်ဆက်ကာလ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဆည်တာတမံကြီးများ၊ မြစ်ရေတင် စီမံကိန်းကြီးများ၊ ပိုမို၍ ထိရောက်အကျိုးရှိစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် ထိန်းသိမ်းမွမ်းမံ လုပ်ဆောင်ခြင်း အပါအဝင်၊ မပြီးပြတ်သေးသော စီမံကိန်းလုပ်ငန်းကြီးများ၊ ရေပေးမြောင်းစနစ်များအား  ရာနှုန်းပြည့် ပြီးစီးရေးအတွက် မျက်ခြည်မပြတ် မူလစီမံကိန်းအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
ထို့အပြင် မိရိုးဖလာစနစ် လယ်ကွက်ငယ်များကို ခေတ်မီအဆင့်မြင့် စက်မှုလယ်ယာစနစ် ဧကကွက်၊ ဟက်တာကွက်များ အဖြစ်သို့ လယ်ယာမြေ အဆင့်မြှင့်တင် ဖော်ထုတ် ကူးပြောင်းပေးနိုင်ရေးအတွက်၊ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေကို ဗဟိုပြုပြီး ပြည်ထောင်စုတစ်ဝန်းလုံး ပျံ့နှံ့ အကောင်အထည်ဖော်နိုင်ရေးအတွက် ရေတိုရေရှည် စီမံကိန်းများ ရေဆွဲကြိုးပမ်းလျက် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ဖော်ဆောင်ပေးလျက် ရှိနေပါသည်။
စိုက်ပျိုးသီးနှံများ၏ အရည်အသွေးနှင့် တစ်ဧကအထွက်နှုန်း ပိုမိုတိုးတက်လာစေရေးအတွက်၊ စိုက်ပျိုးရေး ပညာရှင်များ အနေဖြင့် သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ တီထွင်ကြံဆပြီး၊ တောင်သူလယ်သမားများ၏ လက်ဝယ်အရောက် လေ့ကျင့်ပညာပေးခြင်း လုပ်ငန်းများအား တောင်သူလယ်သမားများနှင့်အတူ လက်ချင်းတွဲပြီး၊ ကြိုးပမ်းဆောင်ရွက် နေကြသည်မှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများ အခိုင်အမာ တည်ဆောက်ပေး နေခြင်း ဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း မြို့နယ်တိုင်း၊ ကျေးရွာတိုင်းတွင် တောင်သူပညာပေး စံနမူနာပြစိုက်ကွင်းများ ထူထောင်စိုက်ပျိုးပြသပြီး တစ်နိုင်ငံလုံး ပျံ့နှံ့အောင် အကောင်အထည်ဖော်ခြင်း လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးတွင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါသည်။
နိုင်ငံတော်၏ အဓိက စားသုံးသီးနှံဖြစ်သော စပါးသီးနှံ အပါအဝင် ဝင်ငွေရ သီးနှံအမယ်အလိုက် အရည်အသွေးများ တိုးတက်မြင့်မားရေးနှင့် တစ်ဧက အထွက်နှုန်းများ ထိထိရောက်ရောက် တိုးတက်လာစေရေးအတွက်၊ စိုက်ပျိုးရေး ပညာရှင်များ၏ အဆင့်မြင့် ခေတ်မီ နည်းပညာစွမ်းအားဖြင့် စပ်မျိုးစပါး၊ စပ်မျိုးပြောင်း၊ စပ်မျိုးနေကြာ၊ စပ်မျိုး ဟင်းသီးဟင်းရွက် မျိုးစေ့များကို ခေတ်မီ မျိုးစေ့ထုတ် နည်းပညာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်လျက် ရှိနေပါသည်။
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော မျိုးကောင်းမျိုးသန့် မျိုးစေ့များထုတ်လုပ် ဖြန့်ဖြူး ပေးနိုင်ရေးလုပ်ငန်းကို ပုဂ္ဂလိက အခန်းကဏ္ဍမှ ပိုမိုတိုးတက် ပါဝင်ဆောင်ရွက်လာလျက် ရှိနေသည်မှာ တောင်သူ လယ်သမားများအတွက် အလားအလာကောင်းများအဖြစ် အားရဖွယ် မြင်တွေ့နေရပြီဖြစ်ပါသည်။
