Tuesday, February 17, 2015

အင်းတော်ကြီး




မောင်သာ(ရှေးဟောင်းသုတေသန)
ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများသည် ရှေးနှစ်ပေါင်း များစွာကပင် တောင်ထိပ်တွင် ဘုရားစေတီများ တည်ထား ကိုးကွယ် လေ့ရှိကြသကဲ့သို့ ရေလယ်ကျွန်းများ ပေါ်တွင်လည်း ဘုရားစေတီများကို တည်ထား လေ့ရှိကြပေသည်။ မြန်မာနိုင်ငံ၌ ကျွန်းများ ပေါ်တွင် တည်ထားသော စေတီ များအနက် ထင်ရှားသော ရေလယ်ဘုရား ခြောက်ဆူ ရှိရာအထက်မြန်မာ ပြည်နှင့် အောက်မြန်မာပြည် တို့တွင် သုံးဆူစီ ရှိကြသည်။ ကျိုက္ခမီ၊ မော်တင်စွန်းနှင့် ကျိုက်မှော်ဝန်း စေတီများသည် အောက်မြန်မာပြည်တွင်ရှိကြပြီး အညာ
သီဟတော၊ ဖောင်တော်ဦးနှင့် ရွှေမဉ္ဇူဘုရားများက မြန်မာ ပြည် အထက်ပိုင်းတွင်ရှိနေကြသည်။ ယင်းဘုရား ခြောက်ဆူအနက် ဖောင်တော်ဦးစေတီက အင်းလေးကန် အတွင်းတွင်တည်ရှိကာ ရွှေမဉ္ဇူဘုရားက အင်းတော်ကြီးကန် အတွင်း၌တည်ရှိသည်။ အင်းလေးနှင့် အင်းတော်ကြီးနှစ်ခု လုံးသည် မြန်မာနိုင်ငံ၏ သဘာဝကုန်းတွင်း ရေချိုအိုင်ကြီး များဖြစ်ကြသည်။
အင်းလေးကန်သည် လူသိများသကဲ့သို့ အင်းတော်ကြီး သည်လည်း အရှေ့တောင်အာရှတွင် အကြီးဆုံးသော ကုန်းတွင်းရေချိုအိုင်ကြီးအဖြစ် ထင်ရှားလှပေသည်။အင်းတော်ကြီးသည် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မိုးညှင်းမြို့နယ်အတွင်းတည်ရှိသည်။ အလျား ၁၄ မိုင်၊ အနံ ခုနစ်မိုင်ခန့်ရှိသည့် အင်းရေပြင် ဧရိယာစတုရန်းမိုင် ၁ဝဝ အပါအဝင် ဧရိယာ ၃၁၄ ဒသမ ၆၇ မိုင် ကျယ် ဝန်းပြီး ပေတစ်ထောင်မှ လေးထောင်ကျော်အထိ မြင့်မား သော ကျောက်တောင်များက ဝန်းရံထားသည်။ကန်ရေပြင် သည် ပင်လယ်ရေမျက်နှာပြင် အထက် ၅၄၆ ပေမြင့်ပြီး တောင်တန်းများတွင် မြစ်ဖျားခံသော ချောင်းငယ်ပေါင်း ၁၂ ခုက အင်းတော်ကြီးကန်သို့ အရပ်လေးမျက်နှာမှ စီးဝင်လျက်ရှိသည်။ သို့သော်လည်း မိုးကောင်းတွင် ချောင်း ဖျားခံခဲ့သော အင်းတော်ကြီးချောင်းတစ်ခုတည်းမှသာ ရေများပြန်လည် စီးထွက်လျက်ရှိသည်။ အင်းတော်ကြီး ဒေသတွင် နှစ်စဉ်မိုးရေချိန် ပျမ်းမျှ ၇၈ လက်မခန့် ရွာသွန်းလေ့ရှိပြီး အင်းဘေးဝဲယာတွင် ကျေးရွာအုပ်စု ၁၁ ခုမှ ကျေးရွာပေါင်း၁၄ ရွာခန့်ရှိရာ ထိုရွာများတွင် ရှမ်း လူမျိုးများ အများစုနေထိုင်ကြပြီး ကချင်နှင့် မြန်မာ လူမျိုးများလည်း နေထိုင်လျက်ရှိကြသည်။
အင်းတော်ကြီးအိုင်၏ အလယ်တွင် ကချင်ပြည်နယ် ထင်ရှားသော ဘုရားတစ်ဆူဖြစ်သည့် ရွှေမဉ္ဇူဘုရား ရှိနေပြီး နှစ်စဉ် တပေါင်းလဆန်းတွင် ဘုရားပွဲကျင်းပလေ့ ရှိသည်။ ဘုရားပွဲကျင်းပရန် နီးကပ်လာချိန်တွင် အင်း ရေပြင်က နိမ့်ကျသွားပြီး ရေလယ်ရှိ ဘုရားသို့ လူများ သွားနိုင်ရန် သဲလမ်းမနှစ်ခုပေါ်လာလေ့ရှိသည်။ လူသွား လမ်းနှင့် နတ်လမ်းဟု ဒေသခံများကခေါ်ကြသည်။ ဘုရားဖူး လာကြသူများသည် ရေလယ်ရှိရွှေမဉ္ဇူဘုရားသို့ လူသွား လမ်းပေါ်မှ လမ်းလျှောက်သွားကာ ဖူးမြော်ကြရသည်။ ဘုရား ပွဲ နောက်ဆုံးရက်တွင် မိုးရွာသွန်းလေ့ရှိပြီး အင်းရေပြင် ပြန်လည်မြင့်တက်လာကာ လမ်းများက ရေအောက်သို့ ပြန်မြုပ်သွားသည်မှာ ထူးခြားလှပေသည်။ ဘုရားပွဲတော် ကျင်းပချိန် မဟုတ်သောကာလများတွင် အင်းတော်ကြီး တစ်ခု လုံး ရေများပြည့်နေသဖြင့် ရေလယ်ရှိ ရွှေမဉ္ဇူဘုရားသို့ လှေ ဖြင့်သာ သွားရောက်ဖူးမြော်နိုင်ကြပေသည်။
အင်းတော်ကြီးသို့သွားရန် မန္တလေး-မြစ်ကြီးနား ရထား စီးကာ ဟိုပင်ဘူတာတွင်ဆင်းကြရသည်။ ဟိုပင်မြို့သည် ဖားကန့်၊ ထန်မခန်၊ ဆိုင်းတောင်၊ လုံးခင်း၊ နန့်မွန်းဒေသများ သို့သွားရာ လမ်းဆုံမြို့လေးဖြစ်သည်။
ဟိုပင်မှတစ်ဆင့် အနောက်မြောက်ဘက် ၁ဝ မိုင်အကွာရှိ အင်းတော်ကြီးသို့ ကားများ၊ ဆိုင်ကယ်များဖြင့်သွားရောက်နိုင်ကြသည်။ ဘုရား ပွဲတော်ရက်များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ကားများသည် အင်းတော်ကြီးသို့ တိုက်ရိုက်လာလေ့ရှိ ကြသည်။
အင်းတော်ကြီးသည် အံ့ဖွယ်ကိုးပါးနှင့် ပြည့်စုံသည်ဟု ဆိုကြသည်။ () အလျား ရှစ်တိုင်၊ အနံ လေးတိုင် ကျယ်ဝန်း ခြင်း (ယနေ့ခေတ်အခေါ် တစ်တိုင်လျှင်နှစ်မိုင်) () အနော ဒတ္ထအိုင်ကဲ့သို့ ရေအလွန်သန့်ရှင်းခြင်း၊ () အလွန်ကျယ်ဝန်း သော အင်းဖြစ်သော်လည်း အင်းထဲတွင် မိကျောင်းစသော ငါးကြီးတို့ မရှိခြင်း၊ () အင်းကြီးထဲသို့ မတော်တဆ လူတို့ ကျသွားလျှင်လည်း ငါးကြီးများကမစားဘဲ ကမ်းစပ်ရောက် အောင် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊ () အင်းအနီးတွင် ရွှေကျင်လျှင် ရွှေများရရှိခြင်း၊ () အမှိုက်သရိုက်များကို အင်းထဲတွင်မရှိရအောင် နေ့စဉ်ညတိုင်း ကမ်းသို့အရောက် လှိုင်းပုတ်ခတ်တင်ပေးခြင်း၊() တစ်နှစ်သုံးကြိမ်ကျ သားမက် တော် နန့်တိန်းအရှင်ကြီးက ယောက္ခမတော် အရှင်ကြီးထံသို့ ရေပြောင်းပြန် ဆန်တက်ကန်တော့ခြင်း၊ () ချောင်းများကို အင်းကြီးထဲသို့ သန့်ရှင်းစွာ ဝင်ခွင့်ပြုခြင်း၊ () နှစ်စဉ်နှစ်တိုင်း တန်ဆောင်မုန်းလမှ ပြာသိုလအထိ အင်းတော်ကြီးတောင်ပိုင်း ရှစ်မိုင်အကွာရှိ ဘုရားကြီးအထိ လွဲအိမ်တောင် အရှင်ကြီးက အင်းထဲသို့ ဆေးခတ်သဖြင့် အင်းထဲရှိ ငါးများသေခြင်းဟူ၍ ဖြစ်ပါသည်။
