Friday, February 13, 2015

ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကျင်းပ



နေပြည်တော် ဖေဖော်ဝါရီ ၁၃
နိုင်ငံ့ အမျိုးသားခေါင်းဆောင်ကြီး၊ တပ်မတော်၏ဖခင် ဗိုလ်ချုပ် အောင်ဆန်း၏ နှစ် (၁၀၀) ပြည့် မွေးနေ့တွင် ဗိုလ်ချုပ်ကို တကယ်လေးစားလျှင်၊ တကယ်မြတ်နိုးတန်ဖိုးထားလျှင် ဗိုလ်ချုပ်၏ မှာကြားချက်များကို မိမိတို့ အားလုံးက အသိတရား၊ ဆင်ခြင်တုံတရား ရှိရှိဖြင့် အလေးထား လိုက်နာကြပါဟု မှာကြားလိုကြောင်း၊  ဗိုလ်ချုပ်ပြုစုပျိုးထောင်ပေးခဲ့သည့် မိမိတို့တပ်မတော် အနေဖြင့်လည်း “ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဟူသည့် အမျိုးသားရေးခံယူချက်၊ ယုံကြည် ချက်ကို  အမြဲဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူအပေါ် သစ္စာစောင့်သိလျက် ဗိုလ်ချုပ်ကျေးဇူးကိုလက်တွေ့ ပေးဆပ်နေရ မည် ဖြစ်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်သည့် ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အခမ်းအနားတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူ လှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ် ရုံး (ကြည်း)မှ တပ်မတော်အရာရှိ ကြီးများနှင့် ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ အရာရှိ၊ စစ်သည်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ဗိုလ်ချုပ်နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားရာတွင်   အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် ရှည်လျားခိုင်မြဲစွာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှာန်းဖြင့် ဘုန်းမီးနေလတောက်ပခဲ့သည့် မြန်မာနိုင်ငံတော် သည် ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့၏ ကျူးကျော်စစ်ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးပြီး ကိုလိုနီဘ၀ရောက်ခဲ့ကြောင်း၊ ဆုံးရှုံးသွားသည့် လွတ်လပ်ရေး ပြန်လည်ရရှိရန် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်း အဖွဲ့အမျိုးမျိုးတို့က နည်းလမ်းပေါင်းစုံဖြင့် ဆယ်စုနှစ်များစွာ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မအောင်မြင် ခဲ့ကြောင်း၊ နောက်ဆုံးတွင် မြန်မာပြည်သူ ပြည်သားများနှင့် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ၏အကြား၌ “ခေတ်မီတပ်မတော် မရှိသည့်အတွက် မြန်မာ့လွတ်လပ်ရေး ဆုံးရှုံးခဲ့ရကြောင်း၊ မြန်မာ့ လွတ်လပ်ရေးကို ပြန်လည်ရယူရန် ခေတ်မီတပ်မတော် တစ်ရပ်ထူထောင်ပြီး နယ်ချဲ့ကိုတော်လှန်ရမယ်” ဟူသည့် လက်တွေ့ ဆန်သော အယူအဆတစ်ရပ် ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့ဖြစ်၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်သည် ဂျပန်သို့သွားရောက်ပြီး ပင်ပန်းဆင်းရဲစွာ စစ်ပညာကို လေ့လာသင်ယူပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဘီအိုင်အေ (ခေါ်) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း၊ တပ်မတော်ကပင် ဦးဆောင်ပြီး ပြည်သူတို့ လိုလားတောင်းတနေသည့် လွတ်လပ်ရေးကို တပ်မတော်သားများနှင့် ပြည်သူများ၏ အသက်ခန္ဓာ၊ သွေးချွေးများစွာ ပေးဆပ်ရယူခဲ့ရကြောင်း။
