Monday, December 1, 2014

ဗန်းမော်၌ ကချင်ရိုးရာကောက်သစ်စားပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ


ဗန်းမော် နိုဝင်ဘာ ၃ဝ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ ခရိုင်ကချင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးစီးကျင်းပ သည့် ဆောင်းရာသီကာလ အေးမြသောဆောင်းနှင့် မြူအကြား (၄)ကြိမ်မြောက် ကချင်ရိုးရာကောက်သစ်စားပွဲ နှင့် ရိုးရာရုံးသစ်ဖွင့်ပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီက နှစ်မိုင် အောင်သာ မနောကွင်း၌ ကျင်းပသည်။ အဆိုပါပွဲတော်သို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ငွေကျပ်သိန်း ၁ဝဝ လှူဒါန်းကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ ဗန်းမော် ခရိုင် ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးလဝမ်၊ ဦးနော်တောင်၊ ဦးဂျွန်ဇော်ဒွဲ၊ ဦးလဂေါ်လဂျာတို့က ရုံးရာရုံးသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ရုံးသစ် အဆောက်အအုံမှာ အလျားပေ ၉ဝ၊ အနံ ၂၄ ပေ၊ အုတ်ညှပ် တစ်ထပ်ဖြစ်ပြီး ငွေကျပ် ၃၃၇ သိန်း ကုန်ကျကြောင်း သိရသည်။

ကချင်တိုင်းရင်းသူလေးများ၏ ထောင်ကာအကအဖွဲ့ ရှစ်ဖွဲ့ယှဉ်ပြိုင်ကပြကြရာ ဆုရရှိသည့်အဖွဲ့များအား ခရိုင် အုပ်ချုပ်ရေးမှူး၊ ကချင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။ ညပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးရေးနှင့် လူငယ် များ၏ စင်တင်တေးဂီတအဖွဲ့မှ ကချင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေခဲ့ကြောင်း သိရသည်။

No comments:

Post a Comment