Friday, February 13, 2015

၂၀၁၅ ခုနှစ်၊ စတုတ္တအကြိမ်အမျိုးသား အားကစားပွဲတော်ကို စတင်ကျင်းပရာ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းပြိုင်ပွဲများအားလိုက်လံ ဖွင့်လှစ်၍ကြည့်ရှုအားပေး



နေပြည်တော် ဖေဖော်ဝါရီလ ၁၃
မြန်မာအားကစား အဆင့်အတန်း မြင့်မားတိုးတက်လာပြီး၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာ အားကစားအောင်မြင်မှု ရရှိကာ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို နိုင်ငံတကာအလယ်တွင် ဝင့်ကြွားထည်ဝါ စေရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်၊ စတုတ္တအကြိမ် အမျိုးသားအားကစား ပွဲတော်ပြိုင်ပွဲများကို ယနေ့နံနက်မှစ၍ စတင်ကျင်းပရာ မြန်မာနိုင်ငံ အမျိုးသား အားကစားကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းနှင့် ဒုတိယဝန်ကြီးဦးဇော်ဝင်းတို့ ပြိုင်ပွဲများ အား လိုက်လံဖွင့်လှစ်၍ ပြိုင်ပွဲများအား ကြည့်ရှု အားပေးပါသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် မြို့တော်ဂေါက်ကွင်း၌ ကျင်းပပြုလုပ်သည့် ဂေါက်သီးပြိုင်ပွဲ သို့ နံနက် (၇) နာရီတွင် ရောက်ရှိလာပြီး ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲအား ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးဦးဇော်ဝင်း၊ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ် အတွင်းရေးမှူး အောင်လှဟန်မှ (စမုတ်) ဘောလုံးအား အသီးသီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေး လိုက်ပါသည်။ အဆိုပါပြိုင်ပွဲအား နေပြည်တော် အပါအဝင် တိုင်းဒေသကြီး (၁၅) ခုမှ အမျိုးသား (၁၅) သင်း၊ အမျိုးသမီး (၆) သင်း ဝင်ရောက်ယှဉ်ပြိုင် ကစား ကြပြီး ပြည်ထောင်စုဝန်ကြီးသည် ပြိုင်ပွဲဝင်ရောက်မှုများအား ဆက်လက်ကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နံနက် (၈) နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှေ့၌ ကျင်းပပြုလုပ်သည့် စက်ဘီးပြိုင်ပွဲသို့ ရောက်ရှိလာပြီး၊ စက်ဘီးပြိုင်ပွဲ၏  အမျိုးသမီးကီလို (၃၀) တစ်ဦးချင်း စံချိန်ပြုပြိုင်ပွဲ ပွဲစဉ်အား ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ပြိုင်ပွဲဝင်များအား တစ်ဦးချင်းအလံပြ၍ တာလွှတ်ပေးခဲ့ပါသည်။ အဆိုပါ စက်ဘီးပြိုင်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး နှင့်ပြည်နယ် (၁၅) ခုမှ ပြိုင်ပွဲဝင်အမျိုးသား (၃၇) ဦး၊ အမျိုးသမီး (၂၇) ဦး၊ စုစုပေါင်း (၆၄) ဦး ပါဝင်ယှဉ်ပြိုင ကြပြီး ပြိုင်ပွဲအမျိုးအစား (၃) မျိုး ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နံနက် (၉) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပပြုလုပ်သည့် ဝူရှူးအားကစားပြိုင်ပွဲသို့ ရောက်ရှိလာပြီးနောက် ပြိုင်ပွဲအသင်းများအား လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲအား ဖွင့်လှစ် ပေးလိုက်ပါသည်။ ဆက်လက်၍ ဝူရှူးပြိုင်ပွဲ၏ ထောက်လုပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိတင်းနစ်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် တင်းနစ်ပြိုင်ပွဲသို့ ရောက်ရှိလာပြီး ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ ပြိုင်ပွဲအား ပြည်ထောင်စုဝန်ကြီး နှင့် ဒုတိယဝန်ကြီးတို့ တင်းနစ်ဘောလုံးအသီးသီး ရိုက်ကာပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ဝဏ္ဏသိဒ္ဓိ Social Zone ၌ ကျင်းပပြုလုပ်သည့် စစ်တုရင်ပြိုင်ပွဲသို့ ရောက်ရှိပြီး ပြိုင်ပွဲအား ဒုတိယဝန်ကြီးမှ စစ်တုရင်ကွက်ရွှေ့၍ ဖွင့်လှစ်ပေးပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီး သည် ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင် ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ယနေ့မှစတင်၍ ကျင်းပပြုလုပ်သော စတုတ္ထအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးသည် အားကစား နည်း (၂၇) မျိုးဖြင့် ဖေဖေါ်ဝါရီလ (၂၈) ရက်ထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားအား ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အမျိုးသားဘောလုံး ဗိုလ်လုပွဲစဉ်အပြီး ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်အသင်းများမှာ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၅) ခုမှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment