နေပြည်တော် ဖေဖော်ဝါရီ
၂
ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး
ဒသမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌
ကျင်းပပြီး မေးခွန်း(၃)ခု မေးမြန်းဖြေကြားခြင်း၊ အဆို(၁)ခုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊
အတည်ပြုခြင်းနှင့် ဥပဒေ ကြမ်း (၁)ခုအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏
“ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာရှိ လယ်သမားများထံမှ (န.စ.က)တပ်စခန်းက သိမ်းယူထားသောမြေများ
အနက် တပ်ခြံစည်းရိုးပြင်ပရှိ ပိုလျှံသည့် လယ်မြေများအား ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊
မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က
မေးခွန်းပါမြေနေရာသည် စခန်းဧရိယာအတွင်း၌ တပ်ပိုင်မြေ သိမ်းဆည်းစဉ်က ပါဝင်ခဲ့သော မြေဖြစ်ပါ
ကြောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ်ကို
ဖျက်သိမ်းခဲ့ပြီး ကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ပိုင်မြေနှင့် အဆောက်အဦများကို ပြည်ထဲရေးဝန်ကြီး
ဌာနလက်အောက်ခံ ရဲတပ်ရင်းသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးရဲတပ်ရင်းမှ
နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ လွှဲပြောင်း ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ နယ်မြေဒေသလုံခြုံရေးနှင့်
တည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဉ်များကို အခြေပြု ဆောင်ရွက်ရန်အတွက် အဆိုပါမြေ၌ အဆောက်အဦများ
အခိုင်အမာတည်ဆောက်ထားခြင်းကြောင့် ပိုလျှံမြေများမရှိပါသဖြင့် ပြန်လည်စွန့်လွှတ်ပေးရန်
အစီအစဉ် မရှိပါကြောင်းဖြင့် ဖြေကြားသည်။
ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ “အချို့မြို့နယ်များနှင့်
ကျေးရွာများတွင် မြို့အမည်၊ ကျေးရွာအမည်များအား ပါတီအမည်တပ်၍ ဆိုင်းဘုတ်တပ်ထားခြင်းကို
ခွင့်ပြုထားခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ယခုအခါ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး(၇)ခုနှင့်
ပြည်နယ်(၇)ခု အပါအဝင် ခရိုင်(၇၃)ခု၊ မြို့နယ် (၃၃၀)၊ မြို့ (၄၁၇)မြို့၊ ရပ်ကွက် (၃၁၅၄)၊
ကျေးရွာအုပ်စု (၁၃၆၁၀)နှင့် ကျေးရွာ(၆၃၈၉၉)တို့ကို မှတ်တမ်းတင် သတ်မှတ်ထားပါကြောင်း။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ
အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထား သော မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာအမည်များကိုသာ
တရားဝင်အသိအမှတ်ပြု မှတ်တမ်းတင် ထားရှိပါကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့်
အချို့မြို့နယ်များနှင့် ကျေးရွာများတွင် ပါတီအမည်တပ်၍ မြို့အမည်၊ ကျေးရွာအမည်များအား
ဆိုင်းဘုတ်တင်ထားခြင်းကို တရားဝင်ခွင့်ပြု ထားခြင်းမရှိပါကြောင်းနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ
အမိန့်ကြော်ငြာစာထုတ်ပြန်ထားရှိသော မြို့၊ ရပ်ကွက်၊ ကျေးရွာအမည်များကိုသာ မှတ်တမ်းတင်
အသိအမှတ်ပြုထားပါကြောင်းဖြင့် ဖြေကြားသည်။
ထို့နောက် ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာက
“မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အမျိုးသမီးများအား အကြမ်းဖက်မှုများ လျော့နည်းစေရေးအတွက်
လိုအပ်ချက်ရှိသော အမျိုးသမီး များအား အကြမ်းဖက်မှုမှကာကွယ်စောင့်ရှောက်ရေးဥပဒေတစ်ရပ်ကို
အလျင်အမြန်ရေးဆွဲပေးနိုင် ရေး ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း” အဆိုကို တင်သွင်းသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အမျိုးသမီး များအပေါ် ကာယိနြေ္ဒနှင့် ရုပ်ပိုင်း၊
စိတ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု မပြုနိုင်ရန်အတွက် ပြစ်မှုဆိုင်ရာဥပဒေ၊
လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေတို့တွင် ပြစ်မှုအမျိုးအစားအလိုက် အကာ အကွယ်ပေးထားပါကြောင်း၊
အနိမ့်ဆုံးပြစ်မှုဖြစ်သည့် မိန်းမကာယိနြေ္ဒကို စော်ကားရန်ရည်ရွယ်သော စကား၊ ကိုယ်အမူအရာတို့ဖြင့်
ကျူးလွန်ပါက ထောင်ဒဏ်(၁)နှစ်အထိ ချမှတ်နိုင်ပြီး အမြင့်ဆုံးပြစ်မှုများ ဖြစ်သည့် မုဒိမ်းမှု၊
အတင်းအဓမ္မထိမ်းမြားပေးစားရန် သွေးဆောင်ခိုးယူမှု၊ (၁၈)နှစ်အောက် မိန်းမကို ပြည့်တန်ဆာအဖြစ်
ရောင်းချခြင်း၊ လွှဲပြောင်းခြင်း၊ ဝယ်ယူခြင်း၊ လက်ခံခြင်း ပြုလုပ်မှုတို့အပြင် လူကုန်
ကူးမှုကိုကျူးလွန်ပါက ထောင်ဒဏ်(၁၀)နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား
ပါကြောင်း။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက
ဦးဆောင်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာရှင်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊
အစိုးရမဟုတ်သော အဖွဲ့ အစည်းများပါဝင်သည့် ကော်မတီ(၃)ရပ်ဖွဲ့စည်းပြီး အမျိုးသမီးများအပေါ်
အကြမ်းဖက်မှုမှတားဆီး ကာကွယ်ရေးဥပဒေကြမ်းကို ရေးဆွဲလျက်ရှိရာ အခန်း(၁၁)အထိ ရေးဆွဲဆောင်ရွက်ပြီးဖြစ်ပါကြောင်း
ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ယင်းအဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ
ထောက်ခံဆန္ဒမဲများသည့်အတွက် အဆိုအား အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။
No comments:
Post a Comment