Monday, February 16, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လောက်ကိုင်ဒေသ တိုက်ပွဲများတွင် နိုင်ငံတော်အတွက် ရဲဝံ့စွာ တိုက်ပွဲဝင် ကာကွယ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံဂုဏ်ပြုအားပေး




နေပြည်တော် ဖေဖော်ဝါရီ   ၁၆
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ် ကြီးဝေလွင်၊  ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဒေါက်တာသန်းအောင်၊ တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ  အထူးလေယာဉ်ဖြင့် ထွက်ခွာလာခဲ့ကြရာ မန္တလေးတိုင်း ဒေသကြီး ၊ အနီးစခန်း လေဆိပ်သို့ ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် လတ်တလော ကာလအတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများ၌ နိုင်ငံတော် အတွက် ရဲဝံ့ စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာရရှိခဲ့သော တပ်မတော် သားအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား ပြင်ဦးလွင်တပ်နယ်၊ တပ်မတော်ဆေးရုံ၌ သွားရောက် တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံ အားပေးကာ ၎င်းတို့အတွက် လိုအပ်မည့်ဂုဏ်ပြုငွေနှင့် လက်ဆောင်ပစ္စည်း ၊ စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံ ခန်းမ၌ ကျင်းပသည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများက ၎င်းတို့၏ လစာငွေများထဲမှ လစဉ် (၂၅) ရာခိုင်နှုန်း စုဆောင်းထားသော ရန်ပုံငွေမှ လောက်ကိုင်ဒေသ စစ်ဆင်ရေးတွင်ကျဆုံးသွားသော တပ်မ တော်အရာရှိ/စစ်သည်များ အတွက် ငွေကျပ် သိန်း(၉၀၀) နှင့် ဆေးရုံ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ထိခိုက်ဒဏ်ရာရ တပ်မတော်အ ရာရှိ၊ စစ်သည်များအတွက် ငွေကျပ် သိန်း(၁၀၀) စုစုပေါင်း ငွေကျပ် သိန်း (၁၀၀၀) ကို နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်က ပေးအပ်ရာ တပ်မတော်သားများ ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ဝေလွင်က လက်ခံ ရယူသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ထိခိုက်ဒဏ်ရာရရှိသည့် တပ်မ တော်အရာရှိ၊ စစ်သည် မိသားစုများနှင့်  တွေ့ဆုံကာ အားပေးစကား ပြောကြားရာ၌ မိမိတို့နိုင်ငံအနေဖြင့် အစဉ်အဆက်က ပိုင်ဆိုင်ခဲ့သည့် အချုပ်အခြာ အာ ဏာပိုင်မြေကို တစ်လက်မမျှ အဆုံးရှုံးခံမည် မဟုတ် ကြောင်း၊ တရားသောစစ်ကို ဆင်နွှဲရင်း စွန့်လွှတ်စွန့် စားစိတ်များဖြင့် ရဲရဲ ရင့်ရင့် တိုက်ပွဲဝင်ခဲ့ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် တပ်မတော်သားများ၏ စိတ်ဓါတ်ကို လေးစား ဂုဏ်ပြုပါကြောင်း၊ ခေတ်အဆက် ဆက်တွင် နိုင်ငံတော် ကာကွယ်ရေးအတွက် သမိုင်းဝင်တိုက်ပွဲကြီး ပေါင်းများစွာကို တပ်မတော် သားများက ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ပါကြောင်းဖြင့် ပြောကြားခဲ့ပြီး တပ်မတော်သား မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ သည်။

No comments:

Post a Comment