Friday, February 20, 2015

ကိုးကန့်သောင်းကျန်းသူများ ဥပဒေမဲ့ လုပ်ရပ်များ ချိုးဖောက်ကျူးလွန်

နေပြည်တော်-ဖေဖော်ဝါရီ ၁၉
ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်နယ်မြေအတွင်း ကြိုတင်စိမ့်ဝင်၍ ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့ အား 


ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်နယ်မြေအတွင်း ကြိုတင်စိမ့်ဝင်၍ ပြည်ထောင်စုနေ့မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်ထိန်းချုပ်နိုင်ရေး တိုက်ပွဲများ ဖန်တီးလာခဲ့သည်။ ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်၍ တိုက်ခိုက်မှုများပြုလုပ်ကာ လောက်ကိုင်မြို့အား သိမ်းပိုက်ရန် ကြိုးစား ခဲ့သော်လည်း တပ်မတော်က ရွပ်ရွပ်ချွံချွံတုံ့ပြန်တိုက်ခိုက်မှုများကြောင့် ၎င်းသောင်းကျန်းသူများ၏ လောက်ကိုင်မြို့အား သိမ်းပိုက်မည့် အစီအမံ ပျက်ပြား၍ ဆုတ်ခွာသွားခဲ့ရသည်။
၎င်းတို့ ဆုတ်ခွာသွားခဲ့သော်လည်း တိုက်ပွဲများကြောင့် တည်ငြိမ်မှုပျက်ပြားစဉ် အခွင့်ကောင်းယူ၍ တပ်ရင်းမှူး အဆင့်ရှိ ကော်စစ်ချီ ဦးဆောင်သော အင်အားစုများကို မြို့ခံအရပ်သားအသွင်ဖြင့် မြို့ပေါ်တွင် ထားရှိကာ အရပ်ဝတ်ဖြင့်ပင် တပ်မတော်စစ်ကြောင်းများနှင့် တပ်ဌာနချုပ်များကို အနီးအဝေးမှ နှောင့်ယှက် တိုက်ခိုက်ခြင်း၊ ၎င်းတို့ ကြိုတင်သတင်းရယူထားပြီးဖြစ်သည့် မြို့ပေါ်ရှိ ချမ်းသာသောနေအိမ်၊ ဈေးဆိုင်များ၊ လူရှိသော အိမ်များကို ဓားပြဆန်ဆန် လူသတ်၍ လုယက်ခြင်း၊ လူမရှိသော အိမ်များကို ဖောက်ထွင်း ယူဆောင်ခြင်းများ ဆောင်ရွက်လာခဲ့သည်။
ထို့အပြင် ကိုးကန့်သောင်းကျန်းသူများအနေဖြင့် လောက်ကိုင်မြို့တွင် အနယ်နယ်အရပ်ရပ်မှ လာရောက် အလုပ် လုပ်ကိုင်နေသော အလုပ်သမားများ၊ ကြံခုတ်လုပ်သားများနှင့် ဒေသခံပြည်သူများကို ဖမ်းဆီး၍ သေနတ်နှင့် ယူနီဖောင်းများထုတ်ပေးကာ ၎င်းတို့နှင့်စစ်တိုက်ရန် အဓမ္မခေါ်ဆောင်လျက်ရှိကြောင်း၊ မလိုက် လိုကြောင်း ငြင်းဆန်ပါက ရှေ့တွင် ပစ်သတ်ပြပြီး အကြောက်တရားနှင့် စုစည်းခေါ်ဆောင်နေကြောင်း၊ လူတစ်ဦး လျှင် ယွမ် ၅၀၀ နှင့် ရာမဆေးပြား ၁ ထုပ်ပေးကာ ၎င်းသောင်းကျန်းသူ အဖွဲ့များ၏ ရှေ့တန်းသို့ တင်ပြီး လောက်ကိုင်မြို့ရှိ တပ်၊ ဌာနချုပ်များအား ညစဉ်လာရောက်ပစ်ခတ်စေလျက်ရှိကြောင်းကို ဒေသခံ ပြည်သူ များနှင့် ဖော်ထုတ် ဖမ်းဆီး ရမိသူများထံမှ သိရှိရသည်။
ဒေသခံပြည်သူတို့၏ သတင်းပေးချက်အရ ဖေဖော်ဝါရီ ၁၄ ရက်တွင် ၎င်းတို့ခိုအောင်းလှုပ်ရှား လျက်ရှိသော လောက်ကိုင်မြို့တွင်းရှိ အဆောက်အအုံအား ဝင်ရောက်ရှင်းလင်းခဲ့ရာ တပ်ရင်းမှူးအဆင့်ရှိ ကော်စစ်ချီ အပါအဝင် သောင်းကျန်းသူ ၂၆ ဦးအား အသေဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ကျော်၊ ခဲယမ်း မျိုးစုံ ၈၄၇၉ တောင့်၊ လက်ပစ်ဗုံး ၁၀၈ လုံး၊ တိုက်မိုင်း ၈ လုံး၊ ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများ၊ မူးယစ်ဆေးဝါးမျိုးစုံ၊ ကျောက် စိမ်းတုံးများနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ကိုးကန့်သောင်းကျန်းသူအဖွဲ့အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်တွင်လည်း လောက်ကိုင်နှင့် ချင်းရွှေဟော်ကြား၌ လောက်ကိုင်မြို့နယ်မှ နေရပ်ပြန်သူများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ကူညီ ပို့ဆောင်ပေးသည့် ကြက်ခြေနီ အမှတ်အသား ထင်ရှားစွာဖော်ပြထားသော ယာဉ်တန်းအား စစ်ရေးနှင့် မသက်ဆိုင် ကြောင်း သိရှိသော်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်း ပစ်ခတ်ခဲ့ခြင်းကြောင့်   ကြက်ခြေနီ တပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

တပ်မတော်အနေဖြင့် လောက်ကိုင်ဒေသတစ်ခုလုံး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလူထုနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး အပြစ်မဲ့ဒေသခံပြည်သူများ ထိခိုက်နစ်နာမှု မရှိစေရေး ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပို့ဆောင်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးကုသပေးမှုများ ဆောင်ရွက်ပေးခြင်း၊ လောက်ကိုင်မြို့ လုံခြုံရေး အတွက် စနစ်တကျ ကာကွယ်စောင့်ရှောက်ခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment