Monday, February 2, 2015

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့ကျင်းပ




နေပြည်တော် ဖေဖော်ဝါရီ ၂

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော “၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ နိုင်ငံတော်၏ အရအသုံး စာရင်းများ စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ” နှင့်စပ်လျဉ်း၍ ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက်အစီရင်ခံစာ(၃/၂၀၁၅)ကို ကော်မတီအတွင်း ရေးမှူး ဦးမောင်တိုးက ဖတ်ကြားတင်ပြသည်။

နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ပြင်ဆင် သည့် ဥပဒေကြမ်းအား အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေအခန်း (၁၈)တွင်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် ကော်မတီတစ်ရပ်ကို လွှတ်တော်က ဖွဲ့စည်းပေးရမည် ဟုပါရှိပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်သည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြည်လုံး ကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ပြည်ထောင်စုကော်မရှင်အဖြစ် တာဝန်ပေး အပ်မည်ဆိုပါက လွှတ်တော်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် လွှမ်းမိုးသည့် သဘောသက်ရောက် နေပါကြောင်း၊ ကော်မရှင် အနေဖြင့် လုပ်ငန်းသဘောအရ လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိရန်လိုအပ်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးရွှေမောင်က နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပြုလုပ်သည့် နေ့ရက်တွင် အသက်၁၈ နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူများသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ တွင် မဲပေးခွင့်ရှိပါကြောင်း၊ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများသည် နိုင်ငံသားဟု သတ်မှတ်ချက်ခံရပြီးသူများ မဟုတ်၍ ဤဥပဒေကြမ်း၏ ဆန္ဒမဲပေးခွင့်ရှိ သူများ စာရင်းမှာ မဖြစ်သင့်ဟုဆိုလျှင် တစ်နိုင်ငံလုံးရှိ ၁၅ သိန်းသော ပြည်သူများ အတွက် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံူးစေရန် နိုင်ငံတော်သမ္မတမှ တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုရှိ စေရန်အတွက် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများကို မဲစာရင်းတွင် ထည့်သွင်းရေး သဘောထားမှတ်ချက် ပေးပို့ခြင်းဖြစ်သည်ဟု ယူဆပါကြောင်းဖြင့် ဆွေးနွေးသည်။

ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးဆိုင်ပေါင်းနပ်က  မိမိတို့ အရပ် ဒေသ တွင် မှတ်ပုံတင်ရရှိရေး ခက်ခဲပါကြောင်း၊ အလားတူ တောင်ပေါ်ဒေသများ တွင်လည်း မှတ်ပုံတင်ရရှိရေးမှာ ခက်ခဲနေပါကြောင်း၊ နိုင်ငံသားဖြစ်သော်လည်း မှတ်ပုံတင်မရှိ၍ မဲပေးခွင့်မရှိခြင်းသည် နိုင်ငံသားအခွင့်အရေးဆုံးရှုံးပါကြောင်း၊ နယ်စပ်ဒေသတွင် နေထိုင်သူများအတွက် မိမိတို့ နိုင်ငံသားဖြစ်သည်၊ မဖြစ်သည်ကို စိစစ်ရန်ခက်ခဲပြီး မှတ်ပုံတင်ပေးနိုင်ရန်အတွက် စိစစ်ပေးရန် ခက်ခဲပါကြောင်း၊ ယာယီ သက်သေခံ လက်မှတ်သည် မှတ်ပုံတင်အစား ယာယီထုတ်ပေးခြင်းဖြစ်ပြီး ခိုင်မာမှုရှိ သည့်အတွက် နိုင်ငံတော်သမ္မတ၏ သဘောထားချက်သည် သင့်လျော်ပါကြောင်းဖြင့် ဆွေးနွေးသည်။

ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက နိုင်ငံသားဟု အသိအမှတ် မပြုနိုင်သေးသဖြင့် မစစ်ဆေးနိုင်ခင်ကာလအတွင်း ယာယီထုတ်ပေး ထားသည့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်သူများကို တိုင်းပြည်၏ အချုပ် အခြာအာဏာနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ဆုံးဖြတ်ခွင့်မပေးသင့်ပါကြောင်း၊ ယာယီထုတ်ပေးထားသည့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူများကို ဆန္ဒမဲပေးမည်ဆိုပါက နိုင်ငံသားဥပဒေပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာစံနှုန်းများနှင့် ဆန့်ကျင်နေပါကြောင်းဖြင့် ဆွေးနွေးသည်။


ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးထွန်းအောင်ကျော်က နိုင်ငံသားမဟုတ်သူများသည် ရွေးကောက်တင်မြှောက်ခွင့်နှင့် ရွေးကောက်တင်မြှောက်ပိုင်ခွင့်မရှိပါကြောင်း၊ မည်သည့် နိုင်ငံမှ နိုင်ငံသားမဟုတ်သူများကို မဲပေးခွင့် မပြုထားပါကြောင်း၊ ယာယီ သက်သေခံ လက်မှတ်ကိုင်ဆောင်သူများသည် မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားဟု သတ်မှတ် ခြင်းခံရသေးသူများမဟုတ်သဖြင့် နိုင်ငံသားများသာ ရသင့်သော အခွင့် အရေးများ ဖြစ်သည့် ပြည်လုံးကျွန်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်အခွင့်အရေးကို မပေးသင့်ပါ ကြောင်းဖြင့် ဆွေးနွေးခဲ့သည်။ 

No comments:

Post a Comment