Wednesday, January 28, 2015

မြိတ်မြို့တွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းသင်တန်း ဖွင့်လှစ်

မြိတ် ဇန်နဝါရီ ၂၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သည် စီးပွားရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သော မြို့ဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသင်းမှ စီစဉ်ဖွင့်လှစ်သော လူထု အခြေပြု ခရီးသွားလုပ်ငန်းသင်တန်းကို မြိတ်မြို့ ကြံတောရပ်ရှိ J & J  ခန်းမတွင် ဇန်နဝါရီလ(၂၈)ရက် နံနက်(၉) နာရီက ဖွင့်လှစ်ခဲ့သည်။ 


 

ရှေးဦးစွာ မြိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဌ ဒေါက်တာသိန်းအောင်က ခရီးသွားလုပ်ငန်းတွင် အရေးပါပြီး ခရီးသွားဧည့်သည်များ စိတ်ပါဝင်စားသည့်  မြိတ်ဒေသ၏ ဇီဝမျိုးစုံ မျိုးကွဲမားရှင်သန်ပေါက်ဖွားရာ မြိတ်ကျွန်းစုရှိ သာယာလှပသည့်ကျွန်းများ၊ ရေအောက်သယံဇာတများနှင့် မပျက်စီးသေးသည့် သန္တာကျောက် တန်းများ ရေရှည်တည်တံ့ရေး အကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ မြိတ်ခရိုင် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထွန်းထွန်းက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေအတွက် မြိတ်ခရိုင်ကုန်သည် အသင်းအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဇန်နဝါရီလ(၂၈)ရက်နေ့မှ(၃၀)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းအား မြိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူ(၉၀)ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် မြန်မာ့ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဒုတိယဥက္ကဌ ဒေါက်တာ သိန်းအောင်နှင့် ဦးငြိမ်းချမ်း၊ ဒေါ်လွင်လွင်သိန်းတို့မှ ခရီးသွားလုပ်ငန်းမိတ်ဆက်၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်သိမ်းရေးနှင့် အသိပညာပေးခြင်း ဘာသာရပ်၊ ခရီးသွားလုပ်ငန်းဆိုးကျိုးများ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ဂေဟခရီးသွားလုပ်ငန်းနှင့် ငှက်ကြည့်ခရီးသွားလုပ်ငန်း၊ ခရီးသွားစီးပွားရေးလုပ်ငန်း၊ ရေရှည်တည်တံ့သော ခရီးသွား လုပ်ငန်းများ လိုအပ်ချက်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment