ဆေးပညာသတင်းဆန်းများ
(၈၆)
ဆေးပညာလောကမှာ ငှက်ဖျားရောဂါ တိုက်ဖျက်ဖို့
ဆေးပညာရှင်တွေ အမျိုးမျိုး ကြိုးစားခဲ့ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် ငှက်ဖျားပိုးကို
ယခင်က ထိရောက်အောင် သေစေနိုင်တဲ့ Artemether ဆေးကို ဆေး ယဉ်ပါးပြီး ခုခံနိုင်စွမ်းတွေ
ပေါ်လာနေလို့ ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာ ယခုလောလောဆယ်မှာ အာဖရိက နိုင်ငံတချို့ဒေသနှင့်
ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၊ မြန်မာ-ထိုင်းနယ်စပ် တချို့နေရာတွေမှာ ရှိနေပါတယ်။ ဒီဆေးကို
ရာစုနှစ်တစ်ခုထိ အောင်မြင်စွာ သုံးစွဲနိုင်ခဲ့တာကြောင့် ငှက်ဖျားရောဂါရဲ့ သေပျောက်နှုန်းဟာ
ကျဆင်းခဲ့ပါတယ်။ အခုဆိုရင် တစ်နှစ်မှာ လူငါးသိန်းခန့် ဒီရောဂါကြောင့် အသက်ဆုံးရှုံးနေရဆဲပါ။
အခု ဖော်ပြလိုတဲ့ ဝမ်းသာစရာ သတင်းကတော့ ငှက်ဖျားရောဂါပိုး သေနိုင်တဲ့ နောက်ဆေးသစ်တစ်ခုကို
စမ်းသပ် တွေ့ရှိရပြီလို့ ဆိုပါတယ်။ ဒီလို တွေ့ရှိခဲ့သူတွေကတော့ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ANU
(Australian National University) က သိပံ္ပပညာရှင်တွေ ဖြစ်ပါတယ်။ သူတို့အဆိုအရ အမည်ပေးမထားသေးဘဲ
Molecular ဓာတ်ပေါင်းတစ်ခုဟာ ငှက်ဖျားပိုးရဲ့ မျက်နှာပြင်မှာရှိတဲ့ Salt Pump ခေါ်တဲ့
ဓာတ်ဆား ထိန်းနေရာကို ပျက်စီးအောင်လုပ်နိုင်ပြီး ဒီ Pump ပျက်စီးသွားတာနဲ့ ငှက်ဖျားပိုး
သေဆုံးသွားရတာကို ဓာတ်ခွဲခန်းမှာ သေချာစွာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဆေးအမျိုးမျိုးကို
ယဉ်ပါးလာတဲ့ ငှက်ဖျား ရောဂါကိုကုသဖို့ ဆေးတစ်မျိုးကို ယခုတွေ့ရှိတဲ့ Molecule ရဲ့ ဖော်မြူလာနှင့်
လျင်မြန်စွာ ထုတ်လုပ် နိုင်တော့မယ်လို့ ဆိုပါတယ်။ ဒီဆေးတွေ့ရှိတာကို ယခင်က ပုံပြင်ထဲက
ဘယ်လိုမှ မတိုက်နိုင်တဲ့ သူရဲကောင်း ကို တိုက်နိုင်ခဲ့တဲ့ နေရာဖြစ်တဲ့ အာခိလိ ရဲ့ဖနောင့်
(Achilles Heel) လို့တောင် တင်စားခေါ်ထားပါကြောင်း တင်ပြလိုက်ရပါတယ်။
သွေးထဲက အဆီဓာတ် (Cholestrol) မှာ High
Density Lipoprotein (HDL) နှင့်Low Density Lipoprotein (LDL) ဆိုပြီး နှစ်မျိုးရှိပါတယ်။
ဒီနှစ်မျိုးမှာHDL တစ်မျိုးက လူကို အန္တရာယ်မပေးဘဲ LDL တစ်မျိုးကသာ အန္တရာယ်ပေးနိုင်တာ
ဖြစ်ပါတယ်။ ဒီLDL Cholestrol ဟာ သွေးထဲမှာများနေရင် နှလုံးရောဂါ၊ နှလုံးသွေး ကြောပိတ်ရောဂါ
ဖြစ်နိုင်ခြေပိုများစေတာ ဖြစ်ပါတယ်။ ယခု လေ့လာချက်တစ်ခုမှာတော့ ဒီ LDL အဆီဓာတ်ဟာ ကင်ဆာရောဂါတွေကိုလည်း
ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီလေ့လာချက်ကိုတော့ အမေရိကန် နိုင်ငံ ချီကာဂိုမြို့
University of Illinois တက္ကသိုလ် က သိပံ္ပပညာရှင်တွေ ပြုလုပ်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
သူတို့ အဆိုအရ လူတွေကိုယ်ခန္ဓာထဲမှာရှိတဲ့ Cells တွေ အားလုံး ကြီးထွားပြန့်ပွားလာဖို့
အချက်ပေးရဲတဲ့ Signals တွေ အများကြီးထဲက တစ်ခုဖြစ်တဲ့ Canonical Wnt လို့ အမည်ပေးထားတဲ့
Signal တစ်ခုကို ဒီ LDL Cholestrol က ပုံမှန်ထက်ပိုပြီး အချက်ပေးအောင် လုပ်တာကြောင့်
ကင်ဆာရောဂါတချို့ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဆေးပညာရဲ့ မူလအခြေခံ တွေ့ရှိထားချက်ကလည်း
ကင်ဆာဟာ Cells တွေရဲ့ မူမမှန်ဘဲ ကြီးထွားလာမှုကြောင့် ဖြစ်တယ် ဆိုတာနဲ့လည်း ကိုက်ညီနေပါတယ်။
ဒီတွေ့ရှိချက်ဟာ လူတွေမှာ LDL ဓာတ် နည်းအောင် နေနိုင်ခြင်းဟာ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်မှာဖြစ်ပြီး
ကုသရာမှာလည်း အထောက်အကူ ဖြစ်လာမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
ယခုဖော်ပြလိုတဲ့ သတင်းကတော့ အီဘိုလာရောဂါနဲ့
ပတ်သက်တဲ့ ကုထုံးတစ်ခုအကြောင်းပါ။ ဆီရာလီရွန်း နိုင်ငံက အီဘိုလာရောဂါတိုက်ဖျက်ရေးလုပ်ငန်းမှာ
တာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ ဗြိတိန်နိုင်ငံသူ သူနာပြု Pauline ဟာ ဗြိတိန်နိုင်ငံပြန်အရောက်မှာပဲ
အီဘိုလာ ရောဂါဖြစ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ဗြိတိန် မြေပေါ်မှာ ပထမဆုံးတွေ့ရတဲ့ အီဘိုလာရောဂါရှင်
ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ဆေးရုံက သမားတော်ကြီး တွေဟာ သူ့ကိုဂရုစိုက် ကုသခဲ့ကြပါတယ်။
ယခင်က နိုင်ငံခြားမှာ အီဘိုလာ ရောဂါဖြစ်ပြီး ပျောက်ကင်းမှ ပြန်လာတဲ့ ကျန်းမာရေး ဝန်ထမ်းဆီက
ရရှိတဲ့ Plasma ခေါ် သွေးရည်ကြည်နှင့် Antiviral ဆေးတစ်မျိုးကို အသုံးပြုကုသ ပေးခဲ့ကြတာဖြစ်ပါတယ်။
ဒီကုသမှုကို London Royal Free Hospital u Dr.Jacob ဆိုသူက ဦးဆောင်ခဲ့တာ ဖြစ်ပြီး ဒီကုသမှုဟာ
အထူး အောင်မြင်တယ်လို့ ဆိုပါတယ်။ ဒီသူနာပြုကို ထိုးပေးလိုက်တဲ့ သွေးရည်ကြည်က အီဘိုလာ
ရောဂါကို တိုက်ဖျက်မယ့် Antibody ပါတာကြောင့် အခုလို ပျောက်ကင်းမှု မြန်ဆန်တာလို့ ဆိုပါတယ်။
အခုလောလောဆယ်တော့ အီဘိုလာရောဂါ ကုသရာမှာ Z-Mab ဆေးကို အသုံးပြုနေကြပြီး တချို့ကတော့
Ribavirin ဆေးကိုလည်း အသုံးပြုနေကြောင်း တင်ပြလိုက်ရပါတယ်။
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့
Fibre ဓာတ်များများပါတဲ့ အစာကို စားသောက်ခြင်းဟာ တချို့ ကင်ဆာရောဂါကုသရာမှာ ထိရောက်နိုင်တယ်ဆိုတဲ့
သတင်းပါ။ ဒီတွေ့ရှိချက်ကိုတော့ နယူးဇီလန်နိုင်ငံ University of Auckland က ဆေးပညာရှင်တွေ
တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့အဆိုအရ အဆုတ်ကင်ဆာ ရောဂါရှိသူတွေမှာFibre ဓာတ်ပါတဲ့
အစာကို များများစားခြင်းဟာ ကင်ဆာရောဂါပိုဆိုးလာမှုကို တားနိုင်တယ် လို့ ဆိုပါတယ်။ များသောအားဖြင့်
အဆုတ်ကင်ဆာ ဖြစ်သူတွေမှာ အဆုတ်ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာပြီး (Emphysema)ခေါ် လေပြွန်အိတ်ငယ်တွေ
ရောင်ရမ်းမှု ဖြစ်လာပြီး ကင်ဆာရောဂါပျံ့နှံ့မှုကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ဒီလိုရောဂါရှင်တွေဟာ
ဆေးလိပ်သောက်သုံးမှု ရပ်တန့်ခြင်းအပြင်Fibre ဓာတ်များများပါတာကို စားသောက်ဖို့လိုတယ်လို့
ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် Fibre ဓာတ်ဟာ အူထဲမှာ သာမန်ရှိနေတဲ့ Gut Bacteria ဆိုတဲ့
ဘက်တီးရီးယားက ထုတ်လုပ်တဲ့ ရောင်ရမ်းမှုတား နိုင်တဲ့Small Chain Fatty Acid တစ်မျိုးကို
အူရဲ့ နံရံတွေက ပိုမိုစုပ်ယူနိုင်အောင် အားပေးတယ်လို့ ဆိုပါ တယ်။ ဒီFatty Acid ဟာ အူကနေတစ်ဆင့်
အဆုတ်အပါအဝင် ကိုယ်ခန္ဓာအနှံ့မှာ ရောင်ရမ်းမှုကို ကျဆင်းနိုင်တာကြောင့်လို့ ထောက်ပြထားပါတယ်။
ဒါကြောင့် ဒီလိုစားသုံးသူတွေဟာ သာမန်ထက် အသက်(၁၅)နှစ်မှ နှစ်(၂ဝ)ထိ ပိုအသက်ရှည်နေထိုင်ရကြောင်း
တွေ့ရှိရ တယ်ဆိုတာ တင်ပြလိုက်ရပါတယ်။
ဆေးပညာလောကမှာ ရောဂါတစ်ခုမှာ ကုသနေတဲ့ဆေးဟာ
မထင်မှတ်ဘဲ တခြားရောဂါတစ်ခုကိုလည်း ပျောက်အောင်ကုသနိုင်တာ တွေ့ရတယ်ဆိုတာ ယခင် ဆေးပညာသတင်းတွေမှာ
ဖော်ပြခဲ့ပါပြီ။ ယခုလည်း ဝမ်းသာစရာ သတင်းတစ်ပုဒ် ပေါ်လာပြန်ပါပြီ။ ဒါကတော့ AIDS ရောဂါကို
ပျောက်ကင်းအောင် ကုသပေးနေတဲ့ ဆေးတစ်မျိုးဟာ မျက်စိရောဂါ တစ်ခုဖြစ်တဲ့ ARMD (Age
Related Macular Degeneration) ခေါ်တဲ့ သက်ကြီး မျက်စိမှုန်ရောဂါကိုလည်း ပျောက်ကင်းအောင်
ကုနိုင်တယ် ဆိုတဲ့သတင်းပါ။
ဒီဆေးဟာ (NRTIS) လို့ အတိုကောက်ခေါ်တဲ့
Nucleoside Reverse Transcriptase Inhibitars အုပ်စုမှာ ပါဝင်တဲ့ AZT အပါအဝင် ဆေးသုံးမျိုး
ဖြစ်ပါတယ်။ ဒါတွေကတော့ AZT လို့ အတိုကောက်ခေါ်တဲ့ Zidovudine၊ d4t လို့ခေါ်တဲ့Stavudine၊
3TC ၊ လို့ခေါ်တဲ့ Ianmivudine နှင့် ABC လို့ခေါ်တဲ့ Abacavir ဆေးတို့ပဲ ဖြစ်ပါတယ်။
ဒီဆေးဟာAIDS ရောဂါဖြစ်စေတဲ့ HIV Virus အသက်ရှင်ပြန့်ပွားအောင် လိုအပ်တဲ့ Enzyme ကို
ဖျက်ဆီးနိုင်တာဖြစ်ပါတယ်။ ဒီ Enzyme ဟာ မျက်စိထဲက Retina Cells တွေကို ပျက်စီးစေတဲ့
ရောင်ရမ်းမှု ကိုလည်း ဖြစ်စေတာကြောင့် ဒီဆေးဟာ မျက်စိထဲက Retina ခေါ် မျက်စိအာရုံခံလွှာပျက်စီး
တာကိုလည်း ကာကွယ်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါအပြင် ဒီဆေးဟာ Stem Cells အစားထိုးကုသမှု
Bone Marrow အစားထိုးကုသမှုမှာ ဖြစ်ပေါ်တတ်တဲ့ ဓာတ်မတည့်မှုကိုလည်း ကာကွယ်နိုင်တယ်လို့
ဆိုပါတယ်။ ဒီဆေးပေါ် လာတာဟာ ကမ္ဘာတစ်လွှား လူပေါင်းသန်း ၅ဝ လောက် ခံစားနေရတဲ့ သက်ကြီးမျက်စိမှုန်
ရောဂါရှင်တွေ အတွက် ဝမ်းသာစရာသတင်းတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။
မိန်းကလေးတွေဟာ ကိုယ်ခန္ဓာလှပမှုအတွက် အစားအသောက်ကို
လိုသည်ထက်ပိုပြီး လျှော့စားနေ ကြပါတယ်။ ဒါဟာ အသက်ကြီးလာတဲ့အခါ အန္တရာယ် အထူးဖြစ်လာနိုင်တယ်လို့
ဆေးပညာရှင်တချို့က ထောက်ပြနေကြပါပြီ။ ဒီလိုထောက်ပြခဲ့တဲ့ ဆေးပညာ ရှင်တွေကတော့
Geriatrician လို့ခေါ်တဲ့ သက်ကြီး ရွယ်အိုဆိုင်ရာ သမားတော်များ၊ အထွေထွေရောဂါကု သမားတော်များ၊
အရိုးအထူးကုဆရာဝန်ကြီးများနှင့် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ပေးနေတဲ့ သူနာပြု
ဆရာမများပါဝင်တဲ့ ညီလာခံကြီးတစ်ခု ဖြစ်ပါတယ်။ ဒီပညာရှင် (၄ဝဝ) ကျော်ခန့်တက်ရောက်ခဲ့တဲ့
သက်ကြီးရွယ်အိုများ စောင့်ရှောက်ခြင်းဆိုင်ရာ ညီလာခံကို ဂျပန်နိုင်ငံ တိုကျိုမြို့
Univeristy of Tokyo မှာ ယခုနှစ် အောက်တိုဘာလက ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံမှာ
Sarcopenia ခေါ်တဲ့ သက်ကြီးရွယ်အိုတွေ မှာ ဖြစ်လာတဲ့ ကြွက်သားလျော့ပါးလာမှု၊ အရိုးပါးလွှာ
ကြွပ်ဆတ်လာမှုနှင့် ဆေးရုံတင်ပြီး ကုသမှုခံယူရတတ်တဲ့ ရောဂါတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
ဒီ အကြောင်းဆွေးနွေးရာမှာ ယခုခေတ် မိန်းကလေးတွေရဲ့ အလှအပဦးစားပေးမှု Life Styleအနေနဲ့
အစား အသောက်ကို အလွန်အမင်း လျှော့စားတဲ့ စားသောက်နေထိုင်မှုဟာ အသက်ကြီးလာတဲ့အခါ ဖြစ်ပေါ်လာမယ့်
ကျန်းမာရေး အခြေအနေကို ပိုမိုဆိုးရွားစေနိုင်တယ် ဆိုတာ ထောက်ပြခဲ့ကြကြောင်း တင်ပြရင်း
ယခုအပတ် ဆေးပညာ သတင်းဆန်းများ တင်ပြခြင်းကို နိဂုံးချုပ် လိုက်ရပါတယ်။ ။
ဒေါက်တာ ကံညွှန့်
No comments:
Post a Comment