ရန်ကုန် ဇန်နဝါရီ ၂၇
သေဆုံးသွားတဲ့ချစ်သူကို သုံးနှစ်ပြည့်သွားသော်လည်း လွမ်းဆွတ်တမ်းတ စိတ်နဲ့ သစ္စာရှိစွာနေထိုင်တဲ့
စိုးရှိန်သာ တစ်ယောက် ချစ်သူရဲ့ အုတ်ဂူကအပြန် လိပ်စာကတ်လေး ထွက်ကျခဲ့ပါတယ်။ ဝိညာဉ်ကို
လုံးဝအယုံအကြည် မရှိတဲ့ စိုးရှိန်သာ တစ်ယောက် အွန်လိုင်းကနေတစ်ဆင့် ဝိညာဉ်ကောင်မလေး
ရှင်မင်းဆက်ကြောင့် ပဟေဋိတွေ အများကြီးဖြစ်ခဲ့ ရတယ်။
တစ်ဖက်မှာလည်း ချစ်သူကို အမြတ်တနိုးချစ်သော်လည်း ကွယ်ရာမှာ အခြားမိန်းမပျိုတစ်ယောက်နဲ့
ပျော်ရွှင်စွာသွားလာတဲ့ ခန့်လူကို မြင်တယ်။ ဝမ်းနည်းခံပြင်းတဲ့စိတ်နဲ့ နောက်ကလိုက်ရင်း
မတော်တဆဖြစ်မှုတစ်ခုကြုံပြီး သေဆုံးခဲ့ရတဲ့ ဝိညာဉ် ကောင်မလေး ရှင်မင်းဆက်အတွက် စွဲလမ်းစိတ်နဲ့
နာကြည်းစိတ်ကြောင့် မကျွတ်မလွတ် ဖြစ်နေခဲ့တာပါ။
သူမကြုံဖူးခဲ့တဲ့ သစ္စာရှိတဲ့ စိုးရှိန်သာကိုမြင်ရတော့ ထွက်ကျခဲ့တဲ့ လိပ်စာ ကတ်လေးထဲက
အီးမေးလ်ကနေ သူလုံးဝဆက်သွယ်လို့မရတဲ့ ခန့်လူအစား ဆက်သွယ်ခဲ့မိတော့ ထူးဆန်းစွာပဲ လူသားနဲ့
ဝိညာဉ်ပတ်သက်မှုကို ပရိသတ် ကြီးမြင်တွေ့ရမှာပါ။
လူ့ဘဝက ကွန်ပျူတာကို လှူခဲ့ဖူးတဲ့အတွက် ထူးဆန်းစွာနဲ့ ဝိညာဉ်ဘဝမှာ လည်း ကိုင်တွယ်အသုံးပြုခွင့်ကိုရရှိခဲ့သလို
ခန့်လူကို မုန်းတီးတဲ့စိတ်ကြမ်း တွေအားလုံးဟာ စိုးရှိန်သာနဲ့တွေ့ပြီးတဲ့အချိန်မှာ အထိုက်အလျောက်
လျော့ ပါး သက်သာသွားခဲ့တာကို ရှင်မင်းဆက်က ဝိညာဉ်ဘဝမှာ ကြုံတွေ့ရတယ်။
မိသားစုဝင်တွေရဲ့အမျှဝေသံကို ကြားနာခွင့်မရဘဲ ဝိညာဉ်လောကမှာ ကျင်လည်နေခဲ့ရသူလေး
ရှင်မင်းဆက်အတွက် အခက်အခဲတွေနဲ့ ဝိညာဉ်တစ်ဦးကို အွန်လိုင်းကနေ ဆုံခဲ့ရတဲ့အတွက် ထူးဆန်းအံ့သြမှုတွေနဲ့
စိုးရှိန် သာတို့ရဲ့ ဆက်လက် ကြုံတွေ့ရမယ့် အကြောင်းတွေကိုတော့ ဇာတ်ကားထဲမှာ ဇန်နဝါရီ
၃၁ ရက်ကနေ စတင်ပြီး သွားရောက် ကြည့်ရှုနိုင်ပါပြီ။
စိုးရှိန်သာအဖြစ် အကယ်ဒမီနေတိုး၊ ရှင်မင်းဆက်အဖြစ် အကယ်ဒမီ ဖွေးဖွေးတို့က အဓိကသရုပ်ဆောင်ထားပြီး
ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးကာ လာဗင်ဒါထုတ်လုပ်ရေးက ထုတ်လုပ်ခြင်းဖြစ်ပါတယ်။ ခန့်လူအဖြစ်
ဇေရဲထက်နဲ့ အနုပညာရှင် များစွာ အားဖြည့်ထားပါတယ်။ အထူးပွဲကို ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံတွင်
ဇန်နဝါရီ ၃၁ ရက်မှာ ပြသမှာဖြစ်ပြီး ပွဲအပြီးမှာ နေတိုး၊ ဖွေးဖွေးနဲ့ သရုပ်ဆောင်တွေက
ပရိသတ်တွေကို ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးသွားမယ်လို့ သိရပါတယ်။
လူငယ်ကြိုက် အချစ်ဇာတ်ကားကို ပရိသတ်စိတ်ဝင်စားမယ့် ဝိညာဉ်လောကအကြောင်းအရာ၊ အွန်လိုင်း
ချိတ်ဆက်မှု အကြောင်းအရာတွေ အားဖြည့်ထားတဲ့အပြင် ကင်မရာဖန်တီးချက်တွေ အတော်များများ
အသုံးပြုထားတဲ့ အတွက် ပရိသတ်ကြီး နှစ်ခြိုက် နိုင်တယ်လို့ ယူဆပါတယ်။

No comments:
Post a Comment