နေပြည်တော် ဖေဖော်ဝါရီ
၅
နိုင်ငံရေးနှင့် စီးပွားရေးမှာ ဆက်စပ်မှုရှိပြီး အပြန်အလှန်
အကျိုးသက်ရောက်မှု ရှိပါကြောင်း၊ နိုင်ငံရေး တည်ငြိမ် မှုရှိပါက စီးပွားရေး တိုးတက်ကောင်းမွန်အောင်
ဆောင်ရွက်နိုင်မှာ ဖြစ်သကဲ့သို့ စီးပွားရေး ကောင်းမွန်ပါက လည်း နိုင်ငံရေးတည်ငြိမ်မှုကို
ဖြစ်စေပါကြောင်း၊ တပ်မတော်နှင့်ပတ်သက်သော စီးပွားရေးလုပ်ငန်းများကိုလည်း
ဥပဒေနှင့်အညီသာ
ဆုံးဖြတ်လုပ်ဆောင်စေ ပါကြောင်း၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးအတွက် နယ်စပ်ဒေသစီမံခန့်ခွဲရေး၊
အုပ်ချုပ်ရေးအပိုင်းများတွင် တရားဥပဒေနှင့် အညီ အစိုးရချင်း ညှိနှိုင်းဆောင်ရွက် စေလိုပါကြောင်းဖြင့်
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင်
နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန အထူးကိုယ်စားလှယ် Mr. Wang Yingfan အား လက်ခံတွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင် နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်
(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများနှင့် တာဝန်ရှိသူများ
တက်ရောက်ကြသည်။
Mr. Wang Yingfan က
တရုတ်နိုင်ငံ ပြုပြင်ပြောင်းလဲရေးကာလ နှစ် ၃၀ ကျော်တွင် ပြည်တွင်း ကုန်ထုတ်လုပ်မှု
ပမာဏသည် လိုအပ်ချက်ထက် များစွာပိုနေပါကြောင်း၊ သို့ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ၊
ပြည်ပ နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ်လုပ်ငန်း များ လုပ်ဆောင်ရန်ရှိပါကြောင်း၊
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုသည်
အရေးကြီးပါကြောင်း၊ တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေး ကောင်းမွန်မှုသည် နှစ်နိုင်ငံဆက်ဆံရေး၏
အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်
အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေ ပါကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး
ဖြစ်စဉ်များတွင် တတ်နိုင်သမျှ ကူညီဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့်
ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုဆွေးနွေး ချက်တို့အား တင်ပြဆောင်ရွက်သွားမည်
ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်အောင်မြင်
စေလိုပါကြောင်း၊ ပြည်သူလူထု အား တိုက်ရိုက်ထိခိုက်စေသော ကိစ္စရပ်များမှလွဲ၍ ပူးပေါင်းဆောင်ရွက်မှုများ
အောင်မြင်စေလိုပါကြောင်း၊ နိုင်ငံရေး အတွေ့အကြုံ အားနည်းခြင်း၊ အသိပညာအားနည်းခြင်းများသည်
စီးပွားရေးတွင်လည်း အားနည်း စေပါကြောင်း၊ အချို့နယ်စပ်ဒေသ ကိစ္စရပ်များတွင် တရုတ်နိုင်ငံအနေဖြင့်
မူဝါဒအရ ကန့်သတ်ထားသော်လည်း အောက်ခြေအဆင့် လုပ်ပိုင်ခွင့်များရနေသည်ကို တွေ့ရပါကြောင်း၊
လက်နက်ကိုင် ပဋိပက္ခများကြောင့် ပြည်သူများ ကြားညှပ်ပြီး ဒုက္ခခံစားရမှုများကိုလည်း မဖြစ်စေလိုပါကြောင်း၊
ယင်းပြဿနာများကြောင့် ရှေ့သုံး လှမ်းတက်သော်လည်း တစ်လှမ်းခန့်သာ တက်နိုင်ပြီး သွားချင်သလောက်
ခရီးမရောက်မှုများ ရှိပါကြောင်း၊ နိုင်ငံ၏ ပထဝီဝင်အနေအထားအရ အရေးပါမှုကြောင့် အားပြိုင်မှုများကို
ရင်ဆိုင်နေရခြင်းမှာလည်း မိမိတို့နိုင်ငံ ၏ စိန်ခေါ်မှုတစ်ခုဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံတပ်မတော်
နှစ်ရပ်အကြား ဆက်ဆံရေးအကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်းဖြင့်
ဆွေးနွေးပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အထူးကိုယ်စားလှယ်
Mr. Wang Yingfan တို့သည် အဖွဲ့ဝင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း
သတင်းရရှိသည်။


No comments:
Post a Comment