တပ်မတော်စတင်ထူထောင်ခဲ့သည့်နေ့ သွေးသစ္စာရေသောက်ပွဲတွင် ဗိုလ်ချုပ်က “ရဲဘော်တို့ ငါတို့မှာ စစ်တိုက် ရင်း စားသောက်ကြရန် စားရေရိက္ခာ၊ အစားအစာဆိုလို့ လုံးဝမရှိ၊ ဝတ်ဆင်ကြစရာ အဝတ်ဆိုလို့လည်း တစ်ထည်တစ်ပိုင်းမျှမရှိ၊ ဒါကြောင့် မို့လို့ ရဲဘော်တို့ ဒီစစ်ပွဲတစ်လျှောက်မှာ အိပ်ကြရဖို့ မြေကြီး၊ စားသောက်ကြ စရာဆိုလို့ ကျောက်ခဲနဲ့သလဲပဲ ရှိကြမယ်၊ ဒါပဲ ငါတတ်နိုင်တယ်၊ ဒီဗမာ့လွတ်လပ်ရေး တပ်မတော်အတွင်း ဝင်ရောက်စစ်မှုထမ်းကြခြင်းဖြင့် ရာထူးစသည့်အခွင့်အရေး ရရှိကြလိမ့်မယ်။ သူဌေးသူကြွယ်ကြီးများ ဖြစ်ကြ လိမ့်မည်ဟု မမျှော်လင့်ကြပါနဲ့၊ အကြီးဆုံးလာဘ်ကတော့ သေမင်းပဲ” ဟု ပြောခဲ့ကြောင်း၊ ယနေ့ တပ်မတော် အနေ ဖြင့်လည်း နိုင်ငံတော်နှင့်ပြည်သူအတွက်ဆိုလျှင် ဗိုလ်ချုပ်ပျိုးထောင်ပေးခဲ့သည့် စိတ်ဓာတ်အတိုင်း ရှိနေဆဲ၊ ဆောင်ရွက်နေဆဲဖြစ်ကြောင်း။
လွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံသည် ဝါဒစွဲ၊ ဝါဒကွဲ၊ လူမျိုးစွဲ၊ လူမျိုးကွဲ ၊ ဝဲဩဃကြားမှာ စုံးစုံးမြုပ်လုမတတ် ဖြစ်ခဲ့ကြောင်း၊  “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်” စိတ်ဓာတ် ဖြင့် မိမိတို့နိုင်ငံ အတွက် ကျန်ခဲ့သည်မှာ တပ်မတော်သာရှိပြီး နိုင်ငံတော်နှင့်ပြည်သူများကို ဝဲဩဃကြီးထဲမှ ဆွဲထုတ် လွတ်မြောက် စေခဲ့ကြောင်း၊ ယနေ့အထိလည်း နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် တပ်မတော်သားများသည် အသက်ခန္ဓာကို ကြည်ဖြူစွာနှင်းဆက် ပေးအပ်ပြီး ကျေးဇူးဆပ်၊ သစ္စာစောင့်သိလျက်ရှိကြောင်း။
ပထမ၊ ဒုတိယနှင့် တတိယမြန်မာနိုင်ငံတော်တို့ကို တည်ထောင်ခဲ့သည့် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်း ဘုရားတို့ လက်ထက်တွင်   မြန်မာတို့၏ဘုန်းမီးနေလ တောက်ပခဲ့မှုသည် ဘေးပတ်ဝန်းကျင် နိုင်ငံများအထိ သက်ရောက်ခဲ့ကြောင်း၊ အချုပ် အခြာ အာဏာဆုံးရှုံးပြီး ကိုလိုနီဘ၀ ကျရောက်ချိန်တွင်လည်း တပ်မတော်၏ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ခေါင်းဆောင်မှုနှင့် မြန်မာ့လွတ်လပ်ရေးကို အရယူနိုင်ခဲ့ကြောင်း၊ ခေါင်းဆောင် ကောင်းများ၏ ဦးဆောင်မှုသည် နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းက ခေါင်းဆောင်မှု နှင့်ပတ်သက်၍ “ခေါင်းဆောင်ဟာ နောက်လိုက် တဲ့ လူထက် အမြော်အမြင်ရှိရမယ်။ ခေါင်းဆောင်တတ်ရမယ်၊  ဟိုလူပြောလျှင် ဟုတ်နိုးနိုး၊ ဒီလူပြောလျှင် ဟုတ်နိုးနိုးသူမှာ ဘယ်တော့မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။” ဟုပြောခဲ့ ကြောင်း၊ ယနေ့မြန်မာနိုင်ငံ၏ အရေးအကြီးအကူးအပြောင်းကာလတွင် နိုင်ငံရဲ့ သမိုင်းအစဉ်အလာ များ၊ အမျိုးသားရေးစရိုက်လက္ခဏာများ (National Characteristic)၊ အမျိုးသားအကျိုးစီးပွား (National Interests) များကိုကြည့်ပြီး  လက်တွေ့ကျကျ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း။
နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၏ အခြေခံ ဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း တပ်မတော်က လွတ်ရေးရပြီးစမှ ယနေ့အထိ ခေတ် အဆက်ဆက် မဆုတ်မနစ် ဆောင်ရွက်လျက်ရှိကြောင်း၊ “ညီညွတ်ရေးဆိုတာ တူညီသောအကျိုး၊ တူညီသော အလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး၊ လူတစ်မျိုးလုံးရဲ့လွတ်လပ်ရေး၊  လူတစ်မျိုးလုံးရဲ့ အကျိုး၊ အဲဒီလိုတူညီတဲ့ ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ်၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့ အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုး ဖြစ်ရမယ်။ ပါးစပ်ကသာ ညီညွတ်ချင်ပါတယ်ပြောလို့ မဖြစ်ဘူး၊ အလုပ်မှာလည်း တူရမယ်၊ အကျိုးမှာလည်းတူရမယ်၊ ရည်ရွယ်ချက်မှာလည်းတူရမယ်၊ အဲဒါမျိုးကိုမှ ညီညွတ် ရေးလို့ ခေါ်ထိုက်တယ်” ဟု ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ကျင်းပခဲ့သည့် ဖဆပလ ပြည်လုံးကျွတ် ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေး ဟူသည့်အသိ မြန်မာနိုင်ငံသားတို့၏ ရင်ဝယ်ထာဝစဉ် ကိန်းအောင်းနေစေရေးအတွက် ပြောကြားခဲ့ကြောင်း။
