Wednesday, January 28, 2015

ပြည်ထောင်စု လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ


နေပြည်တော် ဇန်နဝါရီ  ၂၇
ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် အစီအစဉ် (၆)ခုဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများတွင် ပါဝင်သော စီမံကိန်း လုပ်ငန်းများ၊ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သမဝါယမ ဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့မှ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ဆက်လက် ရှင်းလင်း တင်ပြကြသည်။  
မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်မြတ်ဦးက ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် သားငါးထွက် ပစ္စည်းနှင့် သားငါးထွက် ပစ္စည်းမွမ်းမံ ထုတ်လုပ်မှု တန်ဖိုး ရည်မှန်းချက် ပြည့်မီရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ အကူအညီဖြင့် ကျေးလက်လမ်းတံတားများ၊ ရပ်ရွာအခြေခံ အဆောက်အအုံများ၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးနှင့် ကျန်းမာသန့်ရှင်းရေး၊ ရေပေးဝေရေး၊ ကျေးလက် မီးလင်းရေး၊ ရေရှည် တည်တံ့သော အစားထိုး အသက် မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် အသုံးစရိတ် လျာထားမှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဝန်ကြီးဌာန၏ ရငွေစာရင်း၊ အသုံးစရိတ်စာရင်း၊ ကြွေးမြီစာရင်း အခြေအနေများနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွင်း တစ်နိုင်ငံလုံးတွင် ဆက်သွယ်ရေး ကဏ္ဍ၏ တယ်လီဖုန်း သိပ်သည်းဆ (၇၅) ရာခိုင်နှုန်းမှ (၈၀)ရာခိုင်နှုန်းအထိ တိုးတက် မြင့်မားလာစေရန် ရည်မှန်း ဆောင်ရွက် သွားမည် ဖြစ်သည့် အတွက် ဆက်သွယ်ရေး ကဏ္ဍ၏ဂျီဒီပီ တန်ဖိုး တိုးတက်လာမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အသုံးစရိတ်နှင့် ပတ်သက်၍ အရင်းအမြစ်များ အကျိုးရှိစွာ ခွဲဝေသုံးချ ဆောင်ရွက်နိုင်ရေးနှင့် အခွန်ကောက်ခံရာတွင် စနစ်တကျ ကောက်ခံနိုင်ရေး အတွက် ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ၊ ခေတ်ကာလနှင့် လျော်ညီခြင်း မရှိသည့် ဘဏ္ဍာရေး စည်းမျဉ်းများအား သုံးသပ် ပြင်ဆင်မည့် လုပ်ငန်းစဉ်များ၊ မြန်မာ့စီးပွားရေးဘဏ် ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ အရအသုံး ခန့်မှန်းခြေ ငွေစာရင်း အခြေအနေများ၊ အခွန်အကောက်ရငွေ အခြေအနေများ၊  အသုံးစရိတ် လျာထားမှု အခြေအနေများ၊ ပြည်ပ ချေးငွေနှင့် အတိုးပေးရမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ဝန်ကြီးဌာန၏ သာမန်ရငွေ၊ သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် အခြေအနေ၊ သာမန် အသုံးစရိတ်တွင် ပါဝင်သည့် လစာနှင့်စရိတ်၊ ခရီးသွားလာစရိတ်၊ လုပ်အား ဆောင်ရွက်မှု ကုန်ကျစရိတ်၊ ပြင်ဆင် ထိန်းသိမ်းစရိတ်၊ လွှဲပြောင်း သုံးစွဲငွေ၊ ဧည့်ခံ ကျွေးမွေးစရိတ်နှင့် ထောက်ပံ့ငွေ အသုံးစရိတ်တို့ အတွက် လျာထား တောင်းခံထားမှု အခြေအနေ၊ ငွေလုံးငွေရင်း အသုံးစရိတ်တွင် ပါဝင်သည့် ဆောက်လုပ် ရေးနှင့် စက်ပစ္စည်းများ အတွက် လျာထား တောင်းခံထားမှု အခြေအနေတို့ကို ရှင်းလင်း တင်ပြင်သည်။

ယနေ့ အစည်းအဝေးကို ညနေပိုင်းတွင် ရပ်နားလိုက်ပြီး အစည်းအဝေး သတ္တမနေ့ကို ဇန်နဝါရီ (၂၈)ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment