Thursday, January 29, 2015

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော JGC-YONGNAM-CAPE Consortium တို့အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ရန်ကုန် ဇန်န၀ါရီ ၉

ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက်ရေး လုပ်ငန်းအတွက်  လုပ်ငန်းအကောင်အထည်ဖော်ရေး ကြီးကြပ်မှုကော်မတီနှင့် တင်ဒါအောင်မြင်သော JGC-YONGNAM-CAPE  Consortium အဖွဲ့တို့ အကြား ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇန်န၀ါရီ(၂၆)ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် ဒုတိယ၀န်ကြီး ဦးဇင်ယော်မှဦးဆောင်၍ စီမံကိန်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် များအား အသေးစိတ်ဆွေးနွေးခဲ့ကြသည်။


ယင်းနောက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ၎င်းတို့၏ Comsortium Share ဖွဲ့စည်းမှု၊ လေကြောင်းဖြင့် သွားလာမည့် ခရီးသည်အရေအတွက် Demand  Focus တွက်ချက်မှု၊ ခန့်မှန်းကုန်ကျ စရိတ်တွက်ချက်မှု၊ စီမံကိန်းဆောင်ရွက်မည့် အစီအစဉ်နှင့် အချိန်ပြဇယားများအား ရှင်းလင်းတင်ပြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လုပ်ငန်းကြီးကြပ်မှုကော်မတီများမှ လုပ်ငန်းကဏ္ဍအလိုက် အသီးသီး ဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းလိုက်သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းသည် ရန်ကုန်မြို့မှ (၈၀)ကီလိုမီတာ အကွာအဝေးတွင် တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး ကျော်တိုင်ကန်ကျေးရွာ အနီးရှိ မြေဧက(၉၆၉၀) ပေါ်တွင် ပထမအဆင့်အနေဖြင့် တစ်နှစ်လျှင်ခရီးသည် (၁၂)သန်း ၀င်ထွက်သွားလာနိုင်သော အဆောက်အအုံ၊ Air Bus(A380) လေယာဉ်ကြီးများ ဆင်းသက်နိုင်သည့် လေယာဉ်ပြေးလမ်း၊ ပျံသန်းမှုဆိုင်ရာ အထောက်အကူပြု ခေတ်မီ စက်ကိရိယာနှင့် ခေတ်မီဆက်သွယ်ရေး ပစ္စည်းများ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်း ပထမအဆင့် ခန့်မှန်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၅)ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment