National Network for Education Reform
(NNER) နှင့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ တို့မှ ကိုယ်စားလှယ်များ
ကိုယ်စား ဒေါက်တာ သိန်းလွင်၊ ဒေါက်တာ ညိုညိုသင်းနှင့် ဦးအောင်မှိုင်း ဆန်းတို့ လက်မှတ်
ရေးထိုး တင်သွင်းထားသည့် အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ပတ်သက်ပြီး
ရှုထောင့် အမျိုးမျိုးမှ သုံးသပ် ရေးသားသည့် ဆောင်းပါးများ အနက် သတင်းနှင့် စာနယ်ဇင်း
လုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှု မီဒီယာဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော ဆောင်းပါး
များကို ရွေးချယ် ဖော်ပြ ပေးသွားမည် ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည်
ဆောင်းပါးရှင်၏ ကိုယ်ပိုင် ရှုမြင် သုံးသပ်ချက်များသာ ဖြစ်ပြီး သတင်းနှင့် စာနယ်ဇင်း
လုပ်ငန်း၏ အယူအဆ မဟုတ်ပါ။ အမျိုးသား ပညာရေး ဥပဒေကို စိတ်ဝင်စားသူများ အနေဖြင့်လည်း
ဆောင်းပါးများ ရေးသား ပေးပို့နိုင်ပြီး သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့်
ကိုက်ညီပါက ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
မောင်ပြည်ချစ်
မြန်မာနိုင်ငံတော် သစ်ကြီး တည်ဆောက် နေသည်ကို
လွန်ခဲ့သော ၄ နှစ် ရလဒ်များအရ များစွာ ဂုဏ်ယူပီတိ ဖြစ်လျက်ရှိပါသည်။
ထူးခြား သိမ်မွေ့ ညင်သာစွာ ရွေ့နေသည်မှာလည်း
ဝါဂွမ်းဆီထိပမာ တစိမ့်စိမ့် နှစ်သက် မိပါသည်။
၂ဝ၁၅ ခုနှစ်သို့ ချင်းနင်း ဝင်ရောက် လာခဲ့ပါသည်။
နိုင်ငံရေးပါတီကြီး တစ်ခုမှ တိုးမြှင့်၍ အစိုးရအား ပြဿနာ မျိုးစုံ ဖန်တီးမည့် သတင်းများ
၂ဝ၁၄ ခုနှစ်၊ မနှစ်က နိုဝင်ဘာလကပင် ရရှိခဲ့ပါသည်။ အခုတော့ သတင်းများမှာ သွေးထွက်အောင်
မှန်နေပါသည်။ ''မစားရတဲ့အမဲ သဲနဲ့ပက်မည်''၊ ''သပိတ်စုံ သူပုန်ထ''၊ ''ပြည်သူ ဒုက္ခရောက်၊
အစိုးရ အကျပ်ရိုက်စေ'' စသည့် မြန်မာလူမျိုးစရိုက် မဟုတ်သော ကွန်မြူနစ် အတွေးအခေါ် လုပ်ဆောင်မှု
များမှာ ''လယ်ပြင်တွင် ဆင်သွားသလို'' ထင်ရှားလာပါသည်။
လွှတ်တော်၊ အစိုးရနှင့် တည်ဆဲ ဥပဒေများကို လိုက်နာစိတ်များ
ကင်းမဲ့အောင် လုပ်လာကြသည်။ လွှတ်တော် ကိုပင် ကျော်လွန်ရန် ကြိုးစားနေကြသည်။ တိုင်းကြီး
ပြည်ကြီးသားများမှ ဟုတ်ပါလေစွ၊ စည်းကမ်း မရှိလျှင် မတိုးတက်နိုင်ပါ၊ စည်းကမ်းရှိမှ
တိုးတက်မည်သာ၊ ဒီမိုကရေစီစနစ်၏ ဖွားဖက်တော်များ ဖြစ်သည့် လွတ်လပ် ခွင့်နှင့် လူ့အခွင့်အရေး
ရပိုင်ခွင့်ဟု ဆိုသော်လည်း တာဝန်ရှိမှု၊ တာဝန်သိမှု၊ တရားဥပဒေ စိုးမိုးမှုများမှာလည်း
တစ်ပါတည်း ဖြစ်ပါသည်။
လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ဆိုသော်လည်း လူအများ
