Sunday, November 30, 2014

ဆေးယဉ်ပါးငှက်ဖျားရောဂါပိုးတိုက်ဖျက်ရေး လူထုပူးပေါင်းလှုပ်ရှားမှု သထုံတွင်ကျင်းပ

သထုံ၊  နိုဝင်ဘာ၊  ၃၀         
ကျေးလက်နေပြည်သူများ ဆေးယဉ်ပါးငှက်ဖျားရောဂါ ပိုးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ရောဂါပိုးတိုက်ဖျက်ရေး လုပ်ငန်းများကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ပူးပေါင်းဆောင်ရွက် လာခြင်းဖြင့် ငှက်ဖျားရောဂါ ကင်းစင်သည့် ဒေသ ဖြစ်လာစေရန် အတွက် ဝေါကွန်ဆန်းမြန်မာ (မွန်စီမံချက်ရုံး) မှ ဦးဆောင်ကာ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကျွန်းကလေးကျေးရွာ
 


ဘုန်းတော်ကြီးကျောင်းတွင် အသိပညာပေးပြပွဲ၊ တေးသရုပ်ဖော်၊ ပြဇတ်နှင့် ဉာဏ်စမ်းပြိုင်ပွဲများကို နိုဝင်ဘာလ ၃၀ ရက်၊ နံနက် ၉ နာရီကစတင်ကာ ဒေသခံပြည်သူလူထုများနှင့် ပူးပေါင်းလှုပ်ရှား ခဲ့ကြကြောင်းသိရသည်။ “ဒီစီမံချက်ကို ကျွန်တော်တို့ က ကျေးရွာအသီးသီးမှာ သက်ဆိုင်ရာရွာ အလိုက်ဆောင်ရွက်ခဲ့ပေမယ် ပိုပြီးကျယ်ကျယ် ပြန့်ပြန့် သိရအောင်လို့ အခုလို ကျေးရွာတွေ စုပေါင်းပြီး လူထုပူးပေါင်းလှုပ်ရှားတဲ့ အခမ်းအနားကို ကျင်းပရတာပါ” ဟု ကျိုက်ထိုမြို့ အခြေ စိုက် ဝေါကွန်ဆန်း မြန်မာ (မွန်စီမံချက်ရုံး)မှ တာဝန်ခံ ဒေါက်တာ အောင်ကောင်းခန့်က ပြောသည်။ အဆိုပါ အခမ်းအနား တွင် တာဝန်ရှိသူတို့က အခမဲ့ ငှက်ဖျားရောဂါပိုး စစ်ဆေးပေးခဲ့ကြပြီး ဆေးယဉ်ပါး ငှက်ဖျားရောဂါပိုးဆိုင်ရာ အသိပညာပေး ပန်ချီ၊ ပိုစတာများကို ချိတ်ဆွဲပြသထားကာ ကျေးရွာများ အလိုက် ဒေသခံအဖွဲ့များက တေးသရုပ်ဖေါ်များ၊ ဇတ်လမ်းတိုများကို သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ငှက်ဖျားရောဂါအကြောင်း၊ ရောဂါလက္ခဏာများ၊ ကာကွယ်နည်းများ တို့နှင့် သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများကို တပျော်တပါး ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြကြောင်းသိရသည်။

No comments:

Post a Comment