Wednesday, February 18, 2015

ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ကြက်ခြေနီယာဉ်တန်း ချင်းရွှေဟော်မြို့အနီး၌ ပစ်ခတ်ခံရ





နေပြည်တော် ဖေဖော်ဝါရီ ၁၇
လောက်ကိုင်ဒေသတွင် နေရပ်ဒေသသို့ ပြန်လည် ထွက်ခွာလာကြသူများနှင့် စစ်ဘေးရှောင် ဒုက္ခသည်များအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ယာဉ်တန်း ချင်းရွှေဟော် အနီး၌ ပစ်ခတ်ခံရကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၁ နာရီကျော်ခန့်တွင် လောက်ကိုင်ဒေသမှ စစ်ဘေးရှောင် ဒုက္ခသည် ၁ဝဝ ကျော်အား မော်တော် ယာဉ် ခုနစ်စီးဖြင့် သယ်ဆောင်လာစဉ် ချင်းရွှေဟော်မြို့နှင့် ကိုးမိုင်ခန့်အကွာတွင် လက်နက်ငယ်များဖြင့် ငါးမိနစ်ခန့် ပစ်ခတ်ခံရပြီး ကွမ်းလုံမြို့ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင် ဦးမိုးကျော် ၅၂ နှစ်မှာ ဝမ်းဗိုက် ထိမှန်ဒဏ်ရာ နှင့် ဦးဇော်မင်းထိုက် ၃၉ နှစ်မှာ မျက်စိထိမှန် ဒဏ်ရာများ ရရှိခဲ့ကြသည်။
ထိခိုက်ဒဏ်ရာ ရသူများအား ကွမ်းလုံမြို့နယ် ဆေးရုံတွင် ဆေးဝါးကုသမှုများ ပြုလုပ်ပေးရာ ဦးမိုးကျော်၏ ဝမ်းဗိုက်ဒဏ်ရာအား ကုသနိုင်ခဲ့သော်လည်း ကိုဇော်မင်းထိုက်မှာ ကွမ်းလုံဆေးရုံ၌ မျက်စိဆရာဝန် မရှိသဖြင့် လားရှိုးဆေးရုံသို့ ဆက်လက် ပို့ဆောင်ကုသပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ဒုက္ခသည်များ သယ်ဆောင်လာသည့် ယာဉ်တန်းတွင် နိုင်ငံတကာပဋိပက္ခဖြစ်စဉ်များ၌ လိုက်နာ ရမည့် စည်းမျဉ်းများအတိုင်း ကြက်ခြေနီအလံကို ထင်ရှားစွာ လွှင့်ထူထားသည့်အပြင် ယာဉ်တန်း၌ ကြက်ခြေနီ အမှတ်တံဆိပ်ပါ အင်္ကျီများကို ဝတ်ဆင်ထားကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေက ပြောကြားခဲ့သည်။

No comments:

Post a Comment