Tuesday, February 3, 2015

အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးရှိ နိုင်ငံ့ဝန်ထမ်းများအား ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ


ပဲခူး ဖေဖော်ဝါရီ ၂

နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိသည့် အုပ်ချုပ် ရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အခြေအနေများ ကိုသိရှိနားလည်စေရန် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာ မောင်မောင်သိမ်း၊ဒေါ်သိန်းသိန်းဌေးနှင့် ဒေါ်ဝင်းမော်ထွန်းတို့ သည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အတွင်းရှိ အရာထမ်းနှင့် အမှုထမ်းများအား ပဲခူးတိုင်းဒေသ ကြီး မြို့တော်ခန်းမ၌တွေ့ဆုံ၍ ရှင်းလင်းပြောကြားသည်။


ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက နိုင်ငံတော်သမ္မတ ကိုယ်စား အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှဆောင်ရွက်လျက်ရှိသော အခြေအနေများ ကို အရာထမ်း၊ အမှုထမ်းများအား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းအကောင် အထည်ဖော်ရာတွင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ရှိသည့် သန့်ရှင်းသောအစိုးရဖြစ်ရေး မူဝါဒကိုချမှတ်၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော်ရာတွင်လည်း နိုင်ငံ၏ထိပ်ပိုင်းအဆင့်မှ နိုင်ငံရေးစိတ် ဆန္ဒပြင်းပြမှုရှိရုံဖြင့် အောင်မြင်နိုင်မည်မဟုတ်ဘဲ အုပ်ချုပ်မှု ယန္တရားအဆင့်ဆင့်ကို တာဝန်ယူအကောင်အထည်ဖော် နေသည့် ပြည်သူ့ဝန်ထမ်းအဆင့်ဆင့်က ပြုပြင်ပြောင်းလဲလို သည့် သန္နိဋ္ဌာန်စိတ်ခိုင်မာမှသာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ လျင်မြန်ချောမွေ့အောင်မြင်မည်ဖြစ်ကြောင်း။

မိမိတို့အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များကို အဓိကထားဖြည့်ဆည်းပေးနိုင်ရန် ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်အဖြစ် လျှပ်စစ်မီး၊ သောက်သုံး ရေ၊ စိုက်ပျိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစသည့် ကဏ္ဍများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် လိုအပ်ချက် များဖြစ်သော လစာတိုးမြှင့်ပေးနိုင်ရေး၊ ကျန်းမာရေးစောင့် ရှောက်မှုစနစ်နှင့် ဝန်ထမ်းမိသားစုများ၏ ပညာသင် ထောက်ပံ့ကြေးတို့ကို နှစ်အလိုက် တိုးတက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည့်အစီအမံများကို ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။

အစိုးရသစ်လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာ နှင့်ပတ်သက်၍ ၂ဝ၁၁ ခုနှစ် ဇူလိုင် ၁ ရက်တွင် အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာတိုးမြှင့်ခြင်း၊ ၂ဝ၁၂ ခုနှစ် ဧပြီ ၁ ရက်တွင် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခွင့်ပြုပေးခြင်း၊ ၂ဝ၁၃ ခုနှစ် ဧပြီ ၁ ရက်နှင့် ၂ဝ၁၄ ခုနှစ် ဧပြီ ၁ ရက်များတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ အား ပြင်ဆင်တိုးမြှင့်သတ်မှတ်ပေးခဲ့သည်ကို အားလုံးအသိ ပင်ဖြစ်ကြောင်း၊ ယခုအခါတွင်လည်း နိုင်ငံ့ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းကိစ္စရပ်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရန် အသေးစိတ် တွက်ချက်ဆောင်ရွက်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ်စကား အဖြစ် ပြောကြားလိုကြောင်း။