စိုက်ပျိုးရေးထွက်ကုန်များ ဈေးကောင်းရရှိရေးနှင့် အခြေခံ စိုက်ပျိုးထုတ်လုပ်ကြသည့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက် ရရှိနိုင်ရေးအတွက်၊ အဓိက အခြေခံ လိုအပ်ချက်ဖြစ်သည့် ခိုင်မာသောဈေးနှုန်းဖြင့် ရောင်းချနိုင်မည့် ပြည်တွင်း ပြည်ပ ဈေးကွက် နေရာရရှိနိုင်ရေး အချက်ပေါ်တွင်၊ ယခင်က စိုက်ပျိုးရေး ထုတ်ကုန် သီးနှံများကို  ကုန်ကြမ်းအဆင့် အနေဖြင့်သာ တင်ပို့ရောင်းချ ခဲ့သည့် အနေအထားမှ တန်ဖိုးမြင့် ထုတ်ကုန် ကုန်ချောများအဖြစ်သို့ အဆင့်မြှင့်တင်ထုတ်လုပ်ပြီး၊ နိုင်ငံတကာ ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ ရောင်းချနိုင်ရေးအတွက် ခေတ်မီ အဆင့်မြင့် ဆန်စက်နှင့် ဆီစက်များ၊ အဆင့်မြင့် သစ်သီးဝလံ သန့်စင်စက်နှင့် ခေတ်မီ ထုပ်ပိုးစက်များဖြင့် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး လုပ်ငန်းစဉ်ကိုလည်း အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း ကျယ်ပြန်စွာ ဖြန့်ကြက်တည်ရှိ နေထိုင်နေကြသည့် လူများစုဖြစ်သော လုပ်ကွက်ငယ် တောင်သူ လယ်သမားများ ၏အားကို လယ်ယာထုတ်ကုန် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းထူထောင်ပြီး၊ “မျိုးစေ့ချ စတင် စိုက်ပျိုးသည့် အဆင့်” မှ “ဈေးကွက်သို့ တင်ပို့ ရောင်းချသည့် အဆင့်ထိ” လုပ်ငန်းစဉ် အဆင့် အားလုံးတွင် တောင်သူလယ်သမားများ လက်တွေ့ ပါဝင်လုပ်ဆောင်ခွင့်ရရှိပြီး အလုပ်အကိုင် အခွင့်အလမ်းနှင့်အကျိုးကျေးဇူးများ ခံစားခွင့် ရရှိရေးအတွက် “သမဝါယမ ကဏ္ဍ”မှ ထိရောက်စွာ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေသည်ကို တွေ့မြင်ကြ ရမှာဖြစ်ပါသည်။
တောင်သူလယ်သမားများ ရာသီအလိုက် တစ်ရာသီပြီး တစ်ရာသီ စိုက်ပျိုးထုတ်လုပ် ထွက်ရှိလာသော သီးနှံများအပေါ် ခိုင်မာသော ဈေးနှုန်းနှင့် ဝင်ငွေ ပိုမို တိုးတက်ရရှိနိုင်မည့် ပြည်တွင်းပြည်ပမှ ခိုင်မာသော ဈေးကွက် နေရာရရှိရေးသည် အခြေခံ လိုအပ်ချက်တစ်ခု ဖြစ်ခြင်းကြောင့် လယ်ယာထွက်ကုန် သီးနှံများကို ဈေးပြိုင်စနစ်ဖြင့် ရောင်းချသည့် စနစ်ဖြစ်သော နိုင်ငံတကာ အဆင့်မီ “လက်ကား ဈေးကွက်” “Wholesale Market” များ ပေါ်ပေါက်လာရေး အတွက်လည်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိနေပြီ ဖြစ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်ဖြစ်သော ခေတ်မီ စိုက်ပျိုးနည်းပညာများ တောင်သူလက်ဝယ် အရောက် အလွယ်တကူရောက်ရှိရေး ပညာပေး လုပ်ငန်းအပါအဝင် သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးဆိုင်ရာ သတင်းအချက်အလက် များဖြစ်သည့် ရာသီဥတုဆိုင်ရာ သတင်းအချက်အလက်များနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ တောင်သူလယ်သမားကြီးများ သိရှိအသုံးချနိုင်ရေး အပါအဝင် တောင်သူလယ်သမားများ၏ စိတ်လက် အပန်းဖြေ အနားယူမှုကို အထောက်အပံ့ ဖြစ်စေမည့် လယ်ယာကဏ္ဍဆိုင်ရာ သတင်းများ၊ ပညာပေးနှင့် ဖြေဖျော်ရေး အစီအစဉ်များ ကဏ္ဍစုံပါဝင်သော “တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း (Farmer Channel)” အစီအစဉ်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးလျက် ရှိနေပြီ ဖြစ်ပါသည်။
နိုင်ငံနှင့်အဝန်း တောင်သူလယ်သမားကြီးများကို ဂုဏ်ပြုသောအားဖြင့် ဂီတပညာရှင်များ ရေးစပ်သီကုံးသော တောင်သူ လယ်သမား ဂုဏ်ပြုတေးသီချင်းပြိုင်ပွဲများကို အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပ ပြုလုပ်ပေးလျက် ရှိနေပါသည်။

ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-
လူသားတိုင်း၏ နေ့စဉ်ဘဝတွင် အဓိကလိုအပ်ချက်ဖြစ်သည့် စားရေး၊ ဝတ်ရေး နေရေးဆိုင်ရာ အခြေခံ လိုအပ်ချက် များအနက် နေ့စဉ် မရှိမဖြစ် အဓိက လိုအပ်ချက်ကြီးမှာ “စားရေရိက္ခာနှင့် အဟာရ” လိုအပ်ချက် ဖြစ်ပါသည်။ ကမ္ဘာကြီး၏ အရွယ်အစားကို တိုးချဲ့ပြောင်းလဲရန် မဖြစ်နိုင်သော်လည်း ကမ္ဘာ့လူဦးရေမှာ နေ့စဉ် တိုးတက်လျက်ရှိရာ  လက်ရှိ ယနေ့ လူဦးရေ သန်းပေါင်း (၇၀၀၀) ကျော်မှာ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သန်းပေါင်း (၉၀၀၀) ရှိလာမည် ဖြစ်သည့်အတွက် လိုအပ်လာမည့် စားရေရိက္ခာကို ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်ကြရမည် ဖြစ်ပါသည်။
ကမ္ဘာကြီး ပူနွေးလာနေမှုနှင့် တစ်ဆက်တည်း ကမ္ဘာ့ရာသီဥတု၏ ပြင်းထန်စွာ ပူပြင်းခြောက်သွေ့ခြင်း၊ လွန်ကဲစွာ မိုးသည်းထန်ခြင်း၊ အအေးလွန်ခြင်းကြောင့် ဆီးနှင်းကျခြင်း၊ လေမုန်တိုင်းများ တိုက်ခတ်ခြင်း၊ ငလျင်ကြီးများ လှုပ်ခြင်း၊ ဆူနာမီလှိုင်းများ ကျရောက်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်ကြီးများ ကြုံတွေ့ပါက စားရေရိက္ခာ မလုံလောက်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရေး အတွက် နိုင်ငံတိုင်း အလေးထား ထည့်သွင်း စဉ်းစား၍ ဆောင်ရွက်နေကြလျက် ရှိပါသည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည်လည်း လာမည့် မကြာတော့မည့် နှစ် အနည်းငယ်အတွင်း တိုးပွားလာမည့် လူဦးရေ သန်း (၁၀၀) ကျော်အတွက် နိုင်ငံ၏ စာရေးရိက္ခာ လုံခြုံစိတ်ချမှု ရှိရုံသာမက နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုးတိုးတက် တင်ပို့ရောင်းချနိုင်ရေး ရည်မှန်းချက်ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို ဘက်ပေါင်းစုံမှ အရှိန်အဟုန် မြှင့်တင် အားပေးဆောင်ရွက် လျက် ရှိပါသည်။
