Monday, January 19, 2015

ကေအိုင်အေ(ကချင်)အဖွဲ့က ဒေသခံပြည်သူများနေထိုင်လျက်ရှိသည့် ရပ်ကွက်များနှင့် ရဲစခန်းများအား နှောင့်ယှက်တိုက်ခိုက်

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် လုံးခင်းနယ်မြေရဲစခန်းဝင်းအတွင်းသို့ ဇန်နဝါရီ(၁၅)ရက် ညနေ(၆) နာရီခွဲခန့် တွင် ကေအိုင်ကေ(ကချင်)အဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်စီးနင်း၍ လက်ပစ်ဗုံး တစ်လုံးဖြင့် အလစ်အငိုက် ပစ်သွင်း ထွက်ပြေး သွားခဲ့ရာ ရဲတပ်ကြပ် ကူရှင်ဖုန်းဆားရ်၏ဇနီးဖြစ်သူ ဒေါ်နန်းဆိုင် ၅၂နှစ်၊ သားဖြစ်သူ ဆခေါင်ဝမ်ဖုန်းဆားရ် ၂၃နှစ်၊တူဖြစ်သူ ဖုန်တီအောင် ၁၈နှစ်နှင့် ရဲတပ်ကြပ် စောထွန်းအောင်၏ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာနည်မြင့် ၃၇ နှစ်တို့တွင် ဗုံးစထိမှန် ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။


ထို့အတူ မွန်းလွဲ ၂ နာရီခန့်တွင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အနီးရှိ ဂျိတ်ပါဝါကျောက်မျက် တူးဖော်ရေးကုမ္ပဏီဝင်းအတွင်းရှိ  ဂိတ်တဲအား ကေအိုင်အေ(ကချင်) အဖွဲ့ဝင်တစ်ဦးက ဆိုင်ကယ်စီးနင်းရောက်ရှိလာပြီး လက်ပစ်ဗုံး (၂)လုံးဖြင့် ပစ်ပေါက်ထွက်ပြေး သွားခဲ့သော်လည်း ပေါက်ကွဲ မှုမဖြစ်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းက သွားရောက်ရှင်းလင်းခဲ့ပြီး အဆိုပါလက်ပစ်ဗုံး (၂)လုံးအား ဖောက်ခွဲဖျက် ဆီးခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၆ရက် နံနက် ၁၀နာရီခွဲခန့်တွင် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက်၊ စည်ပင် သာယာပန်းခြံထောင့်ရှိ အမှိုက်ပုံး အနီး၌ မော်ဝမ်းရပ်ကွက်ဘက်မှ မြို့မရပ်ကွက်ဘက်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ ကေအိုင်အေ (ကချင်) အဖွဲ့ဝင် တစ်ဦးက မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ အမှိုက်ပုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။
ညနေ ၆ နာရီ ၄၀မိနစ်ခန့်တွင်လည်း ဖားကန့်မြို့၊ မြို့မရပ်ကွက်ရှိ ဥရုရတနာ ကျောက်စိမ်း တံတားထိပ်၌ လုံခြုံရေး တာဝန်ထမ်းဆောင် လျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား ငှက်ပျောတော ရပ်ကွက်ဘက်မှ မြို့မရပ် ကွက်ဘက်သို့ ကေအိုင်ကေ (ကချင်) အဖွဲ့ဝင်နှစ်ဦး မောင်းနှင် လာသည့် ဆိုင်ကယ်ပေါ်မှ မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက် နေသည့် အနီးကတ္တရာလမ်းပေါ်သို့ ကျရောက်ပေါက် ကွဲခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၇ရက် ညနေ ၆နာရီ ၃၅ မိနစ်ခန့်တွင် ဖားကန့်မြို့၊ ငှက်ပျောတော ရပ်ကွက်ရှိ ဖားကန့်မြို့မရဲစခန်း၊ ခြံစည်းရိုးရှေ့ ကားလမ်းဘေးရေမြောင်းအနီး( ရဲစခန်း ဝင်ပေါက်၏ ဝဲဘက်)၌ ကေအိုင်ကေ (ကချင်) အဖွဲ့က ထောင် ထားသည့်မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ရဲစခန်းရှေ့ ခြံစည်းရိုးအတွင်း စိုက်ထူ ထားသည့်  ဗီနိုင်းဆိုင်းဘုတ်များ ပျက်စီးသွားခဲ့သည်။
အလားတူ ည ၇ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ကျောက်စိမ်းတူးဖော် ရေးဌာန(လုံးခင်း) ရုံးဝင်း အုတ်တံ တိုင်းရှေ့အား လုံးခင်းဘက်မှ အေးချမ်းသာယာရပ်ကွက်ဘက်သို့ ကေအိုင်အေ(ကချင်) အဖွဲ့ဝင်နှစ်ဦး မောင်းနှင် လာသည့် ဆိုင်ကယ်ပေါ်မှ မိုင်းတစ်လုံးအား ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွား ခဲ့သော်လည်း  ထိခိုက်မှုမရှိကြောင်းသိရှိရသည်။
ထို့ပြင် မိုးကောင်းမြို့နယ် ၈မိုင်လမ်းဆုံ၏ အနောက်မြေက်ဘက် ၁ မိုင်၊ ၃ ဖာလုံခန့်အကွာ မိုးကောင်း-ဖားကန့်သွား ကားလမ်း မိုင်တိုင်အမှတ် ၉/၃ ရှိ တံတားအမှတ် (၁/၁၀)၊ အရှည် ပေ ၆၀ ၊ အကျယ် ၁၂ ပေရှိ  ဘေလီသံပေါင်တံတား (ပါဟုတ်ချောင်း ကူးတံတား)အား ဇန်နဝါရီ(၁၇)ရက် မွန်းလွဲ ၃ နာရီခန့်တွင် လည်းကောင်း၊ အဆိုပါတံတား၏ အနောက်မြောက်ဘက် ၄ ဖာလုံခန့်အကွာ မိုင်တိုင်အမှတ် ၉/၇ ရှိ တံတားအမှတ် (၂/၁၀)၊ အရှည် ၃၀ ပေ၊ အကျယ် ၁၂ ပေရှိ ဘေလီသစ်သားတံတား (၁၀ မိုင်ချောင်း ကူးတံတား)အား ညနေ ၄ နာရီခွဲခန့်တွင်လည်းကောင်း ကေအိုင်အေ(ကချင်)အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သဖြင့် တံတား များ မီးလောင်ပျက်စီး ခဲ့သည်။
အလားတူ ညနေ ၃ နာရီခန့်တွင် အဆိုပါ ကားလမ်းပေါ်ရှိ ခွန်ဆိုင်ဇွပ် ကျေးရွာအဝင်မှ အရှည် ပေ ၂၀ ၊  အကျယ် ၁၂ ပေရှိ သစ်သား တံတားအား လည်းကောင်း၊ နန့်ခိုင်ကျေးရွာအနီးမှ အရှည် ၂၁ ပေ၊ အကျယ် ၁၄ ပေရှိ ကွန်ကရစ်တံတားနှင့် အရှည် ၂၄ ပေ၊ အကျယ် ၁၇ ပေရှိ ကွန်ကရစ်တံတားနှစ်စင်းအား ညနေ ၅ နာရီခန့်တွင် လည်းကောင်း ကေအိုင်အေ (ကချင်)အဖွဲ့က အောင်မြင့်ကြိုင် ကုမ္ပဏီပိုင် ဘက်ဟိုး ယာဉ်မောင်းအား ခြိမ်းခြောက်၍ ဖျက်ဆီး ခိုင်းခဲ့သဖြင့် တံတားများ ပျက်စီးသွားပြီး မိုးကောင်း-ဖားကန့် သွားလာ လျက်ရှိသော မော်တော် ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုနိုင်ဘဲ သွားလာမှုပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။
ကေအိုင်အေ(ကချင်) အဖွဲ့နေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန် ဒေသခံပြည်သူများ နေထိုင် လျက်ရှိ သည့် နေရာများနှင့် တံတားများအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ဒေသခံပြည်သူများ အထိတ် တလန့်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။  

No comments:

Post a Comment