Friday, February 6, 2015

ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)မြောက်နေ့ကျင်းပ




နေပြည်တော်  ဖေဖော်ဝါရီ 

ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် (၁၀)နာရီ (၁၀)မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၏ “သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်  ဆည်(၆)ခုနှင့်ပတ်သက်၍ ဗျူဟာမြောက် EIA ကို လုပ်ဆောင်ရန်နှင့် ၎င်းဆည်များဆောက်လုပ်ရာတွင် IWRM ရေအရင်းအမြစ် ဘက်စုံစီမံကိန်းခန့်ခွဲမှု နည်းစနစ်ကိုအသုံးပြုရန် အစီအစဉ် ရှိ/မရှိ သိရှိလို                    ကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ရေအားလျှပ်စစ် စီမံကိန်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ရေအားအရင်းအမြစ်များသည် နည်းပညာအရ သော်လည်းကောင်း၊ စီးပွားဖြစ်ထွန်းမှု အရသော်လည်းကောင်း ဖြစ်မြောက်နိုင်စွမ်းရှိကြောင်း သေချာမှု ရှိရမည့်အပြင် စီမံကိန်း တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဘ၀ပတ်ဝန်းကျင် ထိခိုက်မှုများလည်း အနည်းဆုံးဖြစ်ရန် လိုအပ်ပါကြောင်း။        
  
သံလွင်မြစ်ပေါ်တွင် စီမံကိန်းနေရာ(၅)ခု စူးစမ်းလေ့လာလျက်ရှိပါကြောင်း၊ အဆိုပါ စီမံကိန်း (၅)ခုအနက် အပေါ်ဘက်အကျဆုံး စီမံကိန်းတစ်ခုဖြစ်သည့် ကွမ်းလုံမြို့နယ်အတွင်းမှ ကွမ်းလုံရေအား လျှပ်စစ်စီမံကိန်းတစ်ခုကို အင်ဂျင်နီယာဆိုင်ရာ စူးစမ်းလေ့လာမှုများ၊ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာ မှုများအပေါ် စစ်ဆေးလက်ခံပြီး သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုစမ်းစစ်ချက် အစီရင်ခံစာပါ ဆက်လက် တင်သွင်းစေခဲ့ပါကြောင်း။

အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြနိုင်ခြင်း မရှိသော်လည်း ဆောင်ရွက်ပေးရမည့်ကိစ္စများ ဆောင်ရွက်ပေးရန် လက်ရှိအခြေအနေ၊ စီမံကိန်းကာလနှင့် နောက်ပိုင်းအခြေအနေများအတွက် EIA, SIA ကိစ္စများ အသေးစိတ်ကွင်းဆင်း စစ်ဆေးရန် ဝန်ကြီးဌာနအဆင့်ဗဟိုအဖွဲ့နှင့် ဒေသအဆင့် လုပ်ငန်း ကော်မတီ အသီးသီးလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့များသည် ပွင့်လင်းရာသီမှစ၍ စီမံကိန်း မစမီ ဆောင်ရွက်ရန်ကိစ္စများ ပြည့်စုံစွာဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ဒေသခံများထံ ကွင်းဆင်း၍ စနစ်တကျ ရှင်းလင်းတင်ပြမှုများကို (၂)ကြိမ် ရှင်းလင်းတင်ပြပြီး စီမံကိန်း ချဉ်းကပ်လမ်းကြောင်း နစ်နာသူများပါ နစ်နာကြေးညှိနှိုင်းခြင်းနှင့် အချို့တစ်ဝက်ပေးချေခြင်းဆောင် ရွက်ပြီးဖြစ်ပါကြောင်း၊ ကိစ္စများကြီးကြပ်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများပါဝင်သည့် ဗဟို ကော်မတီတစ်ရပ်ကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍လည်းကောင်း၊ လုပ်ငန်းကော်မတီတစ်ရပ်ကို ရှမ်းပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးဆောင်၍လည်းကောင်း ဖွဲ့စည်း ထားပြီး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီး ဖြစ်ပါကြောင်းနှင့် စဉ်ဆက်မပြတ်လေ့လာစောင့်ကြည့်သွား မည်ဖြစ်ပါကြောင်း။

ဆက်လက်ဆောင်ရွက်ရန် စူးစမ်းလေ့လာနေသည့် ကျန်စိမံကိန်း(၄)ခု ဆောင်ရွက်ပါကလည်း မဟာဗျူဟာ မြောက်လေ့လာမှု ဘက်စုံထည့်သွင်းစဉ်းစားဆောင်ရွက်ရန် ကိစ္စအတွက် ကုမ္ပဏီများနှင့် မိမိတို့ဝန်ကြီးဌာန အပါဝင် အခြားဝန်ကြီးဌာနများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းအားလုံးကို ချိတ်ဆက်စဉ်းစားနိုင်ရန် ဆွစ်ဇာလန်နိုင်ငံမှ အတိုင်ပင်ခံအဖွဲ့တစ်ဖွဲ့ဖြစ်သော STUCKY AS အတိုင်ပင်ခံ ကုမ္ပဏီမှ ဦးဆောင်ပြီး သက်ဆိုင်ရာ စီမံကိန်းအသီးသီးမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့်တကွ လေ့လာဆောင်ရွက် နိုင်ရန် စီစဉ်ထားပြီး ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြား သည်။
ဆက်လက်၍ လှည်းကူးမဲဆန္ဒနယ်မှ ဦးဖြိုးမင်းသိန်းက “သတင်းမီဒီယာများ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်နိုင်ရန်နှင့် သတင်းမီဒီယာအနေဖြင့်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရမှ ဥပဒေနှင့်အညီဆောင်ရွက်မှုများ အလျင်အမြန် ပြုလုပ် ပေးပါရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းသည်။

အဆိုနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဦးပိုက်ထွေးက အစိုးရသစ်တာဝန် ယူပြီးနောက် ပြန်ကြားရေးဝန်ကြီး ဌာနအနေဖြင့် သတင်းမီဒီယာလွတ်လပ်ခွင့်ကို အဆင့်ဆင့်ဖြေလျော့ ဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ်လ(၂၀)ရက်တွင် ကြိုတင်စိစစ်ခြင်းမှ ကင်းလွတ်ခွင့်ပြုခဲ့ သည့်အတွက် ထုတ်ဝေစာအားလုံး လွတ်လပ်စွာ ထုတ်ဝေနိုင်ကြပြီ ဖြစ်ပါကြောင်း၊ ယခင်ဆယ်စုနှစ်များစွာ က ခွင့်မပြုခဲ့သည့် ပုဂ္ဂလိကသတင်း စာထုတ်ဝေခွင့်ကိုလည်း ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ၎င်းအပြင် အခြားထုတ်ဝေခွင့် များကိုလည်း အလွယ်တကူရရှိအောင် စီမံခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ အထိ ဂျာနယ်(၃၉၆)စောင်၊ မဂ္ဂဇင်း(၃၂၄)စောင်၊ အထွေထွေ ထုတ်ဝေခွင့် (၉၃၆)စောင်နှင့် ပုဂ္ဂလိက သတင်းစာ (၂၇)စောင်ကို ထုတ်ဝေခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ ၎င်းတို့အနက် ဂျာနယ်စောင်ရေ (၂၂၀)၊ မဂ္ဂဇင်း(၁၂၈)စောင်နှင့် ပုဂ္ဂလိက သတင်းစာ(၁၂)စောင် လက်ရှိထုတ်ဝေလျက် ရှိပါကြောင်း၊ တိုင်းရင်းသား ဘာသာ စကားများဖြစ်သည့် ရှမ်း၊ မွန်၊ ချင်း၊ ကချင်နှင့် ကရင်ဘာသာစကားတို့ဖြင့် ထုတ်ဝေလျက်ရှိပြီး ဂျပန်၊ အင်္ဂလိပ် စသည့် နိုင်ငံခြားဘာသာများဖြင့်လည်း ထုတ်ဝေလျက်ရှိပါကြောင်း။

သတင်းမီဒီယာလွတ်လပ်ခွင့် ရလာသည်နှင့်အမျှ တစ်ဖက်တွင်လည်း တာဝန်သိမှု၊ တာဝန်ခံမှု များလည်း လိုက်ပါ တိုးတက်လာရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၉)အရ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တို့အတွက် ပို၍မြင့်မားသည့် စံနှုန်း များကို အလိုရှိနေကြ သည်မှာ သဘာဝကျပါကြောင်း၊ သို့သော်လည်း လွတ်လပ်စွာ ထုတ်ဝေခွင့်ကို စည်းကမ်းမဲ့ မိမိလိုရာ အသုံးပြုရန် မသင့်လျော်ပါကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ်(၂၉)တွင် “မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုကျင့်သုံးရာတွင် လူတိုင်းသည် အခြား သူများ၏အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ လေးစားရန်အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် တရားမျှတသော လိုအပ်ချက်များဖြစ်သည့် ကိုယ်ကျင့်တရား၊ အများ ပြည်သူအေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးရန် အလို့ငှာလည်း ကောင်း၊ ဥပဒေအရ သတ်မှတ်ထားသည့် ကန့်သတ်ချက်များ အတိုင်းသာ ကျင့်သုံးပိုင်ခွင့်ရှိသည်” ဟု ဖော်ပြထားသည့် အတွက် မိမိတို့ လေးစား လိုက်နာရန် လိုအပ်ပါကြောင်း။

ဒီမိုကရေစီ ထူထောင်သည့်နေရာတွင် တန်းတူညီမျှမှုသည် အခြေခံ လိုအပ်ချက်ဖြစ်သကဲ့သို့ သတင်း မီဒီယာများ အနေဖြင့်လည်း လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ တာဝန်သိမှုတို့ကို သတိနှင့် ယှဉ်ပြီး ကျင့်သုံးသည့် ဂုဏ်သိက္ခာရှိသော မီဒီယာများ အဖြစ်ရပ်တည်ရန် လိုအပ်သည့်အပြင် ဥပဒေကို လေးစား လိုက်နာရန် လိုအပ်ပါကြောင်း၊ သတင်းလွတ်လပ်ခွင့်နှင့် စာနယ်ဇင်း အတတ်ပညာ ဖွံ့ဖြိုးတိုးတက် ရေး၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ ကျင့်ဝတ်ဆိုင်ရာ ဖြေရှင်းရေးလုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ အစိုးရဝန်ကြီးဌာနများ၏သတင်းထုတ်ပြန်ရေးလုပ်ငန်းစဉ် ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်ရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စာနယ်ဇင်းကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျင့်ဝတ်ဆိုင်ရာ ပြဿနာများဖြစ်ပေါ်လာပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ပထမဦးစွာ ညှိနှိုင်းဆောင်ရွက်ပါကြောင်း၊ ညှိနှိုင်း၍မရမှသာ တရားရုံးတွင် ဖြေရှင်းဆောင် ရွက်ပါကြောင်း။
မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်၊ ဂျာမနီ၊ စင်ကာပူ၊ ယူနက်စကိုတို့နှင့် ပူးပေါင်းပြီး မီဒီယာသင်တန်း(၂၄)ကြိမ် ပို့ချပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၂ ခုနှစ်မှစ၍ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ ပညာရှင်များပူးပေါင်းပြီး Media Development Conference ကို နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊  “ထိရှလွယ် ပဋိပက္ခဆိုင်ရာ စာနယ်ဇင်းပညာသင်တန်း” ကို International Media Support(IMS) က ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အကြိမ်(၂၀) ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ မဏ္ဍိုင်ကြီး (၃)ရပ်နှင့် မီဒီယာတို့အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ကျင်းပပေးခဲ့ပြီး ဖြစ်ပါကြောင်း။

သတင်းမီဒီယာသမားများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ဥပဒေနှင့်အညီ ကျင့်ဝတ်လိုက်နာ ဆောင်ရွက်နိုင်ရန် သတင်းမီဒီယာဥပဒေကို (၁၄-၃-၂၀၁၄)ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၁၂)ဖြင့် ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်နှင့်ပတ်သက်၍လည်း သတင်းမီဒီယာ ဥပဒေအခန်း(၃)တွင် ဖော်ပြပြဋ္ဌာန်းထားပြီး၊ ပြဋ္ဌာန်းချက်များနှင့်အညီ သတင်းရယူခွင့်ပြု ထားပြီး ဖြစ်ပါကြောင်း၊ ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) တို့ပူးပေါင်း၍ သတင်းမီဒီယာနည်းဥပဒေ ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။

မီဒီယာသမားများ ဘက်ကလည်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ထုတ်ပြန်ထားပြီး ဖြစ်သော သတင်းမီဒီယာ ကျင့်ဝတ်များနှင့် တည်ဆဲဥပဒေများကိုသာ လေးစားလိုက်နာသွားကြမည် ဆိုပါက  တရားစွဲခံရခြင်းများမရှိ နိုင်ပါကြောင်း၊ သတင်းမီဒီယာများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ရန်လိုအပ်သကဲ့သို့ ပြည်ထောင်စုအစိုးရဘက်ကလည်း စာနယ်ဇင်းဥပဒေများနှင့်အညီ မြန်မာ နိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)နှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်း ဆွေးနွေးသည်။


ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ အဆိုအတည်မဖြစ် ကြောင်း ဆုံးဖြတ်ခဲ့သည်။ 

No comments:

Post a Comment