နေပြည်တော် ဖေဖော်ဝါရီ ၁၃
ပြည်ထောင်စုလွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တို့သည်
တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား ယနေ့နံနက် (၁၁) နာရီခွဲတွင် နေပြည်တော်ရှိ
လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဆောင် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့
ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ
ဦးမြညိမ်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်၊
အမျိုးသားလွှတ်တော် ကော်မတီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်သူ့လွှတ်တော်ကော်မတီ အဖွဲ့ဝင် ဦးစတီဖန်၊
ပြည်သူ့လွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွတ်သိန်းနှင့် ဗိုလ်မှူးချုပ်
တင်ဆန်း၊ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး
ကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ထွန်းနှင့် ဦးညီထွန်း၊ (၆၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့
တက်ရောက်ကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃၄) ဦးနှင့် လွှတ်တော်ရုံးများမှ
တာဝန်ရှိသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အဖွင့်အမှာစကား ပြောကြား ရာတွင် မိမိတို့လွှတ်တော်က
တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအား လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ ကြောင်း၊
တစ်နိုင်ငံလုံးက လိုလားနေသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များ ၏ လုပ်ဆောင် ချက်နှင့် သဘောထားမှာအရေးကြီးပါကြောင်း၊ ထို့အတူ အစိုးရအဖွဲ့နှင့်
လွှတ်တော်များ အပိုင်းက လည်း သဘောထား မှန်မှန်ကန်ကန်ဖြင့် လုပ်ဆောင်သွားကြမည် ဖြစ်ပါကြောင်း။
ပြည်ထောင်စုအစိုးရက
ငြိမ်းချမ်းရေးတံခါးကို ဟထားပေးပြီးဖြစ်ပါကြောင်း၊ တိုင်းရင်းသား ညီအစ်ကိုများအနေဖြင့်
ဖွင့်ပြီး ၀င်ရောက်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်များဘက်ကလည်း
ဆက်လက် လျှောက်လှမ်းနိုင်ရေးအတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန် အသင့်ရှိပါကြောင်း၊
ပြည်သူ့ကိုယ်စားလှယ် များအနေဖြင့် ဥပဒေပြုရေး အပါအဝင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများကို အထူးအလေးထား
ဆောင်ရွက်နေပါကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာ၌ ယခုကဲ့သို့ ပွင့်ပွင့်လင်းလင်း
ညှိနှိုင်းဆောင်ရွက်ခြင်းသည် များစွာအကျိုးရှိပါကြောင်း၊ ပြည်သူများ လိုလားတောင့်တ လျက်ရှိသည့်
ငြိမ်းချမ်းရေးရရှိရန် ၀ိုင်းဝန်း၍ ဆက်လက်လျှောက်လှမ်းကြရန် လိုအပ်ပါကြောင်း၊ ပြည်တွင်း
ငြိမ်းချမ်း ရေး ရရှိရေးအတွက် မိမိတို့အစွမ်းကုန်ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ထပ်လောင်းပြောကြားလိုပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ
ဦးခင်အောင်မြင့်က အမှာစကားပြောကြားရာတွင် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့က ကျင်းပခဲ့သည့်
ဆွေးနွေးပွဲတွင် ကတိကဝတ်ပြုခဲ့ခြင်းသည် အတိုင်းမသိ ဝမ်းမြောက်ဖွယ် ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်
စပ်လျဉ်း၍ လွှတ်တော်၏ အခန်းကဏ္ဍကို ပြောကြားလိုပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့တွင်
ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီများဖွဲ့စည်းထားပါ ကြောင်း။
လက်ရှိလွှတ်တော်တွင်
အရေးကြီးလုပ်ငန်းအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် ဆောင်ရွက်နေပါကြောင်း၊ ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပြင်ဆင်ရေးသည် ငြိမ်းချမ်းရေးအတွက် အရေးကြီးပါကြောင်း၊ အပစ်အခတ်ရပ်စဲပါက
နိုင်ငံဆွေးနွေးပွဲများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့်
အချက်များကို ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြင်ဆင် ရမည်ဖြစ်ကြောင်း၊ အချို့အချက်များသည်
လွှတ်တော်ကိုယ်စားလှယ်များ၏ (၇၅) ရာခိုင်နှုန်းကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရ မည်ဖြစ်ပြီး
အချို့အချက်များကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီးမှသာ ပြင်ဆင်ရမည်ဖြစ်ကြောင်း၊
တစ်ကြိမ်တည်း၊ တစ်ခါတည်း ပြီးစီးသွားစေချင်သည့် သဘောဆန္ဒရှိပါကြောင်း။
လွှတ်တော်များ၏ သဘောသဘာဝအရ
ဥပဒေနှင့်အညီ လုပ်ဆောင်နေရခြင်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် လွှတ်တော်ကိုယ်စားလှယ်
(၇၅) ရာခိုင်နှုန်းကျော်က သဘောတူရန်လိုကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်အများစု၏ ဆုံးဖြတ် ချက်အပေါ်
အခြေခံ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိစ္စအပေါ် တိုင်းရင်းသားများ၏ဆန္ဒကို
ကြားသိ လိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်
တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝ မြှင့်တင်ရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီဥက္ကဋ္ဌ
ဦးသိန်းဇော်က ငြိမ်းချမ်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာကြသည့်
တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များဖြစ်ကြသော ကရင် အမျိုးသားအစည်းအရုံး
(KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော်
(RCSS/SSA) ဥက္ကဋ္ဌ ဦးယွက်စစ်၊ “ ဝ” ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်၊ အထူးဒေသ-၂
(UWSA) ဗဟိုကော်မတီဝင် ဦးအောင်မြင့်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်
(SSPP/ SSA) နာယက ဦးဆေထင်၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် ရှမ်းပြည်နယ် အရှေ့အပိုင်း၊
အထူးဒေသ-၄ (NDAA) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးအမြဲ တမ်းကော်မတီဝင် ဦးခမ်းမောင်၊
မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုကော်မတီဝင် နိုင်ဟံသာဗုန်ဆိုင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ချင်းအမျိုးသားတပ်ဦး
(CNF) တွဲဖက် အထွေထွေအတွင်းရေးမှူး-၂ ဒေါက်တာရွှေခါးရ်၊ ပအိုဝ်း အမျိုးသား လွတ်မြောက်အရေးအဖွဲ့ချုပ်
(PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် နာယက ခွန်ဥက္ကာ၊
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (APL) ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းနှင့် နာဂအမျိုးသား
ဆိုရှယ်လစ်ကောင်စီ (ကပ္ပလန်) (NSCN-K) ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးကျော်ဝမ်းစိန်တို့က
သက်ဆိုင်ရာတိုင်းရင်းသား အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အမြန်ဆုံး
အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက
က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ယနေ့တွေ့ဆုံပွဲမှ ဆွေးနွေးချက်များကို ကြားသိရသည့်အခါ
တိုင်းရင်းသားညီအစ်ကိုများသည် နိုင်ငံရေးကို နားလည်ပြီး အမျိုးသား ရေးကို စိတ်ဝင်စားမှုရှိသည်ကို
တွေ့ရကြောင်း၊ ထို့ပြင် မိမိတို့ လူမျိုးကို ချစ်ခင်လေးစားပြီး မိမိတို့ နိုင်ငံကို
အခြားနိုင်ငံများနည်းတူ ဖွံ့ဖြိုးတိုးတက်စေချင်သည်ကို တွေ့ရှိရပါကြောင်း။
အဓိကထားဆွေးနွေး သွားကြသည့်အနက်
အချို့ပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်များတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်
သံသယနှင့် မယုံကြည်စိတ်များ ရှိနေသည်ကို သိရှိရပါကြောင်း၊ မိမိတို့ ရှေ့ဆက်ရမည့် ခရီးတွင်
မယုံကြည်မှုနှင့် သံသယစိတ်များ လျော့ချနိုင်မှသာလျင် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်မည်ဟု
ယူဆပါ ကြောင်း၊ နှစ်ဦးနှစ်ဖက် နားလည်မှု (Mutural Understanding) ရှိရန်၊ နှစ်ဦးနှစ်ဖက်လေးစားမှု
(Mutural Respect) ရှိရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှု (Mutural Trust) ရှိရန်
လိုအပ်ပါကြောင်း။
အဆိုပါ အချက် (၃)
ချက် ဖြစ်မြောက်နိုင်ရေးအတွက် ရိုးသားမှုရှိရန် (Sincere)၊ ပွင်လင်းမှု (Transprancy)
ရှိရန် လိုအပ်ပါကြောင်း၊ ရိုးသားမှုနှင့် ပွင့်လင်းမှုကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှသာလျင်
နားလည်မှု ပိုမိုရှိလာမည် ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အပြန်အလှန်လေးစားကာ ယုံကြည်မှုရှိလာမည်
ဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးချက် များကို အခြေခံ၍ ကောင်းမွန် သည့် ဆောင်ရွက်ချက်များ
ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များအနေဖြင့် ဥပဒေပြုမဏ္ဍိုင်နှင့်
ပထမဆုံးတွေ့ဆုံရခြင်းဖြစ်ပြီး ယခုအခါ တိုင်းရင်းသား ညီအစ်ကို များ၏ ရင်တွင်းဆန္ဒနှင့်
