Wednesday, February 11, 2015

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပ

ရန်ကုန်-ဖေဖော်ဝါရီ-၁၁
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ ဥပဒေပြုလွှတ်တော်၊ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) နှင့် ကျောင်းသားကိုယ်စားလှယ်များပါဝင်သော


တတိယ အကြိမ်မြောက် လေးပွင့်ဆိုင် ဆွေးနွေးပွဲကို ယနေ့ နံနက်(၉)နာရီ ခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့  ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဒေါက်တာဒေါ်ခင်စန်းရီ၊ ဒေါက်တာကိုကိုဦး၊  ဒုတိယဝန်ကြီး  ဦးသန့်ရှင်း၊ ဒေါက်တာအောင်ကျော်မြတ်၊ ဦးသောင်းထိုက်၊  ပြည့်သူ့ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌမျာနှင့် ကိုယ်စားလှယ်များ၊  အမျိုးသားလွှတ်တော်ကိုယ်စား လှယ်များ၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ အကြံပေးအဖွဲ့ဝင် များ၊ NNER နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့မှ  ကိုယ်စားလှယ်များ၊ Moderator   အဖြစ် ဆောင်ရွက်မည့် ဒေါက်တာအောင်ထွန်းသက်နှင့် ဒေါက်တာ ကျော်သူတို့  တက်ရောက်ကြသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင်  ဒေါက်တာ အောင်ထွန်းသက်က အဖွင့်အမှာစကား ပြောကြားရာ ယနေ့ ဆွေးနွေး ပွဲကို မေတ္တာရှေ့ထား ဆွေးနွေးကြရန်နှင့်  ဆွေးနွေးပွဲ၏ အဓိကဦးတည်ချက်ကို တိုင်ပင်ဆွေးနွေးပြီး အပြန် အလှန်ညှိနှိုင်း ကြရန်ဖြစ်ကြောင်း၊ဆွေးနွေးပွဲအောင်မြင်ရန် အချက်(၂)ချက်ရှိကြောင်း၊ ပထမအချက်မှာ ပညာရေး ဥပဒေနှင့် ပါဝင်ပတ်သက်သူများ အားလုံး ပြောကြားနေကြဖြစ်သည့်  Stakeholder  များ ပါဝင်ရန်လိုကြောင်း၊   အစိုးရ အဖွဲ့၊ လွှတ်တော်၊ NNER နှင့် ကျောင်းသားများ ပါဝင်သည့်အတွက် Stakeholder များ ပြည့်စုံသည်ဟု ဆိုနိုင်ကြောင်း၊ ဒုတိယအချက်မှာ ဆွေးနွေးပွဲအောင်မြင်မှုရှိ-မရှိ ဦးဆောင် ဆွေးနွေးသူ Moderator  များလည်း လိုအပ်ကြောင်း၊ အဖွဲ့(၄)ဖွဲ့နှင့်  မပတ်သက်သည့်  သီးခြား ရပ်တည် နေသူများက Moderator   အဖြစ်ဆောင်ရွက်ပါက ပိုမို အဆင်ပြေပါ ကြောင်း၊ ယခုကဲ့သို့  ဆွေးနွေး ပွဲများတွင်  နိုင်ငံတကာ စံနှုန်းများနှင့်အညီ ဆောင်ရွက် နိုင်ရန် တိုက်တွန်းပါကြောင်း၊ မိမိအနေဖြင့် ယနေ့လေးပွင့် ဆိုင်ဆွေးနွေး ပွဲတွင် ဦးဆောင် ဆွေးနွေးသူ Third Party  အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေး ပွဲများ၏ သဘောသဘာဝအရ အားလုံးကျေနပ်သည့် အဖြေတစ်ခုရအောင် စဉ်းစားဆွေးနွေး စေလိုကြောင်း၊ အမှန် တရားဟူသည် တစ်ဦးတစ်ယောက် တည်းတွင်မရှိဘဲ လူတိုင်းတွင် ရှိကြောင်း၊ ဆွေးနွေးပွဲများ ဟူသည်  ပြဿနာ များကို ပြောကြားနေရုံနှင့် မပြီးဘဲ အဖြေရှာပြီး အဖြေရအောင် ဆွေးနွေးကြစေ လိုကြောင်း၊ ကျောင်း သားများ အဆိုပြုထားသည့် အချက်(၁၁)ချက်အပေါ် ညှိနှိုင်းကာ အားလုံး ပါဝင်ပြီး သဘောတူလက်ခံသည့် ဆွေးနွေးပွဲများ ဖြစ်အောင် ရှေးရှု ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသဖြင့် ပြောကြားသည်။
