Thursday, November 27, 2014

အမျိုးသားသိပ္ပံနှင့် နည်းပညာမူဝါဒ(မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)ပြုစုနိုင်ရေး စည်းဝေး


နေပြည်တော် နိုဝင်ဘာ ၂၆
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုဦးသည် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးဌာန စုဝေးခန်းမ၌ အမျိုးသားသိပ္ပံနှင့်နည်းပညာမူဝါဒ (မူကြမ်း)နှင့် သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း) ပြုစုနိုင်ရေးညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဆောက်ရွက်လျက်ရှိကြောင်း၊ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေးသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည့် ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်မှုများသည် ဒွန်တွဲလျက်ရှိ၍ ယခုအခါ Science Technology and Innovation (STI) ဟု သုံးစွဲလာကြောင်း၊ STI Law ရေးဆွဲရေးအတွက် နည်းပညာနယ်ပယ်စုံ၊ ကဏ္ဍစုံပါဝင်ဆောင်ရွက်နိုင်စေရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် နိုင်ငံတကာဥပဒေများကို လေ့လာရန်လိုအပ်ကြောင်း။
သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးရေး ဥပဒေ(မူကြမ်း) (သို့မဟုတ်) STI Law (မူကြမ်း)ကို ရေးဆွဲရာတွင် ရေရှည်အသုံးပြုနိုင်မည့် အမှန်တကယ်အကျိုးပြုပြီး လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နိုင်မည့် ဥပဒေဖြစ်ရန်လိုအပ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ရေးသည်လည်း အရေးကြီးကြောင်း၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေး၌ နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်ပြောင်းလဲမှုကိုလည်း မျက်ခြည်မပြတ်လိုက်ပါ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ဥပဒေသစ်တွင် ပြုပြင်ရန်၊ ဖြည့်စွက် နိုင်ရန်အချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့သိပ္ပံနှင့်နည်းပညာသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားသိပ္ပံနှင့် နည်းပညာမူဝါဒ(မူကြမ်း)၊ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးရေးဥပဒေ(မူကြမ်း)နှင့် ဖွဲ့စည်းဆောင်ရွက်အဆိုပြုပုံစံ မူကြမ်းများကို ဆွေးနွေးသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကျော်မြတ်၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊အဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌများ၊ ကိုယ်စားလှယ်များ၊ ပညာရှင်များနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး မိမိတို့၏လုပ်ငန်းနယ်ပယ်အလိုက် အတွေ့အကြုံများနှင့် နိုင်ငံတကာအတွေ့အကြုံများအပေါ် အခြေခံပြီး ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment