Wednesday, January 28, 2015

ပန်းလှိုင် မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း စီမံကိန်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇန်န၀ါရီ ၂၇
စိုက်ပျိုးရေး လုပ်ငန်းများ အတွက် များစွာ အကျိုးပြုခဲ့သော ပန်းလှိုင်မြစ်သည် နှစ်ကာလ ကြာမြင့်‌မှုကြောင့် မြစ်ကြောင်း တစ်လျှောက် တိမ်ကောသွားခဲ့ရာ ပြည်သူလူထုကြီး၏ လိုလား တောင်းဆိုမှုများ အရ ပြန်လည် တူးဖော်ခြင်းကို ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ (၁၅)ရက်နေ့မှ စတင်ပြီး စက်ယန္တရားပေါင်း (၃၄၄)စီးဖြင့် ဆောင်ရွက်ခဲ့သည်။


ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကို ဆက်သွယ်လျှက် ရှိသော အရှည် (၃၄.၁၅)မိုင်ရှိ ပန်းလှိုင်မြစ်အား ရာသီမရွေး လှေ၊ သင်္ဘောများ ဝင်ထွက်နိုင်ရန် ရည်ရွယ်ချက်နှင့် ဒေသအတွင်း စိုက်ပျိုးရေး လုပ်ငန်းများကို အထောက် အကူပြုရန် အတွက် ယခုနှစ် ပွင့်လင်း ကာလ အချိန်မီ ပြီးစီးရေး ပြန်လည် တူးဖော်ခြင်း လုပ်ငန်းအား အရှိန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်။
ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဇန်နဝါရီ (၂၅)ရက် ညနေ (၃)နာရ်ီတွင် ပန်းလှိုင်မြစ် ပြန်လည် တူးဖော်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိကြရာ ဆည်မြောင်း ဦးစီးဌာန တည်ဆောက်ရေး (၉)မှ အင်ဂျင်နီယာမှူးကြီး ဦးဘိုဘိုကျော်မှ ပန်းလှိုင်မြစ် တူးဖော်ခြင်းလုပ်ငန်း တိုးတက်မှု အ‌ခြေအနေများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ သတ်မှတ် ရည်မှန်းချက် ဖြစ်သော မိုးဦးမကျမီ လုပ်ငန်းများ ပြီးစီးရေး အတွက် ကြိုးပမ်း အကောင် အထည်ဖော်ရန်နှင့် မြစ်ကြောင်း ပြန်လည်တူးဖော်ရာမှ ထွက်ရှိလာသော မြေသားများကို မြစ်ကြောင်း ဝဲ- ယာ တစ်လျှောက် မော်တော်ယာဉ် မောင်းနှင်နိုင်မည့် ကားလမ်း ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု ခိုင်ခိုင်မာမာ ဖြစ်ပေါ်လာရေး အတွက် လိုအပ်သော နေရာများတွင် မြစ်ကူး တံတားများ၊ ချောင်းကူး တံတားများကို ထည့်သွင်း တည်ဆောက်၍ နေရာမျာ ရွေးချယ် သတ်မှတ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပန်းလှိုင်မြစ်ကူး တံတားသို့ ရောက်ရှိကြပြီး တံတား၏ အောက်ဘက်နှင့် အထက်ဘက်ပိုင်းတွင် စက်ယန္တရားများဖြင့် တူးဖော်နေမှုကို လည်းကောင်း၊ မြစ်ကြောင်း တစ်လျှောက် စက်ယန္တရားများဖြင့် ဆောင်ရွက် နေသော စီမံကိန်း လုပ်ငန်းခွင်သို့ လည်းကောင်း စစ်ဆေး ကြည့်‌ရှု စစ်ဆေးသည်။

ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းသည် အလျားမိုင် (၃၄.၁၅) မိုင်ကို အကျယ် (၁၅၀)ပေ၊ အနက် (၁၈)ပေ တူးဖော်မည် ဖြစ်ပြီး ခေတ်မီ ရေထိန်းတံခါး တည်ဆောက်ရေး လုပ်ငန်းများကို နယ်သာလန် နိုင်ငံနှင့် ကိုရီးယား နိုင်ငံတို့၏ အကူအညီဖြင့် တည်ဆောက် သွားနိုင်ရန် ဒီဇိုင်းပုံစံ ထုတ်ခြင်း လုပ်ငန်းများ၊ စီမံချက် ရေးဆွဲခြင်း လုပ်ငန်းများနှင့် မိုးမကျမီ ရာခိုင်နှုန်းပြည့် ပြီးစီး အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျှက် ရှိသည်။

No comments:

Post a Comment