Wednesday, December 24, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ၂၀၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား အကြို လေ့ကျင့် နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၄
ဗိုလ်ရှုခံ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့နံနက်ပိုင်းတွင်   နေပြည်တော်ရှိ ဗိုလ်ရှုခံမဏ္ဍပ်၌ ၂၀၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုလေ့ကျင့်နေမှုနှင့် အခမ်းအနားအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိမှုများအား ကြည့်ရှု စစ်ဆေးသည်။









ဒုတိယသမ္မတဦးဉာဏ်ထွန်းသည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ဒုတိယဗိုလ် ချုပ်ကြီးဝေလွင်၊  ဦးဝဏ္ဏမောင်လွင်၊  ဦးအေးမြင့်ကြူ၊ ဦးကျော်လွင်၊ ဦးရဲထွဋ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ် ကြီးလှဌေးဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်အေး၊ တာဝန်ရှိသူများနှင့် အတူ နံနက် ၈နာရီခွဲတွင် ၂၀၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနား ကျင်းပမည့် ဗိုလ်ရှုခံမဏ္ဍပ်သို့ရောက်ရှိပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေး၊ ပို့ဆောင် ဆက်သွယ်ရေး၊ လုံခြုံရေးနှင့် သတင်းထုတ်ပြန်ရေး တို့အတွက်  ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ က ကော်မတီ အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်း တင်ပြကြ သည်။
ယင်းနောက် ဒုတိယသမ္မတသည် ၂၀၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား အစီအစဉ်များဖြစ်သည့် အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့်  စစ်ရေးပြတပ်ဖွဲ့ များ စုရပ်ကွင်းသို့ ချီတက်နေရာယူခြင်း၊ နိုင်ငံတော်သမ္မတအား အလေးပြုခြင်းနှင့် တပ်စစ်ဆေးခံခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီး များနှင့် တပ်မတော် သားများအား အလေး ပြုခြင်းနှင့် အောက်မေ့ သတိရသော အားဖြင့် နှစ်မိနစ်ငြိမ်သက် ဂါရ၀ပြုခြင်း၊ နိုင်ငံတော်သမ္မတ၏ (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့မိန့်ခွန်း နာယူခြင်း၊ သစ္စာ အဓိဌာန်ပြုခြင်း၊ နိုင်ငံတော် သမ္မတအား စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းတို့ကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
၂၀၁၅ခုနှစ် (၆၇)နှစ်မြောက်လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အလံကိုင် တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အလံကိုင်တပ်ဖွဲ့များ၊ စစ်တီးဝိုင်းတပ်ဖွဲ့များနှင့် စစ်ရေးပြတပ်ဖွဲ့များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာနိုင်ငံကင်းထောက်လူငယ်၊ မြန်မာနိုင်ငံ ကြက်ခြေနီ၊ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း၊ နေပြည်တော်ကောင် စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့မှ ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့များ ပါဝင်ချီတက် အလေးပြုခဲ့ကြပြီး စုစုပေါင်းအင်အား (၇၁၂၈)ဦးရှိကြောင်း သိရသည်။
ပြည်ထောင်စု တိုင်းရင်းသားအားလုံး၏ အဆုတ်မနစ် ကြိုးပမ်းမှုများကြောင့် ရရှိခဲ့သည့် လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲစေ ရန်နှင့် ပြည်ထောင်စုကြီးတိုးတက်ဖွံ့ဖြိုးစေရန်သည် ပြည်ထောင်စုသားအားလုံး၏ တာဝန် ဖြစ်သည်နှင့်အညီ မမေ့မလျော့ဆောင် ရွက်ရန် သတိပေး နှိုးဆော်သည့်အနေဖြင့် နှစ်စဉ်ထိုနေ့တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲများကို ဆင်ယင်ကျင်းပ ခြင်းဖြစ် သည်။
၁၉၄၉ ခုနှစ်မှစ၍ လွတ်လပ်ရေးအောင်ပွဲနှင့် ဗိုလ်ရှုသဘင်အခမ်းအနားများကို ရန်ကုန် မြို့တော်ခန်းမရှေ့ရှိ လွတ် လပ်ရေး ကျောက် တိုင်၌ ကျင်းပခဲ့ရာ ယင်းအချိန်က နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခဲ့ကြသည့် သမ္မတစဝ်ရွှေ သိုက်နှင့် သမ္မတဒေါက်တာဘဦး တို့တက်ရောက်ခဲ့ကြ ကြောင်းနှင့် ၁၉၅၄ခုနှစ်မှစ၍ ၁၉၆၂ခုနှစ် အထိ လွတ်လပ်ရေးအောင် ပွဲနှင့် ဗိုလ်ရှုသဘင် အခမ်းအနားများကို ရန်ကုန်မြို့ပြည်လမ်းရှိ ဗိုလ်ရှုခံစင်မြင့်၌ ကျင်းပခဲ့ရာ ယင်းအချိန်က သမ္မတတာဝန် ထမ်းဆောင်ခဲ့သည့် သမ္မတဒေါက်တာဘဦးနှင့် သမ္မတမန်းဝင်းမောင်တို့ တက်ရောက်ခဲ့သည်။
လွတ်လပ်ရေးနေ့ အခါသမယတွင် ဗိုလ်ရှုသဘင် အခမ်းအနားများ ကျင်းပ၍ နိုင်ငံတော် သမ္မတအား ချီတက်အလေးပြု၍ ဂုဏ်ပြုရခြင်းသည် မြန်မာနိုင်ငံအတွက် အဖိုးမဖြတ်နိုင်သော တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရ ယူပေးခဲ့ကြသည့် တိုင်းရင်းသား ပြည်သူအပေါင်းတို့နှင့်တကွ အသက်သွေးချွေးပေးဆပ်ခဲ့ကြသော တပ်မတော်သားများအား ဂုဏ်ပြုမြှင့်တင်သောအားဖြင့် တပ်မတော် သားနှင့် ပြည်သူတစ်ရပ်လုံး ပါဝင်ချီတက်အလေးပြုကြကာ မြန်မာနိုင်ငံ၏ အကြီးအ ကျယ် အခမ်းအနား ဆုံး အောင်ပွဲကြီးအဖြစ် ဖော်ထုတ်ပြသနိုင်ခဲ့သည်။
ထိုသို့ နှစ်ပေါင်း (၅၀)ကြာ တိမ်မြုပ်နေသော မြန်မာနိုင်ငံ၏ ကောင်းမြတ်သည့် အစဉ်အလာ တစ်ခုကို ၂၀၁၅ခုနှစ် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ပြန်လည်ဖော်ထုတ် ပြသနိုင်တော့မည်ဖြစ်၍  မျက်မှောက်ခေတ် ပြည်သူများ အနေဖြင့် ဝမ်းပမ်းတသာမြင်တွေ့ ကြရတော့မည်ဖြစ်သည်။

No comments:

Post a Comment