ဤမြေ၊ဤရေ၊ ဤနိုင်ငံတော်တွင် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်ကြသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် စုစည်းခြင်းအားဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်ကို တက်ညီလက်ညီ တည်ဆောက်ကြရန်လိုကြောင်း။
နိုင်ငံရေးကိစ္စရပ်များတွင် စည်းကမ်းရှိရေးနှင့်ပတ်သက်၍ ၁၉၄၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နတ်မောက်မြို့၊ အမှုထမ်းပေါင်းစုံသမဂ္ဂနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်က “နိုင်ငံရေးနဲ့စည်းကမ်း ခွဲခြားနားလည်ပါ။ စည်းကမ်း မရှိရင် အလုပ်လုပ်မဖြစ်ဘူး” ဟု ပြောကြားခဲ့သကဲ့သို့ “ယခုအချိန်ဟာ နိုင်ငံရေးနိုးကြားစဖြစ်နေတဲ့ စမ်းတဝါးဝါး အချိန် ဖြစ်နေတယ်။ ကျုပ်တို့အစိုးရကလည်း တတ်နိုင်သလောက် လိုက်လျော ပေးနေတာပဲ။ မိဘဟာ သားသမီးကို အလိုလိုက်ပေမယ့် စည်းကမ်းထက်ပိုဆိုးလာရင် ဆုံးမပေးရသလို အခွင့်အရေးကို လိုသည်ထက် ပိုယူလာရင်၊ စည်းကမ်းမဲ့ဖြစ်လာရင်၊ ကျုပ်တို့အ စိုးရအဖွဲ့ကလည်း ဆုံးမပေးရမှာပဲ။ ယခုလိုသမဂ္ဂ အဖွဲ့ရှိကြ တာကို သဘောကျပါတယ်။ နည်းလမ်းစည်းကမ်းအတိုင်း လိုလားချက်တွေတောင်းပါ” ဟု ပြောကြားခဲ့ကြောင်း၊ ဤသည်မှာ လက်ရှိဖြစ်စဉ် ဖြစ်ရပ်တွေနှင့် ချိန်ထိုးစဉ်းစားသင့်သည့် လွတ်လပ်ရေးမရမီကတည်းက အမျိုးသား ခေါင်းဆောင်ဗိုလ်ချုပ်၏ ဆုံးမစကားများပင် ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် ပြည်သူလူထု လိုလားတောင့်တနေသော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး အတွက် အခြေခံအုတ်မြစ်များကို တပ်မတော်အစိုးရ လက်ထက်ကတည်းက စတင်အခြေတည်ပေးခဲ့ကြောင်း၊ လက်ရှိတွင်လည်း ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ရွေးချယ်ခံအစိုးရ၏ ဦးဆောင်မှုအောက်တွင် မြန်မာ့ဒီမိုကရေစီ တိုးတက် ခိုင်မာရေးကို ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကား ပြောကြားသည်။
ထို့နောက် ဗိုလ်ချုပ် အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့် တပ်မတော် သန္ဓေတည်ပေါက်ဖွားလာမှု အကြောင်းကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး သောင်းအေး ကလည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ ခေါင်းဆောင်မှုနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆောင်ရွက်မှုများ အကြောင်းကို ဗိုလ်မှူးချုပ်စိုးဝင်း ကလည်းကောင်း ဖတ်ကြားဆွေးနွေး တင်ပြကြသည်။
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး တို့သည် အခမ်းအနားသို့ တက်ရောက်လာကြသော တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်များနှင့်အတူ ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ပြခန်းအား လှည့်လည် ကြည့်ရှုလေ့လာ ခဲ့ကြသည်။

အဆိုပါ ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်ပြခန်းတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရှားပါးမှတ်တမ်း ဓာတ်ပုံများ၊ ပန်းချီကားများ၊ မိသားစုမှတ်တမ်း ဓာတ်ပုံများ၊ အသုံးအဆောင်ပစ္စည်းများ၊ မိန့်ခွန်းကောက်နုတ် ချက်များ၊ လက်ရေးမူအချို့နှင့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁၀၀) ပြည့် ဂုဏ်ပြုကဗျာ၊ ဆောင်းပါးများကို ခင်းကျင်းပြသခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment