Thursday, November 27, 2014

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် အော်ပရေတာ လေးခုရှိလာမည်

ရန်ကုန် နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံ၏ တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍတွင် အော်ပရေတာလေးခုရှိလာမည်ဖြစ်ပြီး ပြည်တွင်းမှနှစ်ခု၊ ပြည်ပမှနှစ်ခုဖြင့် လွတ်လပ်စွာယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက နိုဝင်ဘာ ၂၅ ရက် တွင် ရန်ကုန်မြို့ ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည့် (၁၃)ကြိမ်မြောက် အာရှပစိဖိတ် ဆက်သွယ်ရေးအထွေထွေညီလာခံနှင့် (၃၈)ကြိမ်မြောက် အာရှ ပစိဖိတ် စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့ ခြင်းဖြစ်ပြီး ဆက်သွယ်ရေးကဏ္ဍ တိုးတက်ခေတ်မီအောင် ဆောင်ရွက်ရာတွင် မြန်မာ့ဆက်သွယ်ရေးမှ တစ်ဦးတည်းဆောင်ရွက်နေသည့်ပုံစံမှ ပြိုင်ဆိုင်မှုပုံစံဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် လက်ရှိတွင် အော်ပရေတာလေးခုဖြင့် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
''လောလောဆယ်တော့ အော်ပရေတာ လေးခုနဲ့လုပ်ဖို့ပါ။ ပြည်တွင်းက အော်ပရေတာနှစ်ခု၊ ပြည်ပကအော်ပရေတာ နှစ်ခုပေါ့။ ပြည်ပက နှစ်ခုက တယ်လီနောနဲ့အော်ရီဒူးပါ။ နောက်ပြည်တွင်းက MPT ပါ။
သူလည်းအော်ပရေတာတစ်ခုအနေနဲ့ ဆောင်ရွက်နေပြီ။ ကျန်တဲ့အော်ပရေတာတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် နိုင်ငံခြား အော်ပရေတာတစ်ခုနဲ့ လက်တွဲရမှာပါ။ အခု ဂျပန်နိုင်ငံKDDI နဲ့ SUMIMOTO နဲ့ Joint ပုံစံနဲ့ သဘောတူညီ ဆောင်ရွက်နေပါတယ်။ နောက်ထပ်ပြည်တွင်းမှ အော်ပရေတာတစ်ခုက မကြာခင်ပေါ်လာမှာဖြစ်ပါတယ်။ အော်ပရေတာအနေနဲ့ ဈေးကွက်ကို လွတ်လွတ်လပ်လပ်လုပ်ရမယ်။ MPT ကလည်း အစိုးရရဲ့ချုပ်ကိုင်မှုမရှိတော့ဘူး။ လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးထားတယ်။သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေနဲ့အညီ လုပ်ဖို့ပဲ ဌာနအနေနဲ့ ထိန်းကျောင်းပေးတာ၊ ဈေးလျှော့တာ၊ ဈေးကွက်မြှင့်တင်တာတို့က သူတို့အတွေးအခေါ်နဲ့သူတို့လုပ်လိမ့်မယ်'' ဟု ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းက ပြောကြားသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ ဖုန်းဆက်သွယ်မှု ကဏ္ဍတွင် အော်ပရေတာလေးခုအထိ ရှိလာမည်ဖြစ်ပြီး လက်ရှိတွင် တရားဝင်အော်ပရေတာ လိုင်စင်ရရှိ ဆောင်ရွက်နေပြီဖြစ်သည့် အော်ရီဒူး၊ တယ်လီနော၊ MPT နှင့်မကြာမီ ပေါ်ပေါက်လာမည့် အော်ပရေတာတစ်ခုအဖြစ် MEC တို့ဖြစ်ကြောင်း၊ အော်ပရေတာများ အနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လွတ်လပ်စွာ ဈေးကွက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment