Thursday, February 26, 2015

ကိုးကန့် သောင်းကျန်းသူများ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများဆောင်ရွက်


နေပြည်တော် ဖေဖော်ဝါရီ ၂၆
တပ်မတော် စစ်ကြောင်းများက လောက်ကိုင် ဒေသအတွင်း နယ်မြေရှင်းလင်းခြင်းများကို တိုးမြှင့် ဆောင်ရွက် လျက်ရှိရာ ကိုးကန့်သောင်း ကျန်းသူများအနေဖြင့် တောင်ပေါ်၊ တောတွင်း အရေးသာသော နေရာ များမှ ပုန်းခိုစောင့်ဆိုင်း၍  ခြုံခိုတိုက်ခိုက်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက် လာခဲ့သည်။
ထိုသို့ ချောင်းမြောင်း တိုက်ခိုက်ရာတွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့၌ လောက်ကိုင် အနောက်မြောက်ဘက် တစ်ဝိုက်တွင် ၁ ကြိမ်၊ ချင်းရွှေဟော်နှင့် လုံထန်ကျေးရွာကြားတွင် ၁ ကြိမ်၊ လောက်ကိုင်နှင့် ကုန်ကြမ်းကြား ၂၃ မိုင် အနီးတွင် ၁ ကြိမ် နယ်မြေရှင်းလင်း လျက်ရှိသော တပ်မတော် စစ်ကြောင်းများအား ကိုးကန့် သောင်းကျန်း သူ အင်အားစုအချို့တို့က အလစ်အငိုက် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက် လာသဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အလားတူ ၎င်းနေ့မွန်းလွဲပိုင်းတွင် လောက်ကိုင် ဒေသအတွင်း အင်အားဖြည့်တင်းရန် ချီတက်လျက်ရှိသော တပ်မတော် စစ်ကြောင်းအား  KIA(ကချင်)၊ SSA(ဝမ်ဟိုင်း) လက်နက်ကိုင် အဖွဲ့တို့က နမ့်ဆလပ် အနီး တစ်ဝိုက်မှ လက်နက်ကြီး၊ လက်နက်ငယ်တို့ဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်၍ ဆုတ်ခွာထွက်ပြေးရာ တပ်မတော် စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက်ရှိသည်။
ထို့အပြင် ယနေ့နံနက်ပိုင်းတွင် လောက်ကိုင်အနီး မန်ချူးကျေးရွာ အရှေ့တောင်ဘက် လျှိုမြောင်ကြား ကြံခင်း အနီး၌ နယ်မြေရှင်းလင်းလျက်ရှိသော တပ်မတော်စစ်ကြောင်းနှင့် ကိုးကန့်သောင်းကျန်းသူ အင်အားစု အချို့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားရာသောင်းကျန်းသူများနောက်သို့ လိုက်လံရှင်းလင်းလျက် ရှိသည်။
အထက်ပါဖြစ်စဉ်များတွင် သောင်းကျန်းသူထံမှ အလောင်း ၁ လောင်း၊ အမ်(၂၂) ၁လက်၊ တရုတ် လက်ပစ်ဗုံး ၅ လုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ သိမ်းဆည်းရမိခဲ့ပြီး အရာရှိ/စစ်သည် ၄ ဦး အသက် ပေးလှူခဲ့ကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment