အေးမြင့်အောင်
ဘယ်နေရာရောက်ရောက် ကျွန်တော်တို့နောက်ကို အမြဲတစေလိုက်ပါနေတဲ့
စာတွေ၊ ကဗျာတွေများစွာ ထဲက အခုတလော လွမ်းလွမ်းဆွေးဆွေး ရွတ်ဆိုခံစား ကြည့်မိနေတာက ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့စာကဗျာ
တွေပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ အာဇာနည်ဗိမာန် ဋီကာထဲက
“ဪ.... တောင်နန်း မြောက်နန်း
အဆောင်တော်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညှိုးရရှာတဲ့
အောင်ဆန်းတို့သေပုံနှမြော...”။ ဆိုတဲ့ဆရာကြီးရဲ့ ဝမ်းနည်းကြေကွဲဖွယ်
အဖွဲ့အနွဲ့ တွေကို မှန်းရော်ခံစား ကြည့်မိသလို တစ်ခါတစ်ရံမှာတော့ ဆရာတင်မိုးရဲ့
“သူသာရှိလျှင်
သူ၏ပြည်အား၊ ကျူးစော်ကားက
အသားအသွေး၊ သက်စတေးလျက်
ပြည်ရေးဆောင်မည်၊ ကာကွယ်မည်ဟု
ပြည်သူတိုင်းက ယုံကြည်ကြ၏”။ ဆိုတဲ့ ကဗျာ အဖွဲ့အနွဲ့မျိုးတွေနဲ့
ဆရာမကြီး နုယဉ်ရဲ့...
“အသက်သုံးဆယ်၊ ဝန်းကျင်ဝယ်၌
အရွယ်စက၊ ခေါ်တုံကြလည်း
သူကသတ္တိ၊ ရဲရဲငြိလျက်
အမိမြန်မာ၊ ရတနာအား
ဇာနည်ဖွားဟု၊ ထင်ရှားပီပီ
ရှေ့သို့ချီ၏”။ ဆိုတဲ့ ကဗျာအဖွဲ့အနွဲ့မျိုးတွေကိုလည်း ရွတ်ဆိုခံစားပြီး
အားမာန်တက်ကြွနိုးထလာခဲ့ ရပါတယ်။
နိုင်ငံရေးဆိုတာ စွန့်လွှတ်အနစ်နာခံသူများ၊ အမြော် အမြင်ကြီးမားသူများရဲ့
ကြီးမြတ်တဲ့ ဆောင်ရွက်မှုလို့ ကျွန်တော်တို့ ဆရာ့ ဆရာသမားများက သင်ကြားမျှဝေခဲ့ ပါတယ်။
အဲ့ဒီလို အမြော်အမြင်ကြီးမားပြီး စွန့်လွှတ် အနစ်နာခံခဲ့တဲ့ နိုင်ငံရေးသူရဲကောင်းများစွာ
မြန်မာ့မြေပေါ်မှာ အမှန်တကယ်ရှိခဲ့ဖူးတယ်လို့လည်း သူတို့ တစ်တွေကပဲ မျှဝေပေးခဲ့ကြပါတယ်။
ပြောရမယ်ဆိုရင် မြောက်မြားစွာသောနိုင်ငံရေး သူကောင်းများစွာထဲက
အားကျအတုယူလောက်တဲ့ နိုင်ငံရေး သူရဲကောင်းကြီး တစ်ဦးကို ကျွန်တော်တို့ ရင်ထဲထာဝစဉ်
ကိန်းအောင်းနေအောင် ထုဆစ်ပုံဖော်ပေး ခဲ့ဖူးပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ အသွေးထဲ
အသားထဲ နှလုံးသည်းပွတ်ထဲထိတိုင် စွဲခိုင်အောင် ပန္နက် ရိုက်ထည့်ပေးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့
လွတ်လပ်ရေး ဖခင်ကြီးပါပဲ။
စင်စစ် ကျွန်တော်တို့ အသည်းပန္နက်မှာ စွဲမက်နေလောက်အောင်
နှစ်ပေါင်းများစွာ ဖြစ်တည်နေဖို့ဆိုတာ လွယ်လွယ်ကူကူ ဖြစ်တည်လာခဲ့သည်တော့မဟုတ်၊ အသက်
၃၀ သာသာရှိတဲ့ ဗိုလ်ချုပ်မှာ သူမတူအောင်သာ လွန်စွာရှိနေတဲ့ အရည်အချင်းကတော့ Honesty
လို့ခေါ်တဲ့ ရိုးသားပွင့်လင်းမှုပဲဖြစ်ပါတယ်။ အဲ့ဒီ ရိုးသား ပွင့်လင်းမှုကြောင့် အင်္ဂလိပ်စစ်ဗိုလ်ချုပ်
ဝီလျံ ဆလင်းရဲ့ ယုံကြည်မှုတွေရခဲ့ပါတယ်။ အဲ့ဒီရိုးသားမှုကြောင့် လွတ်လပ်ရေးအတွက် လမ်းခင်းပေးနိုင်ခဲ့သလို
အဲ့ဒီရိုးသားမှုတွေကြောင့်လည်း ပြည်သူတွေရဲ့ ရင်ထဲကို စွဲဝင်ငြိတွယ် နေခဲ့တာပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့လေးစားအားကျရတဲ့ ဗိုလ်ချုပ်ဟာ
ရိုးသားတယ်။ မျိုးချစ်စိတ်ရှိတယ်။ နိုင်ငံရေးအတွက် အကွက်မထွင်သလို နိုင်ငံကိုဆူပူအောင်
လုပ်ပြီးတော့လည်း အကွက်မဆင်ခဲ့ပါဘူး။ နိုင်ငံရေးအတွက် စိတ်ဝမ်းကွဲအောင်မလုပ်သလို နိုင်ငံရေးအတွက်အမြတ်ထုတ်
ကိုယ်ကျိုးမရှာခဲ့ပါဘူး။ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့ရဲ့ စံတော်ဝင်ခေါင်းဆောင်တစ်ဦး
အဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနေမှာဖြစ်ပါတယ်။
“သူ့သားတွက်ပေ၊ မဟုတ်လေဘဲ
သူနေထိုင်သည့်၊ သူ့တိုင်းပြည်တွက်
သူ့ပြည်နေရာ၊ သူကမ္ဘာတွက်
မေတ္တာဓာတ်ခံ၊ အပင်သန်လျက်
အားမာန်ထုတ်မည်၊ ဦးဆောင်မည်ဟု
ပြည်သူတိုင်းက၊ ယုံကြည်ကြ၏”
ဆရာတင်မိုးရဲ့ “အောင်ဆန်းစသော မျိုးချစ်သူရဲ ကောင်းများသို့” ဆိုတဲ့
ကဗျာထဲကလိုပဲ ဗိုလ်ချုပ်ဟာ ကိုယ့်နိုင်ငံကိုယ့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံတဲ့၊
မျိုးချစ်စိတ်ဓာတ် ထက်သန်တဲ့၊ မှန်ရာကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်တတ်တဲ့ သူရဲကောင်းတစ်ဦးဆိုတာ
ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။
ဗိုလ်ချုပ်ရဲ့ ရိုးသားမှုနဲ့ပတ်သက်ပြီး အင်္ဂလိပ် စစ်ဗိုလ်ချုပ်
ဝီလျံဆလင်းကိုယ်တိုင် ချီးကျူးမှတ်တမ်း တင်ခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဝီလျံ
ဆလင်းကိုယ်တိုင် ရေးသားတဲ့ Defeat Into Victory ဆိုတဲ့ စာအုပ်မှာ ဗိုလ်ချုပ်ရဲ့ ရိုးသားမှုတွေ၊
ပွင့်လင်းမှု တွေ၊ ရဲရင့်မှုတွေကို တွေ့ရတဲ့အတွက် ဂုဏ်ယူစရာ မြန်မာ သူရဲကောင်းတစ်ဦးအဖြစ်
ကျွန်တော်တို့ ထာဝစဉ် ဦးညွတ်အလေးပြုနေရမှာပဲ ဖြစ်ပါတယ်။
၁၉၄၅ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ဗိုလ်ချုပ်ဝီလျံ ဆလင်းက
ဗိုလ်ချုပ်အောင်ဆန်းအား မိတ္ထီလာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ထိုအချိန်က မြန်မာ့တပ်မတော်
ခေါင်းဆောင်များနှင့် ပတ်သက်၍ အင်္ဂလိပ်စစ်ဗိုလ်ချုပ် များထံ မဟုတ်မမှန် လုပ်ကြံအပုပ်ချ
သတင်းပို့ထားချက် များ ရှိခဲ့ပါတယ်။ အဲဒီလို မဟုတ်မမှန် သတင်းပို့ကြရာ မှာ ဗိုလ်ချုပ်ဦးဆောင်တဲ့
တပ်မတော်ဟာ ယုံကြည် စိတ်ချလို့ မရကြောင်း၊ ပညာမတတ်သူ အလုပ်လက်မဲ့သူ များပါဝင်ကြပြီး
တကယ့်တိုက်ပွဲများတွင် အားကိုးလို့ မရနိုင်ကြောင်းစတဲ့ မဟုတ်မမှန်သတင်းတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်
မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို အင်္ဂလိပ်တို့က အထင်အမြင် သေးနေကြပါတယ်။
ဗိုလ်ချုပ်ကိုတွေ့ဆုံချိန်တွင် ဝီလျံဆလင်းက “ဗြိတိသျှ အစိုးရကို
တော်လှန်ပုန်ကန်တိုက်ခိုက်ခဲ့သူ တစ်ဦးအနေ နဲ့ပဲဖြစ်ဖြစ်၊ စစ်အတွင်းက လူသတ်ခဲ့တယ်ဆိုတဲ့
သက်သေ အထောက်အထားတွေ အခိုင်အမာရှိနေတဲ့အတွက် တရားခံတစ်ဦး အနေနဲ့ပဲဖြစ်ဖြစ် ဖမ်းဆီးချုပ်နှောင်ခံရမှာ
ကို မစိုးရိမ်ဘူးလား” ဟု မေးခဲ့ပါတယ်။
ဗိုလ်ချုပ်က “မစိုးရိမ်ပါဘူး” ဟု ခပ်တည်တည် ပြန်ဖြေခဲ့ပါတယ်။
“ဘာဖြစ်လို့ မစိုးရိမ်တာလ” ဟု ဝီလျံဆလင်းက မေးမြန်းခဲ့ရာ
“ဘာကြောင့်လဲဆိုတော့ ခင်ဗျားဟာ ဗြိတိသျှလူမျိုး စစ်ဗိုလ်ချုပ်တစ်ဦး
ဖြစ်နေလို့ပါပဲ” လို့ ပြောခဲ့ပါတယ်။
အဲဒီလို ဗိုလ်ချုပ်ရဲ့ အဖြေစကားကို ကြားလိုက်တဲ့ ဝီလျံ
ဆလင်းဟာ ဟက်ဟက်ပက်ပက်သဘောကျခဲ့ပြီး...
“ဗြိတိသျှတွေကို ဒီလောက်အထင်ကြီးနေရင်လည်း ဘာဖြစ်လို့ ဗြိတိသျှတွေကို
မောင်းထုတ်ဖို့ ကြိုးပမ်း နေရတာလဲ” ဟု မေးခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှတွေကို မုန်း၍ တိုက်ထုတ်ရန်ကြိုးစားနေခြင်း
မဟုတ်ကြောင်း၊ မိမိတို့ တိုင်းပြည်ကို ဗြိတိသျှပဲဖြစ်စေ၊ ဂျပန်ပဲဖြစ်စေ၊ အခြားမည်သည့်
နိုင်ငံမဆိုလာပြီး အုပ်စိုးနေခြင်းကို မလိုလား၍သာ မောင်းထုတ်ဖို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း
ပြန်လည်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အဲဒီလို
ရဲဝံ့စွန့်စားတဲ့စိတ်နဲ့ ပရိယာယ်မပါ ရိုးသား ပွင့်လင်းစွာ ပြောဆိုလုပ်ကိုင် တတ်မှုတွေကလည်း
ဒီနေ့ အထိ ကျွန်တော်တို့ လေးစားချစ်ခင်နေရတဲ့ အကြောင်း အရင်းတွေပါပဲ။
တကယ်တမ်းပြောရရင် ဗိုလ်ချုပ်ဟာ နယ်ချဲ့အင်္ဂလိပ်ကိုသာ တိုက်ပွဲဝင်နေရတာမဟုတ်ဘဲ
Factional Politics လို့ခေါ်တဲ့ အုပ်စုဖွဲ့နိုင်ငံရေးတွေ ကြားမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့
တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး အတွက်ပါ ခက်ခက်ခဲခဲ ထမ်းဆောင်ခဲ့ရသူ ဖြစ်ပါတယ်။
မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်ကို သွားရောက် ဆွေးနွေးခဲ့ပြီး
ပြန်လည်ရောက်ရှိချိန်မှာ ဗိုလ်ချုပ်ကိုယ်တိုင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းအိမ်ကို
သွားရောက်ပြီး ...
