Wednesday, February 11, 2015

ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံ

နေပြည်တော် ဖေဖော်ဝါရီ ၁၁
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် (၆၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်


ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိ နေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအား ယနေ့ညပိုင်းတွင် နေပြည်တော် ဟိုတယ်ဇုန် ရှိ ဟိုတယ်မက်စ်၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
ရှေးဦးစွာ ဒုတိယသမ္မတက ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (ငြိမ်ချမ်းရေး ကောင်စီ)၊ ချင်းအမျိုးသားတပ်ဦး၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (ကပ္ပလန်)၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မ တော်၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော်၊ ရခိုင်ပြည်လွတ် မြောက်ရေးပါတီ၊ ၀ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် အထူးဒေသ-၂၊ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်၊ ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ-၄ တို့မှအဖွဲ့ခေါင်း ဆောင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ တွေ့ဆုံမှုမှ တစ်ဆင့် ရာသက်ပန်ငြိမ်းချမ်းရေးရရှိစေရန် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရပြီး သည့် နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်း ဘဲ စစ်ရေးနည်းလမ်းဖြင့်ဖြေရှင်းရန် ကြိုးစားရင်း နှစ်ဖက်စလုံးအကျိုးမဲ့ဖြစ်ခဲ့ရပါကြောင်း။
နိုင်ငံတစ်နိုင်ငံအတွက် အဓိကလိုအပ်ချက်မှာ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်ပါကြောင်း၊ သို့ရာတွင် လက်နက်ကိုင် တိုက်ပွဲ များဖြစ်ပေါ်နေသည့်အတွက် ပြည်တွင်း/ပြည်ပမှ ရေရှည်ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ကြပါကြောင်း၊ ထို့ပြင် လူ့အခွင့် အရေးဆိုင်ရာ ကိစ္စရပ်များကို အကြောင်းပြုပြီး စီးပွားရေးပိတ်ပင်ခံရသည့်အတွက် နိုင်ငံတကာ အဆင့်  စီးပွားရေးမှာ မရှိသလောက် ဖြစ်ခဲ့ရပါကြောင်း။
စီးပွားရေးမဖွံ့ဖြိုးမှုသည် ပညာရေး၊ ကျန်းမာရေးစသည်ဖြင့် အစစအရာရာကို နိမ့်ကျစေခဲ့ပါကြောင်း၊ တစ်ဦးနှင့် တစ်ဦး မယုံကြည်မှု၊ မုန်းတီးမှုများသည် စိတ်မကောင်း စရာ ဖြစ်ရပ်များကို ဖြစ်ပေါ်စေပါကြောင်း၊ ထိုသို့ ဆက်လက်ဖြစ်ပေါ် နေမည်ဆိုပါက မိမိတို့တိုင်းပြည်နှင့် လူမျိုးအတွက် များစွာနစ်နာစေမည်ဖြစ်ပါကြောင်း၊ မိမိ၏ တစ်ဦး တည်းအမြင် အရဆိုရလျှင် တရားမျှတမှု၊ တန်းတူညီမျှမှုတို့သည် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး အတွက် အကောင် အထည်ဖော်နိုင်မည့် နည်းလမ်းဖြစ်ပါကြောင်း။
ဤနည်းဖြင့်သာ မိမိတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်ဆီသို့ ပို့ဆောင် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ စိတ်ခံစားချက်များဖြင့် အလုပ်မလုပ်ကြဘဲ ဆင်ခြင်တုံတရားဖြင့် အကောင်းအဆိုး၊ အကြောင်း အကျိုး ခွဲခြားဆောင်ရွက်နိုင်ပါစေဟု ဆန္ဒပြုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတက ညစာစားပွဲသို့တက်ရောက်လာသည့် အဖွဲ့များအား အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်များကိုယ်စား ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဦးရွက်ဆစ်က လက်ခံသည်။

အဆိုပါညစာစားပွဲသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

No comments:

Post a Comment