Wednesday, February 18, 2015

ဒုတိယဝန်ကြီး ဦးပိုက်ထွေး မော်လမြိုင်မြို့ရှိ ကိုယ်ပွား သတင်းစာတိုက် ကြည့်ရှုစစ်ဆေး





နေပြည်တော် ဖေဖော်ဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးပိုက်ထွေးသည် ယနေ့နံနက် ပိုင်းတွင် မော်လမြိုင်မြို့ရှိ ကိုယ်ပွား သတင်းစာတိုက်(မော်လမြိုင်)သို့ ရောက်ရှိပြီး ဝန်ထမ်းမိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က သတင်းစာစောင်ရေ တိုးတက်အောင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန်၊ သတင်းစာများ ဖြန့်ချိရေးဆောင်ရွက် ရာတွင် နေ့ချင်းအရောက် ပို့ဆောင် နိုင်အောင် ဆောင်ရွက်ရန်၊ ငွေကြေး သုံးစွဲမှုအပိုင်းတွင် ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျ သုံးစွဲရန်၊ ပုံနှိပ်စက်ကြံ့ခိုင်ရေးလုပ်ငန်း များကို အပတ်စဉ်ဆောင်ရွက်ရန်၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးသတိ ထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအားလုံး စည်းစည်း လုံးလုံးဖြင့် မိမိတို့လုပ်ငန်းများ အောင်မြင်အောင် ကြိုးစားဆောင်ရွက် ကြရန် မှာကြားသည်။
ကိုယ်ပွား သတင်းစာတိုက် (မော်လမြိုင်)တွင် မြန်မာ့အလင်း၊ ကြေးမုံနှင့် မွန်၊ ကရင် တိုင်းရင်းသား ဘာသာ စာမျက်နှာများ ရိုက်နှိပ် ထုတ်ဝေလျက်ရှိပြီး သတင်းစာ ဖတ်ပြည်သူများထံ နေ့ချင်းအရောက် ဖြန့်ချိပေးလျက်ရှိသည်။ တိုင်းရင်းသား ဘာသာစာမျက်နှာကို တနင်္ဂနွေနေ့ တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ(မော်လမြိုင်)သို့ ရောက်ရှိပြီး သတ်မှတ်ဧရိယာ အတွင်းရှိ ပြည်သူများအားလုံး အဆင်ပြေပြေဖြင့် ရုပ်သံလိုင်းများ ဖမ်းယူကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်ရန် မှာကြားခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ရုံးသို့ ရောက်ရှိပြီး အဆိုပါရုံးခန်း၌ ဝန်ထမ်း မိသားစုများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီး က ဝန်ကြီးဌာနက ချမှတ်ပေးထားသည့် လုပ်ငန်းတာဝန်များကို အောင်မြင် အောင် ကြိုးစားဆောင်ရွက်ကြရန်၊ စာကြည့်တိုက်များ ရေရှည်ရှင်သန် တိုးတက်ရေးနှင့် စာများများ ဖတ်မှ အသိပညာဗဟု သုတပြည့်စုံပြီး အမှား၊ အမှန်ကို မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ကာ မိမိကောင်းကျိုး၊ ဒေသ ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးကို ဆောင်ရွက်နိုင်မည်ဖြစ်သောကြောင့် ဒေသခံပြည်သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိအောင် ကြိုစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

No comments:

Post a Comment