“ဆရာကြီး မျှော်မှန်းလာခဲ့တဲ့ လွတ်လပ်ရေးကို တစ်နှစ်အတွင်းရအောင်
ကျွန်တော်တို့ ကြိုးစား နေပါတယ် ဆရာကြီး။ တစ်နှစ်လောက်တော့ စောင့်ကြည့်ပါဦး၊ ဒီအတွင်း
ဆရာကြီးဘာမှ မလုပ်ပါနဲ့ဦး” လို့ တောင်းပန်ခဲ့ပါတယ်။
အဲ့ဒီလို ပြောခံရတဲ့ဆရာကြီး သခင်ကိုယ် တော်မှိုင်းဟာ “ဟေ...
အောင်ဆန်း မင်းကဆရာလား၊ ငါက ဆရာလား” ဟု ဗိုလ်ချုပ်ကိုပြန်မေးခဲ့ပါတယ်။
အတော်ပင် ဆရာကြီးစိတ်ဆိုးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်က
“ဆရာကြီး ဒီ့ပြင် လူဘာပြောပြော ကျွန်တော်တို့ မထိခိုက်ခိုက်ဘူး။ ဆရာကြီးက ကျွန်တော်တို့ကို
ဆန့်ကျင်တဲ့ စကားတစ်ခွန်းပြောရင် တစ်ခွန်း ထိခိုက်ပါတယ်။ ကျွန်တော် ကတိပေးတဲ့အတိုင်း
တစ်နှစ် ပြည့်လို့ ဘာမှဖြစ်မလာဘူး ဆိုရင် ဆရာကြီး လုပ်ချင်တာ လုပ်ပါ။ ကျွန်တော်လည်း
နိုင်ငံရေး မလုပ်တော့ဘူး။ အေးဆေးပဲနေတော့မယ်” ဟု ဇွတ်တောင်းပန်ခဲ့ရဖူးပါတယ်။
အဲဒီအချိန်ဟာ အောင်ဆန်းအက်တလီ စာချုပ်ကို အတည်ပြုဖို့အတွက်
ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့အချိန်ဖြစ်ပြီး ကွန်မြူနစ်များက ဗြိတိသျှတို့၏ လိုက်လျောချက်ဟာ
မူလတောင်းဆိုချက် များထက် များစွာလျော့နည်းနေတယ်” ဟု ဆိုပြီး ဆန့်ကျင်အုံကြွနေတဲ့ အချိန်ဖြစ်ပါတယ်။
အဲဒီလို အမျိုးသားစည်းလုံးညီညွတ်ရေး အတွက် ကြိုးပမ်းရှာခဲ့ရသလို
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အတွက်လည်း ဘယ်လောက်စိတ်ရှည်သည်းခံ ဆောင်ရွက်ခဲ့ရတယ်ဆိုတာ
လေ့လာကြည့်ရင် သိရမှာ အမှန်ပါပဲ။
လွတ်လပ်ရေးအတွက် အင်္ဂလန်ကို သွားရောက် အရေးဆိုနေတဲ့ ဗိုလ်ချုပ်ကို
“ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားပြည်သူ လူထု၏ ကိုယ်စားလှယ် မဟုတ်ပါ။ ရှမ်းတိုင်းရင်းသားတို့၏
အနာဂတ်ရေးရာများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခွင့် ဗိုလ်ချုပ်အောင်ဆန်းထံ၌မရှိ” ဟုနန်းရင်းဝန်
အက်တလီထံ ကြေးနန်းရိုက်၍ တားမြစ်ခံခဲ့ရပါတယ်။
အဲဒီကြေးနန်းစာကိုချေဖျက်ဖို့အတွက် ရှမ်းတိုင်းရင်းသား
လူငယ်ခေါင်းဆောင် ဦးတင်အေး၊ ဦးထွန်းမြင့်နှင့် ပြည်သူလူထု ထောင်သောင်းချီ၍ ပြန်လည်ထောက်ခံ
ပြန်ကြားခဲ့ရတာကို ကြည့်ပြီး ကျွန်တော်တို့ ဗိုလ်ချုပ်အနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက်