ထို့နောက် သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက  ဆွေးနွေး ပြောကြားရာ ယနေ့ ဆွေးနွေးပွဲသည် မိမိတို့တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း၊  အမျိုးသားပညာရေး ဥပဒေနှင့် ပတ်သက်၍ လက်ရှိ ပညာသင်ကြား နေသည့် ကျောင်းသား မိဘများက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း၊  ယင်းသို့ စိုးရိမ်မှုများမရှိဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မှုကို  နိုင်ငံတော်နှင့် ကျောင်းသားများ၊ မိဘပြည်သူများကပါ လိုလားပါကြောင်း၊  ကျောင်းသားများ အဆိုပြုထားသော အချက် (၁၁)ချက် ညှိနှိုင်းပြီးဆောင်ရွက်နိုင်လျှင် အခက် အခဲမရှိပါကြောင်း၊  အဆိုပြုချက်များအပေါ် နိုင်ငံတော်အစိုးရနှင့်  ပညာရေးဝန်ကြီးဌာနမှ ဆောင်ရွက် ပေး ရသည်များရှိကြောင်း၊ ပညာရေးဥပဒေနှင့် ပတ်သက်ပြီး အားလုံးညိနှိုင်း ဆွေးနွေးကြလျှင် အကောင်း ဆုံး အဖြေရ မည်ဖြစ်ကြောင်း၊  နိုင်ငံအေးချမ်း တည်ငြိမ်ပါက ဆောင်ရွက်လျက်ရှိသော စနစ်သစ်နှင့် ပြုပြင်ပြောင်း လဲမှုများကို ချောမွေ့စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊  အရာအားလုံးကို အသစ်ပြန်လုပ်နိုင်ရန် မလွယ်ကူဘဲ  ပြင်ဆင် သင့်သည်ကို ပြင်ဆင်ရင်း ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  ပြုပြင်ပြောင်းလဲမှုကာလတွင် လိုအပ်ချက်များ ရှိလျှင် ညှိနှိုင်းဆောင်ရွက်နိုင်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ကာ ဖြေလျှော့သင့်သည်များကို ဖြေလျှော့ဆွေးနွေးပါက အောင်မြင်မှုရမည် ဖြစ်ကြောင်းဖြင့် ပြောကြားပြီး ဆွေးနွေးပွဲတက်ရောက်လာသော အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များကို မိတ်ဆက်ပေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဆွေးနွေးပြောကြားရာတွင် မိမိအနေဖြင့် အမျိုးသား ပညာရေးဥပဒေဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်ခဲ့သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ် ရှိပြီဖြစ်ကြောင်း၊ ဆွေးနွေးမှုများတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင် ဆောင်ရွက်ခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ကျင်းပသည့် ဆွေးနွေးပွဲ ရွှေ့ဆိုင်းပြီးနောက်ပိုင်း သက်ဆိုင်ရာကိုယ်စားလှယ်များ၏ အားထုတ်ကြိုးပမ်းမှုကြောင့် ယခု ဆွေးနွေးပွဲကို သက်မှတ်ရက်ထက် စောလျှင်စွာ ကျင်းပနိုင်ခြင်းအပေါ် ကြိုဆိုပါကြောင်း၊ ဆွေးနွေးပွဲတွင် ကောင်းမွန်သော ရလဒ်များဖြစ် ထွန်းရေးအတွက် ရှေးရှုပြီး ဆွေးနွေးသွားနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုကာ ခေတ်စနစ်၊ အချိန်အခါနှင့် ကိုက်ညီသော အမျိုးသားပညာရေးဥပဒေကို ရေးဆွဲနိုင်ပါစေကြောင်းဖြင့် ပြောကြားပြီး ဥပဒေပြုလွှတ်တော်များမှ တက်ရောက်ကြသော ကိုယ်စားလှယ်များကို မိတ်ဆက်ပေးသည်။ 
ဆက်လက်၍ NNER ဒေါက်တာသိန်းလွင်က ယနေ့ဆွေးနွေးပွဲတွင် ကျောင်းစာသင်ခန်း များကို စွန့်ခွာ၍ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဆန္ဒပြ လှုပ်ရှား နေကြသော ကျောင်းသားများကို စာနာကာ ယင်းတို့၏ ဆန္ဒကို စဉ်းစားပေးစေ လိုကြောင်း၊ မိမိအနေဖြင့် အမျိုးသားပညာရေး ဥပဒေ စတင်ရေး ဆွဲရာတွင် ပါဝင်ခဲ့ပြီး နောက်ပိုင်းတွင် ဖိတ်ကြားခြင်း မခံရသည့်အတွက် ပါဝင်နိုင်ခြင်း မရှိခဲ့ကြောင်း၊  NNER ၏ ပညာရေး ဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် ဇွန်လတွင်ကျင်းပသည့်  ညီလာခံပြီးစီးသည့် နောက်ပိုင်းတွင် NNER နှင့် နိုင်ငံတော် သမ္မတကြီးတွေ့ဆုံခဲ့ပြီး NNER ၏ မူဝါဒများဖတ်ကြား၍  ကောင်းမွန် ကြောင်းကို သုံးသပ်ပြောကြားခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတကြီးမှလည်း ကျောင်းသားများ ဆန္ဒကို ဖြည့်ဆည်း ပေးလိုသည့် ဆန္ဒရှိခြင်းကြောင့် ယခုဆွေးနွေးပွဲတွင် ကျောင်းသားများဆန္ဒနှင့် အဘယ့်ကြောင့် ဆန္ဒပြရ သည်ဆိုသည့် အချက်များကို ထည့်သွင်းစဉ်းစားပေး စေလိုကြောင်း၊ ထို့ပြင် ကျောင်းသားများ လိုလားသော တောင်းဆိုချက်များကိုလည်း ဖြည့်ဆည်းပေးရန် မေတ္တာရပ်ခံပါ ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာကြသည့် NNER မှ ကိုယ်စားလှယ်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။