နိုင်ငံ့ဝန်ထမ်းများ၏ လစာတိုးမြှင့်ခြင်းပြုသည့်အခါတိုင်း ကုန်ဈေးနှုန်းများမြင့်တက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံ့ ဝန်ထမ်းများသည် ပုံမှန်ဝင်ငွေရရှိနေသူများဖြစ်သော်လည်း ယင်းတို့၏ ဘဝနောင်ရေးအတွက် အငြိမ်းစား လစာကိုသာ မှီခိုအားထားနေရသူများဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍဝန်ထမ်း များသည်လည်း အငြိမ်းစားလစာ မရရှိသော်လည်း ပုံမှန် ဝင်ငွေရရှိသူများဖြစ်ကြောင်း။

ဝန်ထမ်းမဟုတ်သည့် လယ်သမား၊ အလုပ်သမား၊ လက်လုပ်လက်စားစသည့် အခြေခံလူတန်းစားအမျိုးမျိုးတို့ သည် နေ့စဉ်ရှာဖွေလုပ်ကိုင်နိုင်မှုအပေါ်မူတည်၍ ဝင်ငွေ ရရှိကာ ခြိုးခြံချွေတာသုံးစွဲနေရသည့်အတွက် အခြေခံ စားသောက်ကုန်များ မြင့်တက်လာမှုဒဏ်ကို ခံနိုင်ရည်ရှိရန် ကိစ္စရပ်မှာ ခန့်မှန်းရခက်ကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍများတွင် ရပ်တည်နေသည့် အလုပ်သမားများအပေါ်တွင် လည်း အကျိုးသက်ရောက်မှုများ ရှိနိုင်သောကြောင့် ပုဂ္ဂလိကကဏ္ဍရှိ လုပ်ခ၊ လစာအခြေအနေအပြင် ပြည်သူ တစ်ဦးချင်းစီ၏ ပျမ်းမျှဝင်ငွေသည် ဖြစ်ပေါ်လာမည့် အခြေ အနေနှင့် လိုက်လျောညီထွေမှုရှိရန် ထည့်သွင်းစဉ်းစားရ မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာ တွင် တစ်တိုင်းပြည်လုံးတွင်ရှိသော နိုင်ငံ့ဝန်ထမ်းအင်အား သည် တစ်တိုင်းပြည်လုံး၏ နှစ်ရာခိုင်နှုန်းမျှသာရှိပြီး ကျန် ၉၈ ရာခိုင်နှုန်းသည် ပြည်သူများဖြစ်၍ ကုန်ဈေးနှုန်းတက် လျှင် ခံစားရမည်မှာ ပြည်သူများသာဖြစ်သည့်အတွက် စာနာ နားလည်ပေးရမည် ဖြစ်ကြောင်း၊ ပြည်သူအများစု၏အကျိုး စီးပွား မထိခိုက်စေရန်နှင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေမည့် နည်းလမ်းကို ဆောင်ရွက်ရမည်မှာ လွန်စွာအရေးကြီးသည့် အချက်ဖြစ်ကြောင်း။

ထို့ကြောင့် မိမိတို့အနေဖြင့် ဝန်ထမ်းများ၏ လစာ တိုးမြှင့်ရေးကို အထူးအလေးထားဆောင်ရွက်ပေးမည်ဖြစ် ပြီး ဝန်ထမ်းများ အငြိမ်းစားယူပါက ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရေး၊ ကျန်းမာရေးနှင့် ဝင်ငွေဆိုင်ရာ သုံးစွဲကုန်ကျ မှုများကို အထောက်အပံ့ဖြစ်စေမည့် အစီအစဉ်များလည်း ဖော်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ဖော်ဆောင်ခြင်း သည် နိုင်ငံဖွံ့ဖြိုးမှုအတွက် ရေရှည်ခိုင်မာသည့် အုတ်မြစ်ကောင်းတစ်ခု ချမှတ်နိုင်ရန် ဖြစ်ကြောင်း။