အနှောင့်အယှက် မဖြစ်စေရန် လည်း ဆင်ခြင်ပေး ရမည်။ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်
မိန့်ခွန်းများကို လူငယ် လူရွယ်များ ဖတ်ရှု မှတ်သားသင့်ကြပါ သည်။ လိုက်နာ သင့်ကြပါသည်။
တချို့က ဗိုလ်ချုပ် နာမည်ကို ကိုယ့်နာမည် လုပ်သည်။ အတွေးအခေါ် လုပ် ဆောင်မှုကဖြင့် ဗိုလ်ချုပ်
ခြေဖျားကိုပင် မမီ။
ယခုလည်း အရည်အသွေး ပြည့်မီသော ပညာရေး ပြုပြင်ပြောင်းလဲမှု
ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည်မှာ သုံးနှစ် ခန့် ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း
တစ်ဖက်သတ် လွှမ်းမိုးလိုစိတ်များဖြင့် စွက်ဖက်နေကြသည်။ နိုင်ငံနှင့် လူမျိုးအတွက် ဥပဒေများပြုရာတွင်
Emotion နှင့် ဆောင်ရွက်၍ မရပါ။ နာကြည်းမှုဖြင့် ဆောင်ရွက်၍ မရပါ။ နိုင်ငံရေး ညစ်ပတ်မှုဖြင့်
ဆောင်ရွက်၍မရပါ။ ဖြူစင်သောစိတ်၊ မှန်ကန်သော စေတနာဖြင့် သာ ဆောင် ရွက်ရပါမည်။ ပညာဉာဏ်၊
ဓမ္မဉာဏ်၊ ပညာအသိ၊ ဓမ္မအသိဖြင့်သာ လုပ်ဆောင်ကြရပါမည်။
မူကြိုမှ တက္ကသိုလ်အထိ သမဂ္ဂကအုပ်ချုပ်မည်။ သာသနာရေး၊
ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့လို သီးခြား ဘာသာရပ်များ၏ သင်ကြားမှုဌာနများကို
သမဂ္ဂများမှ အုပ်ချုပ်မည်။ တော်သူ၊ ထူးချွန်သူ မရှိစေရ။ စာမေးပွဲမရှိဘဲ ဘွဲ့ရလို သည်။
ကျောင်းဆွေး၊ လူဆွေးနေပြီး သမဂ္ဂ နေရာယူ၍ ကျောင်း များ၊ တက္ကသိုလ်များကို အုပ်ချုပ်လိုသည်။
ဒီအတိုင်းဆိုရင် ပရိယတ္တိ တက္ကသိုလ်များပင် သမဂ္ဂနဲ့ အုပ်ချုပ်ရ မလို ဖြစ်နေပြီ။
ဆရာ ဆရာမများကို ကျောင်းသားသမဂ္ဂက ခန့်မည်။
မြန်မာ့ယဉ်ကျေးမှု နှင့် ဖီလာ ဆန့်ကျင်နေသည်။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ဟူသည် အနန္တဂိုဏ်းဝင်
ဖြစ်သည်ကိုပင် မေ့နေကြပြန်သည်။ ပိုဆိုးတာက တိုင်းရင်းသား ဘာသာ စကားစာပေကို မိခင်ဘာသာစကားဖြင့်
အစားထိုးလိုပြန်သည်။ ရခိုင်ပြည်နယ်တွင် ဘင်္ဂလီ စာသင် ပေးရမည်လား၊ ကိုးကန့်ဒေသတွင် မိခင်
တရုတ်စာ သင်ပေးရမည်လား။
ရဟန်းရှင်လူ၊ မိဘပြည်သူများ၊ ကျောင်းသား ကျောင်းသူများ၊
ဆရာ ဆရာမများ၊ ကျောင်းသား မိဘများ အခုဥပဒေကြမ်းကို အလေးအနက်ထား လေ့လာ ဝေဖန်ပေးရန် အနူးအညွတ်
ပန်ကြားအပ်ပါသည်။
နိုင်ငံတွင်းရှိ ပြည်သူများ၏ ကိုယ်စားလှယ်တော်ကြီးများ
ဖြစ်သည့် ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များမှလည်း တစ်မျိုးသားလုံး
အပေါ်ကျရောက်မည့် ဘေးအန္တရာယ်ဆိုးကြီးမှ ကာကွယ် စောင့်ရှောက် တားမြစ်ပေးပါရန်လည်း ပန်ကြားအပ်ပါသည်။
ကျွန်တော် အပါအဝင် တိတ်ဆိတ်နေသော အသံများ
(Silent Majority) ကို နားထောင်ပေးပါရန်လည်း ဆန္ဒပြ လိုက်ရပါသည်။
No comments:
Post a Comment