အင်းတော်ကြီးဒေသကို အရှေ့ဘက်တွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အထိ၊ အရှေ့တောင်ဘက်တွင် ဟိုပင်နှင့် မိုးညှင်းအကြားရှိ ကကျော်တောင်ကြားအထိ၊ တောင်ဘက် တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အထိ၊ အနောက် မြောက်ဘက်တွင် ကချင်ပြည်နယ် ကာမိုင်းမြို့နယ်အထိ အကျယ်အဝန်း စတုရန်း ၃၁၄ ဒသမ ၆၇ မိုင်ခန့်ဟု သတ်မှတ်ထားပြီး မိုးညှင်းမြို့နယ်၏ နယ်မြေအမှတ် ()ဒေသ ဟူ၍လည်းခေါ်တွင်သည်။
ဘူမိဗေဒပညာရှင်များ၏ အလိုအရ မြန်မာနိုင်ငံ မိုးကောင်း၊ ညောင်ရွှေ၊ ဟဲဟိုး၊ လားရှိုး၊ မိုးကုတ်၊ ကျိုင်းတုံ စသောနေရာများ၌ အလွန်ကြီးမားသော အင်းအိုင်ကြီးများ ရှိခဲ့သည်။ လွန်ခဲ့သော ရှေးနှစ်ပေါင်းများစွာ ကျောက်ခေတ် လယ် (Mesolithic Age) ကာလတွင် ထိုအင်းအိုင်များ ဆုတ်ယုတ်လျော့ပါးလာပြီးနောက် အိုင်ကြီး၊ အိုင်ငယ်များ အဖြစ်ကျန်ရှိခဲ့ရာတွင် အင်းတော်ကြီးနှင့် အင်းလေးတို့သည် အိုင်ကြီးများအဖြစ် တည်ရှိနေခဲ့သည်ဟု ဆိုကြပေသည်။
အင်းတော်ကြီးကန်အတွင်း ငါးမျိုးပွားမှု မထိခိုက်စေရန် အတွက် ရွှေမဉ္ဇူရေလယ်ဘုရား၏ တစ်မိုင်ပတ်လည်ကို ငါး မဖမ်းရနယ်မြေအဖြစ် သတ်မှတ်ထားပြီး ငါးမျိုးပွားကာလ များတွင် အင်းတော်ကြီးကန်ဒေသတစ်ဝိုက် ပညာပေးဟော ပြောပွဲများ ကျင်းပလေ့ရှိသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုပညာပေးလုပ်ငန်းများကိုလည်း ပြုလုပ်လေ့ရှိသည်။ အင်းတော်ကြီး ပတ်ဝန်းကျင်တွင် နေထိုင်ကြသူများသည် ငါးဖမ်းလုပ်ငန်းဖြင့် အဓိကအသက်မွေးကြသဖြင့် ကန့်သတ် နယ်မြေပြင်ပတွင် သာမန်ငါးဖမ်းမှုကို ခွင့်ပြုပေးထားသည် ဟုလည်း သိရှိရပေသည်။

အင်းတော်ကြီးဒေသကို တောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် သတ်မှတ်ထားသည်။ အင်းတော်ကြီး တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်၊ အင်းလေးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဝက်သည်းကန် ငှက်ဘေးမဲ့တော၊ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လှော်ကားသဘာဝဥယျာဉ်၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ သမီးလှကျွန်း တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ မော့စကော့ကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တို့သည် မြန်မာနိုင်ငံ၏ ရေတိမ်ဒေသများဖြစ်ကြသည်။