နိုင်ငံတကာ၌ အောင်မြင်စွာကျင့်သုံးနေသည့် ဝင်ငွေ စုဆောင်းသည့်ရန်ပုံငွေစနစ်တစ်ခုကို ထူထောင်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လူတစ်ဦးချင်း ဝင်ငွေစုဆောင်း သည့်စနစ်(Myanmar Provident Fun)အား နိုင်ငံ့ ဝန်ထမ်းများ အငြိမ်းစားယူသည့်အခါ ကိုယ်ပိုင်အိမ်ရာဖြင့် နေထိုင်နိုင်ရေးအတွက် ဦးတည်အကောင်အထည် ဖော်လျက် ရှိကြောင်း၊ ယင်းအကျိုးဆက်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံတော်၏ထောက်ပံ့မှုကို ပြည့်ဝစွာခံစားနိုင်မည် ဖြစ်ပြီး စုဆောင်းငွေနှင့်ပင် မိမိတို့၏ ရင်သွေးငယ်များအတွက် ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များအတွက် စိတ် ချမ်းမြေ့ဖွယ် လူမှုဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း။

နိုင်ငံတော်သည် ကျန်းမာရေးကဏ္ဍအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ကျင့်သုံးလျက်ရှိပြီး နှစ်စဉ် ဘတ်ဂျက်များအား ပိုမိုခွဲဝေချထားသည်ကို အသိ ပေးလိုကြောင်း၊ ထို့အပြင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်များကို ထားရှိဆောင်ရွက်လျက်ရှိရာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် လည်း လူမှုဖူလုံရေးအဖွဲ့တွင် အဖွဲ့ဝင်ခြင်းဖြင့် လက်တွေ့ ဘဝအတွက် ထိရောက်သည့် အကျိုးခံစားမှုများ ရရှိမည် ဖြစ်ကြောင်း။

ပညာရေးကဏ္ဍတွင်လည်း ဝန်ထမ်းများ၏ သားသမီး များအပါအဝင် ကျောင်းသား ကျောင်းသူများအတွက် ၂ဝ၁၁-၂ဝ၁၂ ပညာသင်နှစ်မှစတင်၍ အခမဲ့မူလတန်းပညာ သင်ကြားရေး၊ ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်းပညာသင်ကြားရေးတို့ကို တစ်နိုင်ငံလုံးအတွက် ဆောင်ရွက်ပေးခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် အခမဲ့အထက်တန်းပညာသင်ကြားရေးကို ဆောင်ရွက်ပေး နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ဘဏ္ဍာရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေး ကဏ္ဍများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဒုတိယဝန်ကြီးများက အကျယ်တဝင့်ပြောကြားရာတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် ပတ်သက်၍ သိသင့်သိထိုက်သောအရာများနှင့် မြန်မာနိုင်ငံ တွင် စတင် အကောင်အထည် ဖော်နေသည့် စတော့ရှယ်ယာ အကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သိန်းသိန်းဌေးက အစိုးရသစ်လက်ထက်တွင် နိုင်ငံတော် ကျန်းမာရေးအသုံးစရိတ်ကို နှစ်စဉ် ပိုမိုမြှင့်တင် သုံးစွဲနေမှု နှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဝန်ထမ်းများ အတွက် လူမှုဖူလုံ ရေးစနစ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများအကြောင်း၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ၂ဝ၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေနှင့် လူမှုဖူလုံရေး စီမံကိန်းလုပ်ငန်းများ အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပြောစရာများရှိသလို အစိုးရသစ်လက်ထက် တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များတွင် ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲလျက်ရှိသည်ကို ပြည်သူ လူထုကို အသိပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ သည် နိုင်ငံတော်၏ အဓိကကျသော အခန်းကဏ္ဍကို တာဝန်ယူဆောင်ရွက်နေသူများဖြစ်ကြောင်း၊ မည်သည့် အစိုးရပင်ပြောင်းပြောင်း ဝန်ထမ်းများသည် ပြည်သူအား တာဝန်ခံရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ချမှတ်ထား သော ဥပဒေစည်းမျဉ်း စည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်း များကို ကျေညက်စွာနားလည်မှ ပြည်သူအား ထိရောက်စွာ အလုပ်အကျွေး ပြုနိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ နောင်တက် လာမည့် အစိုးရသည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


ယနေ့ပြုလုပ်သော အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနား သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးရှိ အရာထမ်း၊ အမှုထမ်းပေါင်း ၆ဝ၈ ဦး တက်ရောက်ခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment