နေပြည်တော်၊ ဇန်နဝါရီ ၂၁
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
CPI Yunnan International Power Investment Co.,Ltd၊ ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီဖြစ်သော
Asia World Co., Ltd တို့အကြား ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ
Supplementary MOA နှင့် Joint Venture
Agreement (JVA) လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ယမန်နေ့ ည(၈)နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ
Horizon Hotel ၌ ကျင်းပသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ဦးဉာဏ်ထွန်းအောင်၊ ဦးသန်းဌေး၊ ဒေါက်တာကိုကိုဦး၊ ဒုတိယဝန်ကြီးများ နှင့် ဒုတိယရှေ့နေချုပ်၊ ဦးစီးဌာနများနှင့်
လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံ National Energy Administration မှ Vice
Administrator နှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ
မြန်မာသံအမတ်ကြီး H.E. Mr. YANG Houlan ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ CPI Corporation
မှ Vice President နှင့် CPI Yunnan International Power Investment Co.,Ltd မှ
President နှင့် အဖွဲ့ဝင်များ၊ ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ
တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက
အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ လျှပ်စစ်စွမ်းအားကဏ္ဍ
စဉ်ဆက်မပြတ် တိုးတက်စေရေး (Sustainable
Development) အတွက် အစီအမံများ ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ယခု JVA လက်မှတ်ရေးထိုးသည့် ချီဖွေငယ်စီမံကိန်းသည်
(၂၄-၉-၂၀၁၃) ရက်တွင် စက်စတင် လည်ပတ်နေသည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ချီဖွေငယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် ရွှေလီ(၁)၊
တာပိန်(၁) စီမံကိန်းများပြီးလျှင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ပြီး
အောင်မြင်စွာ လည်ပတ်နိုင်သည့် တတိယမြောက် စက်ရုံဖြစ်ပါကြောင်း၊ CPIYN အနေဖြင့် စက်ရုံရေရှည်
တည်တံ့ခိုင်မြဲရေးအတွက် ဝန်ကြီးဌာနမှ အင်ဂျင်နီယာများ နှင့်ပူးပေါင်း၍ စက်ရုံကိုထိန်းသိမ်း
မောင်းနှင်လည်ပတ်သွားနိုင်ရေး ဆောင်ရွက်သွားစေလိုကြောင်း၊ စီမံကိန်းဆောင်ရွက်ရာတွင်
စီမံကိန်း ဒေသ၏ ဓလေ့ထုံးတမ်း အစဉ်အလာများ ကိုလေးစားလိုက်နာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက်
လိုအပ်သည့် အကူအညီများ ပံ့ပိုးဆောင်ရွက်ပေးရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင် အကျိုးသက်ရောက်မှုအပေါ်
အလေးထားဆောင်ရွက်ရေး၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် ရေး၊ ပြဌာန်းထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
ဥပဒေများကိုတိကျစွာ လိုက်နာဆောင်ရွက် ရေးစသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ အစီအစဉ်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
CPI Corporation မှ Vice President Mr. YU Jianfeng မှ စာချုပ်များ လက်မှတ် ရေးထိုးခြင်းနှင့်
ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန်နှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံ CPI Co., Ltd မှ
President နှင့် ပြည်တွင်းတိုင်းရင်းသား ကုမ္ပဏီဖြစ်သော Asia World Co., Ltd မှ ဥက္ကဌ တို့က ချီဖွေငယ် ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ
Supplementary MOA နှင့် Joint Venture Agreement (JVA) စာချုပ်များကို လက်မှတ်ရေးထိုးကြသည်။
အဆိုပါ ချီဖွေငယ် ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံသည်
နိုင်ငံတော်အတွင်း ပေါများကြွယ်ဝသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တစ်ခုဖြစ်သော ရေအရင်းအမြစ်မှ
လျှပ်စစ်ဓါတ်အား (၉၉) မဂ္ဂါဝပ်ထုတ်လုပ်၍ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အတွက်
လျှပ်စစ်ဓါတ်အားများ ဖြန်ဖြူးပေးလျက်ရှိပြီး နိုင်ငံတော်ဓါတ်အား စနစ်သို့ ပို့လွှတ်လျက်ရှိပြီး
ကျန်းမာရေး၊ ပညာရေးနှင့် စီပွားရေးလုပ်ငန်းများ အပါအဝင် အလုပ်အကိုင် အခွင့်အလမ်းများအတွက်
အခြေခံလိုအပ်ချက် ဖြစ်သည်။ ရေအားမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုသည် သန့်စင်ပြီး ပြည်သူများ
တတ်နိုင်သည့် ဈေးနှုန်း ဖြင့် ယုံကြည်စိတ်ချရသည့် လျှပ်စစ်ဓါတ်အားကို ရရှိနိုင်သည့်အပြင် ဆင်းရဲနွမ်းပါးမှု ပပျောက်နိုင်ရေးအတွက်
အရေးပါသည့် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။



No comments:
Post a Comment