ဘယ်လောက် ပေးဆပ်ဆောင်ရွက်ခဲ့ရ တယ်ဆိုတာကို ပေါ်လွင်နေခဲ့ပါတယ်။
ဒါတင်မကပါဘူး။ ၁၉၄၇ ခုနှစ် မေလ ၃၀ ရက်နေ့ မှာကျင်းပခဲ့တဲ့
သတင်းစာ ကွန်ဖရင့်မှာ “ကျုပ်တို့အစိုးရ အခု လုပ်နေတာဟာ ဆန်စင်ရာ ကျည်ပွေ့လိုက်ဆိုသလို
ဟိုကဆူရင် ဟိုလိုက်လုပ်၊ ဒီကဆူရင် ဒီလိုက်လုပ်ဆိုသလို ဖြစ်နေပြီ” လို့ ပြောကြားခဲ့တဲ့
ဗိုလ်ချုပ်မိန့်ခွန်းကို ကြည့်ရင် တိုင်းပြည်အကျိုး၊ လူမျိုးအကျိုးအတွက် ဘယ်လောက် စိတ်ညစ်ခံပြီး
ဆောင်ရွက်ခဲ့ရတယ်။ ဘယ်မျှ စိတ်ရှည်သည်းခံခဲ့ရတယ် ဆိုတာကို သိနိုင်ကြမှာဖြစ်သလို ၁၉၄၇
ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပခဲ့တဲ့ တောင်သူလယ်သမားညီလာခံတွင် ပြောကြားခဲ့တဲ့
မိန့်ခွန်းကို ကြည့်ရုံဖြင့်လည်း နိုင်ငံရေးသမားများရဲ့ နိုင်ငံရေး အယူအဆအမျိုးမျိုး၊
ယုံကြည်ချက် ခံယူချက် အမျိုးမျိုးကြားမှာ ဘယ်လောက်စိတ်ဆင်းရဲခံလုပ်ကိုင် ခဲ့ရတယ်ဆိုတာ
သိမြင်နိုင်မှာပဲ ဖြစ်ပါတယ်။
“သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနဲ့
ဟိုပြေးရ ဒီပြေးရနဲ့ အင်မတန် ခေါင်းကျိန်းပါတယ်။ တိုင်းပြည်ခေါင်းဆောင်လုပ်တာ သိပ်စည်းစိမ်ရှိတယ်လို့တော့
မထင်ကြပါနဲ့။ ကျုပ်အဖို့တော့ ကျားမြီးဆွဲမိလို့သာ ဆက်လုပ်နေရတာဗျ”။
တကယ်တော့ ဗိုလ်ချုပ်ဟာ ကျွန်တော်တို့စိတ်နှလုံးမှာ နိုင်ငံရေး
ခေါင်းဆောင်တစ်ဦး ဆိုတာထက် နိုင်ငံ့ဦးသျှောင် တစ်ဦး၊ သူရဲကောင်းတစ်ဦး၊ စွန့်လွှတ်ပေးဆပ်
သူတစ်ဦး၊ ပရိယာယ်မပါ ရိုးသားပွင့်လင်းသူ တစ်ဦးဆိုတာကို ကျွန်တော်တို့အားလုံးက သိမှတ်လက်ခံထားပြီး
ဖြစ်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်လို တိုင်းပြည်အတွက် ရိုးရိုးသားသား ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့
သူပင်လျှင် အဖျက်ပယောဂအမျိုးမျိုး၊ ဘေးထိုး ခြေရှုပ်မှု အဖုံဖုံ၊ သပ်လျှို သွေးခွဲမှု
အပြားပြားဖြင့် ကြုံခဲ့ တာကို တွေ့မြင်ခဲ့ရပါတယ်။
နိုင်ငံရေးမှာရိုးသားမှုထက် ကောင်းတဲ့လက်နက် မရှိဘူးဆိုတဲ့
ယုံကြည်ချက်နဲ့ ရိုးရိုးသားသား ဖြူဖြူစင်စင် စိတ်ရှည်သည်းခံ ဆောင်ရွက် ခဲ့ရပါတယ်။
ဗိုလ်ချုပ်အပေါ် နောက်ထပ် စာနာနားလည်မှုတစ်ခုအနေနဲ့ ရှုမြင်ကြည့်မယ်ဆိုလျှင်
လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလအတွင်းမှာ ထိပ်တိုက် ရင်ဆိုင်မှု နည်းလမ်းတွေကို ရှောင်ရှားပြီး
အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ အမျိုးသားနိုင်ငံရေး လမ်းကြောင်းမှာ တပ်ပေါင်းစုညီညွတ်ရေးလမ်းကြောင်းကို
အခြေခံပြီး ပင်လုံညီလာခံကဲ့သို့သော အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ခြင်းတို့ကို
တွေ့ရမှာ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ချစ်ခင်မြတ်နိုးရတဲ့ ဗိုလ်ချုပ်ကို
မွေးဖွားသန့်စင်ပေးခဲ့တာဟာ နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပါပြီ။ ယခုအချိန်မှာ သက်ရှိထင်ရှား
မရှိတော့ပေမယ့် ဗိုလ်ချုပ်ရယူပေးခဲ့တဲ့ လွတ်လပ်ရေး အသီးအပွင့်တွေ၊ ဗိုလ်ချုပ်ရဲ့ရိုးသားပွင်းလင်းမှုတွေ၊
စွန့်လွှတ် အနစ်နာခံတတ်မှုတွေ၊ မျိုးချစ်စိတ်ဓာတ် ရင့်သန်ခိုင်မာမှုတွေ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်ထိန်းသိမ်း
မှုတွေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် တည် ဆောက်ပေးခဲ့မှုတွေ ကတော့ နောင်နှစ်ပေါင်းများစွာ
တိုင်အောင် ပြောစမှတ် တွင်ရစ်နေဦးမှာဖြစ်ပါတယ်။
အမှန်စင်စစ် ကျွန်တော်တို့အားလုံး သတိပြုရမှာက ဗိုလ်ချုပ်ကို
သတိရရုံ၊ တမ်းတရုံနဲ့ မပြီးဆုံးဘဲ ကျွန်တော် တို့မြေပေါ်မှာ ဗိုလ်ချုပ်လို အာဇာနည်သူရဲကောင်းများစွာ
ပေါ်ထွန်းလာအောင် ထုဆစ်ပုံဖော်ပေးနိုင်ကြရမှာ ဖြစ်သလို အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး
အတွက် ဗိုလ်ချုပ်လိုစိတ်ရှည်သည်းခံ စေ့စပ်ညှိနှိုင်း အဖြေရှာပေးတတ်တဲ့ နိုင်ငံရေးသမားများစွာ
ပေါက်ဖွား ရှင်သန်လာအောင်လည်း ဝိုင်းဝန်းကြိုးပမ်း ပေးကြရမှာ ဖြစ်ပါတယ်။
မည်သို့ဆိုစေ မြန်မာ့နိုင်ငံရေး လမ်းကြောင်းပေါ်မှာ ဗိုလ်ချုပ်လို
ပကတိရိုးသားဖြူစင်တဲ့နိုင်ငံရေး ခေါင်းဆောင်များ ဘယ်သို့ဘယ်ပုံ နိုးထ ပုံပေါ်လာလိမ့်မလဲဆိုတာ
မျှော်လင့်တွေးဆရင်း ဆရာဇော်ဂျီရဲ့ သခင်အောင်ဆန်း တရား ကဗျာလေးတစ်ပုဒ်ကို ရေရွတ်သတိရမိ
နေပါတယ်...။
“ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း
မင်း၏သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရားဟောမည်နည်း...
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဟောစရာကား
အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့
မင့်သားသိစေချင်လှ၏”။
No comments:
Post a Comment