နေပြည်တော် ဖေဖော်ဝါရီ ၆
ပထမအကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ
လွှတ်တော် အဆောက်အအုံ အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ အစီရင်ခံစာတစ်ခုဖတ်ကြားတင်သွင်းခြင်း၊
အဆိုနှစ်ခု တင်သွင်းခြင်းနှင့် မေးခွန်း(၅)ခု မေးမြန်းဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) မှ ဦးစတီဗင်သာဘိတ်
၏ ချင်းပြည်နယ်၏ သစ်တောပြုန်းတီးမှုကို ကာကွယ်သည့်အနေဖြင့် (UNDP) နှင့် ပတ်ဝန်းကျင်နှင့်
သစ်တောရေးရာဝန်ကြ်ီးဌာနတို့ ပူးပေါင်းပြီး လိုအပ်သော မြို့နယ်/ ကျေးရွာအလိုက် ထင်ရှူးပင်များ
စိုက်ပျိုးရန်အတွက် စီမံကိန်း၊ စီမံချက်များရေးဆွဲပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန် အစီအစဉ် ရှိ/မရှိ
မေးခွန်းနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးအေးမြင့်မောင် က ချင်းပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ပြည်နယ်ဧရိယာ၏ ၆၂ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည်
ကျေးလက်နေ ဒေသခံပြည်သူများအတွက် ထင်းလောင်စာ အပါအ၀င် အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို
ဖြည့်ဆည်းပေးရန်နှင့် လူနေမှု ဘ၀မြှင့်တင်ပေးရန်၊ လောင်စာလိုအပ်ချက်အတွက် သဘာဝတောများအပေါ်
မှီခိုအားထားနေရခြင်းမှ လျော့နည်းသက်သာစေရန် ရည်ရွယ်၍ ကျေးလက်အိမ်ရာ သစ်တောစိုက်ခင်းများကို
တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးတွင် ၂၀၀၈-၂၀၀၉ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်
လျက်ရှိပါကြောင်း၊
သစ်တောဦးစီးဌာနသည် ချင်းပြည်နယ်အတွင်း
၂၀၁၅- ၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စီးပွားရေးထင်းရှူးစိုက်ခင်း
၁၀၀ ဧက၊ ထင်းရှူး ကွက်လပ် ဖြည့်စိုက်ပျိုးခြင်း နှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့်
မိုးရာသီလူထုဖြန့်ပျိုးပင် လျာထား မှုအနက် ထင်းရှူးပင်ထည့်သွင်းပျိုးထောင်ခြင်း၊ ကျေးလက်အိမ်ရာ
စီမံချက်အရ တစ်အိမ်ထောင် ကျွန်း ၃ ပင်၊ သစ်မာ ၂၀ ပင်နှုန်းဖြင့် တစ်ရွာတစ်ဧက စိုက်ခင်း
၁၀ ဧက တို့ကို တည်ထောင် စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်ရှိ ဒေသခံပြည်သူများ၏
ဆန္ဒများ နှင့်အညီ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စီမံချက်အရ စတင်စိုက်ပျိုးမည့် တစ်ရွာတစ်ဧက
စိုက်ခင်းများတွင် ထင်းရှူးသစ်မျိုးများအား ဦးစားပေးပျိုးထောင်ဖြန့်ဝေ ပေးသွားမည်ဖြစ်ပါကြောင်း၊
ချင်းပြည်နယ်အစိုးရအဖွဲ့ က ၂၀၁၃ခုနှစ် ဇူလိုင် ၈ ရက်တွင် ကျေးရွာထင်းစိုက်ခင်းဥပဒေပြဌာန်းပြီးဖြစ်သည့်အတွက်
ပြည်နယ်အတွင်းရှိ သစ်တော နယ်မြေနှင့် အစိုးရမှ စီမံခန့်ခွဲခွင့်ရှိသည့် မြေများတွင်
ထင်းရှူးသစ်မျိုးနှင့် ကျေးရွာထင်း စိုက်ခင်းများအား ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ခွင့်ပြုချက်ဖြင့်
တည်ထောင်စိုက်ပျိုးနိုင် မည်ဖြစ်ပါကြောင်း၊
ကုလသမဂ္ဂလက်အောက်ခံ နိုင်ငံတကာအဖွဲ့အစည်းများနှင့်
ချင်းပြည်နယ် အခြေစိုက် UNDP ၊ NGOs ၊ INGOs များမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သစ်တောရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်၊ ကျေးရွာများ
တွင်ထင်းရှူးပင် စိုက်ပျိုးထိန်းသိမ်းရေး ကမ်းလှမ်းဆက်သွယ်လာပါက ပူးပေါင်း ဆောင်ရွက်
သွားမည် ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းဖြေကြားသည်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)
မှ ဦးလှဆွေ ၏ ကြက်ခြေနီအသင်း များဖွဲ့စည်းပုံပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် မည်ကဲ့သို့
ပြုပြင်ပြောင်းလဲသွားမည်ကို သိရှိလို ခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့် က တိုင်းဒေသကြီး၊
ပြည်နယ်၊ ခရိုင်ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီများနှင့် မြို့နယ် ကြက်ခြေနီအသင်းများ
ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ရေးအတွက် ရပ်မိရပ်ဖ နှစ်ဦးစီ တိုးချဲ့ပါဝင်ဖွဲ့စည်းရန်
ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ
အားလုံးအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အပြီးဖွဲ့စည်းရန် အကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊
ရပ်မိရပ်ဖများထည့်သွင်းဖွဲ့စည်း ရန်ကျန်ရှိနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊
မြို့နယ်များအား ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် အပြီးဖွဲ့စည်းရန်အကြောင်းကြား ထားပြီး
ဖြစ်ပါကြောင်းဖြင့် ဖြေကြားသည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ
ဦးမျိုးမြင့်က မြန်မာနိုင်ငံ၏ အနာဂတ်လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးမှုတွင် မျှတခြေရှိ၍ အာမခံနိုင်သည့်
စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း
အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သည်။



No comments:
Post a Comment