 ထို့နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီမှ မဖြိုးဖြိုးအောင်က ဆွေးနွေးရာတွင်  ယခုလို ဆွေးနွေးခွင့်ရသည့်အတွက် ဝမ်းသာပါကြောင်း၊ ဆွေးနွေးပွဲ အောင်မြင်ရန်  အရေးကြီးသည့်အချက်မှာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဆွေးနွေးလျက် ရှိသည့် အဖွဲ့အစည်း(၄)ခုမှ စိတ်ရင်းစေတနာမှန်ဖြင့် ဝိုင်းဝန်းအဖြေရှာရန် အရေးကြီးသကဲ့သို ပူးပေါင်း ပါဝင်ခြင်းဖြင့် မိမိတို့ လိုလားသော ရလဒ်ကောင်းများရမည်ဟု မျှော်လင့် ပါကြောင်း၊ မိမိတို့ ကျောင်းသားများ အနေဖြင့် ဆွေးနွေးပွဲများ ပြုလုပ်နေပြီး တစ်ဖက်တွင်လည်း အစိုးရ ဘက်မှ ထုတ်ပြန်သည့်ကြေညာချက်အမျိုးမျိုးနှင့် ရင်ဆိုင်နေရခြင်းသည် သပိတ်လှုပ်ရှားမှုကို အထင် အမြင် လွဲမှားစေကာ တစ်ဖက်နှင့်တစ်ဖက် အခက်အခဲများ ရှိစေပြီး ဆွေးနွေးပွဲ မအောင်မြင်မည်ကို မိမိတို့ အနေဖြင့် စိုးရိမ်မိပါကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့်  ဆွေးနွေးပွဲကိုသာ ပိုမိုအာရုံ စိုက်စေ လိုပါကြောင်း၊ ကျောင်းသား များအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ပြသနေခြင်းသာဖြစ်ပြီး မတည် မငြိမ်ဖြစ် စေသော အကြမ်းဖက်မှုမျိုးကို လုံးဝမပြုလုပ်ခဲ့ပါကြောင်း၊ နောက်နောင်တွင်လည်း ပြုလုပ်မည်မဟုတ်ကြောင်း၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်သည်ဟူသော စကားလုံးအသုံးအနှုန်းသည် ကျောင်းသားများအပေါ် အလေးအပင်ဖြစ်စေသဖြင့် မိမိ အနေဖြင့် မေတ္တာရပ်ခံလိုပါကြောင်း၊ လက်ရှိအနေအထားတွင်  ကျောင်းသား သပိတ်များ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ဆွေးနွေးပွဲရလဒ်များအပေါ် တည်မီနေပါကြောင်း၊ မိမိတို့ အနေဖြင့် ကျောင်းသားထုကို ပြန်လည် ဝေမျှသည့်အခါ ဆွေးနွေးပွဲရလဒ်အောင်မြင်ရန် အရေးကြီးပါကြောင်း၊ ဆွေးနွေးပွဲရလဒ်အပေါ် မူတည်၍ ကျောင်းသား လှုပ်ရှားမှုပုံစံများ ပြောင်းလဲသွားနိုင်ပါကြောင်း၊ ထို့ကြောင့် ယခုဆွေးနွေးပွဲသည် ထိရောက်အောင်မြင်သည့် ဆွေးနွေးပွဲဖြစ်ပြီး ရလဒ်ကောင်းများ ရရှိရန်အရေး ကြီးပါကြောင်းဖြင့် ဆွေးနွေးပြီး တက်ရောက်လာကြသည့် ကျောင်းသား ကိုယ်စားလှယ်များမှ တစ်ဦးချင်း မိတ်ဆက်ကြသည်။
ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ပြီး  ဆွေးနွေးပွဲရလဒ်အနေဖြင့် ကျောင်းသားများ အဆိုပြု ထားသည့် အချက်(၁၁)ချက်ကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကာ အမျိုးသားပညာရေးဥပပေပြင်ဆင်ရေးဆွဲရာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွား မည် ဖြစ်ကြောင်းသိရသည်။
ယင်းနောက် ဆွေးနွေးပွဲအပြီးတွင် ဆွေးနွေးပွဲရလဒ်အဖြစ် ပူးတွဲကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲရလဒ်များနှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဆွေးနွေးပွဲရလဒ်ဆိုင်ရာ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)၌ ဖေဖော်ဝါရီလ(၁၄)ရက်နေ့ နံနက်(၉) နာရီခွဲတွင် ကျင်းပ သွားမည်ဖြစ်ကြောင်းသိရသည်။  

No comments:

Post a Comment