စေတနာကို ပိုမိုသိမြင်ခံစားလာရပါကြောင်း၊ တွေ့ဆုံဆွေးနွေးမှု တိုင်းတွင် ရိုးရိုးသားသား
ပွင့်ပွင့်လင်းလင်းဖြင့် အရှိကိုအရှိအတိုင်း ပြောဆိုဆွေးနွေးကြရန် လိုအပ်ပါကြောင်း၊
စကားလုံးလှလှသုံးပြီး အခြေအနေမှန်ကို မဖော်ပြနိုင်ပါက အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း။
တင်ပြချက်များအပေါ်
မိမိတို့နားလည်လက်ခံပါကြောင်း၊ ယခုဆွေးနွေးချက်များကို အခြေခံ၍ ဆက်လက် ဆောင်ရွက်သွားရန် လိုကြောင်း၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး သည် တိုင်းရင်းသား စည်းလုံးညီညွတ်
ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် တစ်နည်းမဟုတ်တစ်နည်း
ဆက်စပ်ပတ်သက် နေပါကြောင်း၊ လွှတ်တော်တွင် လက်ရှိခက်ခက်ခဲခဲ ဆောင်ရွက်နေရသည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေး ဆိုင်ရာ ဆွေးနွေးမှုများပင်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍
မိမိတို့ လွှတ်တော်တွင် ဦးတည်ချက် (၃) ရပ် ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ
ဥပဒေပြင်ဆင်ရာတွင် နိုင်ငံတော်၏ တည်တံ့ခိုင်မြဲမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တို့ကို
ခေတ်စနစ်နှင့်လျော်ညီစွာ ပိုမိုတည်ဆောက်နိုင်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာစေရေး၊
တိုင်းရင်းသားများအကြား ယုံကြည်မှုခိုင်မာသော အမျိုးသားစည်းလုံး ညီညွတ်မှုကို တည်ဆောက်
နိုင်ခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို
အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း။
ယနေ့ကာလတွင် ခေါင်းဆောင်များ၏
အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ခေါင်းဆောင်များ၏ အမြင်ကျယ်မှု နှင့် အဆုံးအဖြတ်သည် အလွန်အရေးကြီးပါကြောင်း၊
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာမည်ဆိုပါက ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုစနစ်ကို
အခြေခံပါကြောင်း၊ ဖက်ဒရယ်စနစ်ဆိုသည်မှာ ခွဲထွက်ရန်မဟုတ်ပဲ ပေါင်းစည်းရန်သာဖြစ် ပါကြောင်း၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူအခွင့်အရေး ရရှိရန် ဆောင်ရွက်ပေးသင့်သည်များကို
ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဇယား(၁)နှင့် ဇယား(၂)တို့အား
ပြန်လည်စဉ်းစားသုံးသပ် ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ အာဏာခွဲဝေမှု
(Power Sharing)၊ ဓနဥစ္စာ ခွဲဝေမှု (Wealth Sharing/Resource Sharing) များကို မှန်မှန်ကန်ကန်
မျှမျှတတဖြစ်စေရေး စဉ်းစားဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဗဟိုဦးစီးစနစ်ကို
လျှော့ချ ပေးရန် လိုအပ်ပါကြောင်း၊ အဆိုပါ ကိစ္စရပ် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဆောင်ရွက်ရာတွင်
တစ်နည်း မဟုတ်တစ်နည်း သက်ဆိုင်နေပါကြောင်း၊ ယခု ကျင်းပလျှက်ရှိသော (၁၂)ကြိမ်မြောက်
လွှတ်တော် ပုံမှန်အစည်း အဝေးတွင် ညှိနှိုင်းဆောင်ရွက်နိုင်မည်ဆိုပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊
အမျိုးသား ပြန်လည်သင့်မြတ် ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်
ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်ရေးအတွက် များစွာအထောက်အကူပြုမည် ဖြစ်ပါကြောင်း။
ယနေ့ တင်ပြချက်များကို
ပြည်ထောင်စုလွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဆောင်ရွက်သင့် သည်များကို
ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအား အခြေအနေမှန်ကို
သိရှိနိုင်အောင် ပြန်လည်ပြောကြား သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံခြင်းသည် ငြိမ်းချမ်းရေးအပါအဝင်
ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာရေးအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊
နိုင်ငံရေးသတိ၊ အမျိုးသားရေး အသိရှိရှိဖြင့် ၀ိုင်းဝန်းစဉ်းစားဆုံးဖြတ်ဆောင်ရွက်ကြရန်
တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင်
ပြည်ထောင်စုလွှတ်တော် နာယကသည် တိုင်းရင်းသားကိုယ်စားလှယ်များအား အမှတ်တရ လက်ဆောင်များပေးအပ်ရာ
တိုင်းရင်းသားကိုယ်စားလှယ်များ ကိုယ်စား စောမူတူးစေးဖိုးက လက်ခံခဲ့ပြီး နေ့လယ်စာ အတူတကွ
စားသုံးကာ တွေ့ဆုံပွဲ အခမ်းအနား ပြီးဆုံးခဲ့သည်။
No comments:
Post a Comment