မိမိတို့ နိုင်ငံ၏ သဘာဝ မြေသယံဇာတ၊ ရေသယံဇာတ ပေါကြွယ်ဝမှုနှင့် စိုက်ပျိုးရေးအတွက် အလွန်ကောင်းမွန်သော သဘာဝမှ ပေးသည့် ရာသီဥတု အခြေအနေကောင်းများနှင့် အလွန်ရိုးသား ဖြူစင်ကြပြီး၊ အလွန်အလုပ် ကြိုးစားကြသည့် တောင်သူလယ်သမားတို့၏ အင်အားဖြင့် လယ်ယာကဏ္ဍ အပါအဝင် နိုင်ငံတော်၏ အမျိုးသားရေး အကျိုးစီးပွား ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်၍ ကြိုးပမ်းဆောင်ရွက်ကြရမည့် အချိန်အခါကောင်း ဖြစ်ပါသည်။
အခြေအနေ အချိန်အခါကောင်းကို အထိရောက်ဆုံး၊ အကျိုးရှိဆုံး၊ အသုံးချ အကောင်အထည်ဖော်ရာတွင် အိမ်နီးချင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံများနှင့် ယှဉ်ပြိုင်ရင်ပေါင်တန်းနိုင်ရန် ကိုယ်ကိုယ်တိုင် ကြီးပွားအောင်မြင် လိုစိတ်ဖြင့် ကိုယ်တိုင် ပါဝင် ကြိုးစားလုပ်ဆောင်ကြရန် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ ခေတ်မီ ဆည်ရေသောက် လယ်ယာမြေစနစ်သို့ ပြောင်းလဲခြင်း၊ သမားရိုးကျ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲခြင်း၊ မိရိုးဖလာ မျိုးစေ့များအစား အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့် မျိုးစေ့များ ပြောင်းလဲအသုံးပြုခြင်း၊ သီးနှံစိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရေး ပညာပေးဆောင်ရွက်ခြင်း၊ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်မည့် အဆင့်မြင့် လယ်ယာထွက်ကုန်များ၊ အဆင့်မြင့် အရည်အသွေးကောင်း တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ထိထိရောက်ရောက် တိုးမြှင့် ဆောင်ရွက်နိုင်ကြမှသာလျှင် လယ်ယာကဏ္ဍကြီး တစ်ခုလုံး ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော် နိုင်မည် ဖြစ်ပါသည်။
ချစ်ကြည်လေးစားအပ်ပါသော တောင်သူလယ်သမားကြီးများ ခင်ဗျား-
နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံသားအားလုံးတို့၏ အခြေခံ လိုအင်ဆန္ဒ အစစ်အမှန်ဖြစ်သော အေးချမ်းသာယာပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား အရှိန်အဟုန်မြှင့်တင် တည်ဆောက် အကောင်အထည်ဖော် နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ကြံဆရှာဖွေ ကြိုးပမ်းဆောင်ရွက်လျက် ရှိနေပါသည်။
ပြည်ထောင်စု တစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ အပါအဝင် နိုင်ငံသားအားလုံး၏ ရေရှည် အမျိုးသားရေး အကျိုးစီးပွား အတွက် “တစ်လှေတည်းစီး၊ တစ်ခရီးတည်း အတူသွား ခရီးသွားဖော်” များအဖြစ် ရှေ့တွင် ကြုံတွေ့ ရင်ဆိုင်ကြရမည့် စိန်ခေါ်မှုများနှင့် အတားအဆီးများ၊ အခက်အခဲ မှန်သမျှတို့ကို “အေးအတူတူ၊ ပူအမျှ” အတူတကွ လက်တွဲ ရင်ဆိုင်ကျော်ဖြတ်ကြပြီး ရည်မှန်းချက်ပန်းတိုင်သို့ အရောက် ချီတက်ကြပါစို့ဟု အလေးအနက် တိုက်တွန်း အပ်ပါသည် ခင်ဗျား။


No comments:

Post a Comment