၁၉၇၁ ခုနှစ် ဖေဖော်ဝါရီ ရက်တွင် အီရန်နိုင်ငံ ကက် စပီယန် ပင်လယ်အနီးရှိ ရမ်ဆာမြို့၌ ရေတိမ်ဒေသများ ဆိုင်ရာ ကွန်ဗင်းရှင်းကို ပထမဆုံးကျင်းပခဲ့ပြီး ယင်းနေ့ကို ကမ္ဘာ့ရေတိမ်ဒေသများနေ့အဖြစ် သတ်မှတ်၍ နိုင်ငံတကာ တွင် နှစ်စဉ်ကျင်းပလေ့ရှိသည်။ မြန်မာနိုင်ငံသည် ၂ဝဝ၅ ခုနှစ် မတ်လ ၁၇ ရက်တွင် ရမ်ဆာရေတိမ်ဒေသထိန်းသိမ်း ရေး ကွန်ဗင်းရှင်းအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် အဖွဲ့ဝင်ပေါင်း ၁၆၈ နိုင်ငံ ရှိနေပြီဖြစ် ကြောင်း သိရသည်။
၂ဝဝ၄ ခုနှစ်တွင် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းလေ့လာချက်များအရ မြန်မာ နိုင်ငံတွင် အရေးပါသည့် ရေတိမ်ဒေသ ၉၉ ခုကို မှတ်တမ်း တင်နိုင်ခဲ့ရာ ဧရာဝတီနှင့် ချင်းတွင်းမြစ်ဝှမ်းဒေသတွင် ၈၅ ခု၊ သံလွင်မြစ်ဝှမ်းဒေသတွင် ခြောက်ခု၊ စစ်တောင်းမြစ်ဝှမ်း ဒေသတွင် ငါးခုနှင့် ရခိုင်ကမ်းရိုးတန်းဒေသတွင် သုံးခုရှိသည် ဟုသိရှိရသည်။ ယင်းတို့ကို ပင်လယ်ကမ်းခြေဒေသများ ဆိုင်ရာ ရေတိမ်ဒေသများ၊ အင်းအိုင်နှင့် ရေကန်များဆိုင်ရာ ရေတိမ်ဒေသများ၊ နွံနစ်၊ သစ်ဆွေးဒေသများဆိုင်ရာ ရေတိမ် ဒေသများ၊ စိမ့်တော၊ စိမ့်မြေများဆိုင်ရာ ရေတိမ်ဒေသများ၊ မြစ်ဝကျွန်းပေါ်ဒေသဆိုင်ရာ ရေတိမ်ဒေသများဟူ၍ အမျိုး အစား ခွဲခြားသတ်မှတ်ထားပေသည်။ ယင်းတို့အနက် မြန်မာ နိုင်ငံ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောကို ရမ်ဆာကွန်ဗင်းရှင်းက ရမ်ဆာရေတိမ်ဒေသ(Ramsar Site) အဖြစ် ၂ဝဝ၄ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် သတ်မှတ်ခဲ့သည်။
ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ရန် စံနှုန်း ကိုးချက်ရှိရာ အင်းတော်ကြီးသည် () ဇီဝဘူမိ ထူးခြား သည့် ဒေသအတွင်း၌ သဘာဝအတိုင်း (သို့) သဘာဝ နီးပါးအတိုင်းရှိနေခြင်း၊ () ထိခိုက်ပျက်စီးလွယ်သော၊ မျိုးသုဉ်းရန်အန္တရာယ်ရှိသော (သို့) မျိုးသုဉ်းလုနီးပါး ဖြစ်နေသော မျိုးစိတ်များနှင့် ခြိမ်းခြောက်ခြင်းခံနေရသော ဂေဟအဖွဲ့အစည်းများရှိနေခြင်း၊ () ရေပျော်ငှက်ပေါင်း နှစ်သောင်းနှင့်အထက် ပုံမှန်ကျက်စားနေနိုင်ခြင်း၊ () ရေပျော်ငှက်မျိုးစိတ် (သို့) တစ်ဆင့်ခံ မျိုးစိတ်တစ်ခုချင်းစီ၏ အကောင်ရေပေါင်း တစ်ရာခိုင်နှုန်း ပုံမှန်ထောက်ပံ့နိုင်ခြင်း ဟူသော အချက်လေးချက်နှင့် အကျုံးဝင်နေသဖြင့် ရမ်ဆာ ရေတိမ်ဒေသအဖြစ် သတ်မှတ်ပေးရန် မြန်မာနိုင်ငံက ရမ်ဆာကွန်ဗင်းရှင်းသို့ ထပ်မံအဆိုပြုထားပြီးဖြစ်သည်။
ရမ်ဆာရေတိမ်ဒေသတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း ရေးဌာနမှတစ်ဆင့် ရမ်ဆာကွန်ဗင်းရှင်းသို့ တင်ပြရသည်။ ကွန်ဗင်းရှင်းက ရမ်ဆာရေတိမ်ဒေသတစ်ခုအဖြစ် သတ် မှတ်နိုင်ရန် စံနှုန်းကိုးချက်ဖြင့် ချိန်ထိုးစိစစ်ပြီး အနည်း ဆုံးစံနှုန်းတစ်ချက်နှင့် ကိုက်ညီသောဒေသကို ရမ်ဆာ ရေတိမ်ဒေသအဖြစ် အသိအမှတ်ပြုပေးသည်။
အင်းတော်ကြီးဒေသသည် ရမ်ဆာရေတိမ်ဒေသ စံနှုန်း လေးချက်နှင့် ကိုက်ညီနေသဖြင့် မကြာမီ ရမ်ဆာရေတိမ် ဒေသဟု သတ်မှတ်ခံရမည်ဖြစ်သည်။ အင်းတော်ကြီး သည် ရမ်ဆာရေတိမ်ဒေသ ဖြစ်လာလျှင် အင်းတော်ကြီး ဒေသရှိ အပင်များနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ပိုမိုထိန်း သိမ်းနိုင်မည့်အပြင် အင်းတော်ကြီးဒေသ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပေ သည်။ အင်းတော်ကြီးဒေသရှိ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည်လည်း အမြဲစိမ်းတော ရေတိမ်ဂေဟ စနစ်တစ်ခုဖြစ်ပြီး ဆင်၊ သမင်၊ စိုင်၊ ဆတ်၊ တောဆိတ်၊ တောင်ဆိတ်၊ ရေပျော်ငှက်များ လာရောက်ကျက်စားသော ရေတိမ်ဒေသတစ်ခုဖြစ်ပေသည်။
ရမ်ဆာရေတိမ်ဒေသအဖြစ် သတ်မှတ်ခံရသော ဒေသ များသည် နိုင်ငံတကာ အလေးထားမှုများ တိုးမြင့်ရရှိလေ့ ရှိပြီး ရေတိမ်ဒေသ ထိန်းသိမ်းရေးလုပ်ငန်းများ ကိုလည်း ထိရောက်စွာ လုပ်ဆောင်လာနိုင်ကြပေ သည်။ ယနေ့ကမ္ဘာ့ နေရာအနှံ့တွင် ကြုံတွေ့နေကြရသည့် ရာသီဥတုပြောင်း လဲခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းများကို ထိရောက်စွာလျှော့ချနိုင်ရန် ရေတိမ်ဒေသများကို စနစ် တကျထိန်းသိမ်းကာကွယ်ကြရပေသည်။ ရေတိမ်ဒေသ များတွင် ဇီဝမျိုးစုံ မျိုးကွဲများ၊ ရေပျော်ငှက်များ၊ ဆောင်းခို ငှက်များ လာရောက်ကျက်စားလေ့ရှိသဖြင့် အားလုံး ဝိုင်းဝန်းထိန်းသိမ်းရန် လိုအပ်လှပေသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ကြ သူများ၊သုတေသနပြုလိုကြသူများ၊ပညာရှင်များ၊ လေ့လာ သူများ၊ လာရောက်လည်ပတ်ကြည့်ရှုလိုကြသူများနှင့် ရွှေမဉ္ဇူဘုရားကို ဖူးမြော်လိုကြသူများအား အင်းတော်ကြီး ဒေသသည် လှပအေးချမ်းစွာ ကြိုဆိုလျက်ရှိနေပေ သည်။

No comments:

Post a Comment