Tuesday, January 20, 2015

မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း မတည်ငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောင်ဇေယျ စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်လှစ်

မြိတ် ဇန်နဝါရီ ၁၉
(၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုလျက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင် ဒေးရှင်းမတည်ငွေ ကျပ်(၁၀)သိန်းဖြင့်တည်ဆောက်ပြီးစီးခဲ့သော မြိတ်မြို့နယ် နန်းတော်ရာကျေးရွာ အောင်ဇေယျ စာကြည့်တိုက် အဆောက်အဦသစ် ဖွင့်ပွဲကို ဇန်နဝါရီ(၁၉)ရက် နံနက်(၉း၃၀)နာရီက အဆိုပါ စာကြည့်တိုက်တွင် ကျင်းပရာ ရှေးဦးစွာ စာကြည့်တိုက် အဆောက်အဦသစ်အား တနင်္သာရီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီချို၊ မြိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သူရတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။




ယင်းနောက် မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက စာကြည့်တိုက်ရေရှည်တည်တံ့ရေး၊ စာဖတ်ပရိသတ်တိုးပွားရေး၊ စာအုပ်စာစောင်တိုးပွားရေး ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက် အတွက် သုတရသစာအုပ်စာစောင်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီး ဌာနနှင့် ခရိုင်ပြည်သူဆောက်လုပ်ရေးလုပ်ငန်း မှ လက်ထောက်အင်ဂျင်နီယာ ဦးသူရတို့က သုတ/ရသ စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းကြရာ စာကြည့်တိုက်မှူးက လက်ခံရယူခဲ့သည်။

နန်းတော်ရာကျေးရွာသည် ကရင်တိုင်ရင်းသားလူမျိုးများ နေထိုင်သော ကျေးရွာဖြစ်ပြီး အိမ်ခြေ (၁၃၅)အိမ် လူဦးရေ(၅၁၈)ဦး နေထိုင်၍ လယ်ယာနှင့် ဥယျာဉ်လုပ်ငန်းများ လုပ်ကိုင်သော ကျေးရွာ ဖြစ်သည်နှင့်အညီ ယခုကဲ့သို့ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း မတည်ငွေ(၁၀)သိန်းနှင့် ကျေးရွာစေတနာရှင်များ စုပေါင်းလှူဒါန်းငွေ(၁၅)သိန်း စုစုပေါင်း(၂၅)သိန်းဖြင့် ရွာအလယ် လမ်းမတွင် အလျား(၂၄)ပေ၊ အနံ(၁၉)ပေ၊ အုတ်ညှပ်(၁)ထပ် ပျဉ်ကာ သွပ်မိုးဖြင့် စာကြည့်တိုက်အဆောက်အဦသစ် ကျေးရွာပြည်သူများ၊ ကျောင်းသား/သူများ စာအုပ်စာပေများကို စိတ်အေးချမ်းသာစွာဖြင့် ဖတ်ရှုနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment