Monday, January 26, 2015

ရှေးဟောင်းသမိုင်းဝင် ထူးခြားအံဖွယ်တော်ကြိုဘုရား

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါ မြို့နယ်သည် ရှေးဟောင်းဘုရား ပုထိုးစေတီအများအပြား တည်ထား ကိုးကွယ်ရာဌာန ဖြစ်သကဲ့သို့ နိုင်ငံကျော် ရှေးဟောင်းသမိုင်းဝင်တန်ခိုးကြီး ဘော်ကြိုဘုရာကြီးသည် သီပေါမြို့၏ အနောက် ဘက်ခြမ်း မန္တလေး၊ လားရှိုး၊ မူဆယ်သွား ပြည်ထောင်စု လမ်းမကြီးနှင့် မီးရထား လမ်းအကြား ဒုဋ္ဌဝတီမြစ် မြောက်ဘက် အရပ်တွင် တည်ရှိသည်။


ဘော်ကြိုဘုရားကြီးတွင် စေတီတော်နှင့်ရုပ်ပွားတော်များပေါင်း၍ ဘော်ကြိုဘုရားဟု အများပြည်သူတို့ သိရှိကြသော် လည်း စေတီတော်၏ ဒါယကာနှင့်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ၏ဒါယကာများမှာ တစ်ဦးစီဖြစ်ကြပြီး တည်ထားကိုးကွယ် ထုလုပ်လှူဒါန်း ခဲ့ကြသော နှစ်များလည်း ကွာခြားလျက်ရှိသည်။ ဘော်ကြိုဘုရား(မုဋ္ဌော စေတီတော်)၏ ဒါယကာ မှာ ဂေါတမမြတ်စွာ ဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၃၄ နှစ်ကြာသောအခါ ပါဋလိပုတ်ပြည်ကြီးနှင့်ဇမ္ဗူဒီပါ တစ်ကျွန်းလုံးကို အစိုးရတော်မူသော သီရိဓမ္မာသောကမင်းကြီးဖြစ်သည်။
တတိယသင်္ဂါယနာတင်ပြီးကာလ သာသနာသက္ကရာဇ် ၂ဝဝ နှင့် ၃ဝဝ အကြား မုဋ္ဌောစေတီတော်ကို တည်ထားခဲ့ခြင်းဖြစ်ရာ ရှမ်း၊ ပလောင်၊ ကချင်၊ ဗမာ၊ မွန်၊ ရခိုင်စသည့် တိုင်းရင်းသားလူမျိုးစု ပေါင်းစုံ၏ လုပ်အားဒါနဖြင့် တည်ထားကိုးကွယ် ခဲ့သဖြင့် စေတီတော်၏ဘွဲ့တော်မှာ မုဋ္ဌောစေတီဖြစ်ပြီး ပြည်ထောင်စု ဘုရားကြီးဟုလ ည်း ခေါ်ဆိုနိုင်ပေသည်။ သီရိဓမ္မာသောကမင်းကြီးသည် စေတီတော်ကို ရေကန်အလယ်တွင် ရွှေ၊ ငွေ၊ ကြေး၊ အုတ်ရိုးတို့ဖြင့် မြေစိုက်ပန္နက်တော် ချ၍ မွေတော်စစ်ကို ဌာပနာလျက် တည်ဆောက်ခဲ့ပြီး ဘွဲ့တော်ကို မုဋ္ဌောစေတီဟု သတ်မှတ်ခဲ့ပေသည်။
ဘော်ကြိုဘုရားကြီးစေတီတော် ကိုတည်ထားရာနေရာသည် ဘုရား လောင်းနုစဉ်ဘဝ ဝက်ဖြူမင်းဖြစ်စဉ် ရေအိုင်နေရာ ၌ စေတီတော် အားတည် ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ဘုရားကြီး ၏မုခ်လေးမုခ်တွင် ကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်လေးဆူ ၏ ဘုရားဒါယကာမှာ ခရစ်နှစ် ၁၁၇၄ ခုနှစ် မြန်မာသက္ကရာဇ် ၅၃၆ ခုနှစ်၌ ပုဂံပြည့်ရှင် မင်းယဉ်နရ သိင်္ခ၏ညီတော် နရသူ၏သားတော် နရပတိစည်သူ မင်းကြီးဖြစ်သည်။
ဘော်ကြိုဘုရားကြီး၏ မုခ်လေး မုခ်တွင် တိုင်းရင်းသားဗုဒ္ဓနွယ်ဝင်များ ကိုးကွယ်ရန် ရှမ်းပြည်နယ်တစ်ခွင်သို့ နရပတိစည် သူမင်းကြီးက ဗုဒ္ဓလက်ဆောင်အဖြစ် သာသနာထွန်း ကားပြန့်ပွားရန် ရည်သန်၍ စံကားကိုးပိုင်း ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်လှူဒါန်းခဲ့သည်။
ပုဂံပြည့်ရှင်နရပတိစည်သူမင်းက စံကားသားကိုးပိုင်းကို ဗုဒ္ဓရုပ်ပွားတော်များ ထုလုပ်လှူဒါန်းခဲ့သော ရှမ်းပြည်နယ်အတွင်းရှိ ရုပ်ပွားတော်များမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါ မြို့နယ်ဘော်ကြိုဒေသ၌ လေးဆူ၊ ကျောက်မဲမြို့နယ် မင်းတုန်းဒေသ၊ နောင်ချိုမြို့နယ် မိုင်းပန်ဒေသနှင့် သိန်းနီမြို့နယ် ဟိုမိန်းဒေသတို့၌ တစ်ဆူစီ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ကျေးသီး၊ မန်စံ၊ ကျိုင်းလပ်ဒေသနှင့် မိုင်းကိုင်မြို့နယ်ဒေသတို့တွင် တစ်ဆူစီ တို့ဖြစ်သည်။ ဘော်ကြိုဘုရားကြီး၏ ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကို တပေါင်းလဆန်း ၁ဝ ရက်မှ တပေါင်းလပြည့်ကျော် ၁ ရက်အထိ စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ရာ ယနေ့ထိ တိုင်အောင်ဖြစ်သည်။
ဘော်ကြိုဘုရားကြီး ပရိဝုဏ်အတွင်း အနောက်မြောက်ထောင့်၌ ပေါက်လျက်ရှိသော စံကားပင်မှာ ဘုရားစေတီ၊ အုတ်၊ ပြာသာဒ်၊ ထီးတော် ၏အမြင့်ထက်သို့ မည်သည့်အခါမှ မြှင့်တက်မသွားခြင်း၊ ဘုရားကြီး အနောက်တောင်ထောင့် အရပ်တွင် စေတီတော်၏အောက်မှရေစီးဆင်း နေပြီး ဆယ်နှစ်လရာသီခန်းခြောက်မှု မရှိခြင်း၊ မုခ်များတွင်သာ အစဉ်အမြဲ ကိန်းဝပ်စံပယ်သော ရုပ်ပွားတော် လေးဆူသည် သီတင်းသုံးနေသည့် မုခ်များတွင်သာ အစဉ်အမြဲကိန်းဝပ် စံပယ်စေရခြင်း၊ ပင့်ဆောင်သည့် အခါတွင်လည်း ရှေ့နောက်ဘွဲ့စဉ် များအတိုင်း ပင့်ဆောင်ရခြင်း၊ မုခ်လေး မုခ်တွင် ဘုရားကိုမျက်နှာ မူ၍ စောင့်ရှောက်နေသော ဘီလူးရုပ်တု ငါးရုပ်ရှိခြင်း၊ ဘုရားကြီး၏ ပရိဝုဏ်တောင် ဘက်တွင် မြတ်စွာ ဘုရား၏ ခြေတော် ရာရှိခြင်း၊ အနောက်တောင် ထောင့်တွင် ဦးခေါင်းသုံးလုံးပါ ဧရာဝဏ်ဆင်နှင့်ရှေးခေတ်ကြေး သွန်းရုပ်လူ ပုံနှစ်ရုပ်၊ ကြေးရုပ် ပုံများကို ပြတိုက်တွင် ပြသထားပြီး ဝေဒနာ ခံစားနေရသည့် အစိတ်အပိုင်းများကို လက်ဖြင့်ပွတ် တိုက်ဆုတောင်း လျှင် ရောဂါဝေဒနာပျောက်ကင်းကြောင်း စသည့် ထူးခြားဖွယ်ရာ အများအပြားရှိသည်။
ရှေးဟောင်း သမိုင်းဝင်ဘော်ကြို ဘုရားကြီးမှာ ဘုရားပွဲတော်ကျင်းပ ချိန်တွင်သာမဟုတ်ဘဲ နေ့စဉ်ပြည် တွင်း ဘုရားဖူးများ သာမက ပြည်ပ နိုင်ငံခြားခရီးသွားများကလည်း သွား ရောက်ဖူးမြော် ကုသိုလ်ယူလှူဒါန်း သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ရှေးဟောင်း သမိုင်းဝင်ဘော်ကြိုဘုရားကြီး အထွေထွေဘက်စုံ ပြုပြင်မွမ်းမံတည်ဆောက်ရေးအတွက် ရွှေပြား၊ ရွှေသင်္ကန်း၊ လျှပ်စစ်မီးနှင့်အလှူငွေများ လှူဒါန်းလိုကြသော ရဟန်းရှင်လူ စေတနာရှင်ပြည်သူများ စိတ်ချမ်း မြေ့စွာ လှူဒါန်းနိုင်ရေး အတွက် ဘော်ကြိုဘုရားကြီးရင်ပြင်တော်ပေါ်တွင် ဂေါပကအဖွဲ့က ဦးစီးလျက် အလှူခံဌာနများ ဖွင့်လှစ်ထားရှိသည်။
သို့ဖြစ်ရာ ဗုဒ္ဓနွယ်ဝင် တိုင်းရင်းသား ပြည်သူများအနေဖြင့် ရှမ်းပြည် နယ်(မြောက်ပိုင်း) သီပေါမြို့ရှိ သမိုင်းဝင် ဘော်ကြို ဘုရားကြီးသို့ ကြွရောက် ကြည်ညိုနိုင်ကြပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

No comments:

Post a Comment