Friday, October 31, 2014

OHCHR နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆန္ဒရှိပြီး လက်တွေ့ဆောင်ရွက်မှုလည်း များစွာရှိပါ တယ်။ ရုံးခွဲဖွင့်ဖို့ ကိုလည်း နှစ်ဖက် အကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေပြီး ရပ်စဲမှု လုံးဝမရှိပါဘူး (ဦးသန့်ကျော်၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ဖွင့်လှစ်ရန် ကိစ္စနှင့် ပတ်သက်၍ မြန်မာ့သတင်းစဉ် (သတင်းအဖွဲ့)က နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်အား မေးမြန်း ခဲ့ရာ မေးမြန်းဖြေကြား ချက်များ ကို ပြန်လည်တင်ပြလိုက်ပါသည်။


မေး။ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ကိုယ်စားလှယ်အဖွဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို လာပြီး မြန်မာနိုင်ငံတွင် ၎င်းတို့ရုံး ဖွင့်ဖို့ကိစ္စနဲ့ပတ်သက်တဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ဆွေးနွေးနေတယ်လို့လည်း ကြားရပါတယ်။ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ဟုတ်ပါတယ်။ မနေ့က အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗန်ကောက်မှာ ရုံးစိုက်တဲ့ OHCHR အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Matilda Bogner နဲ့ ၎င်းရဲ့ လက်ထောက်တို့ လာရောက်တွေ့ဆုံပြီး နားလည်မှု စာချွန်လွှာ ကိစ္စ ဆွေးနွေး ပါတယ်။ ၂၀၁၂ ခုနှစ်က စပြီးတော့ ဒီကိစ္စအတွက် နှစ်ဖက်အကြား စတင်ထိတွေ့ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးလို့ ခေါ်တဲ့ OHCHR ဟာ ၁၉၄၈ခုနှစ် လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများ ကို မြှင့်တင်ကာ ကွယ်ရေးအတွက် ၁၉၉၃ ခုနှစ် ဒီဇင်ဘာလမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ဂျီနီဗာမြို့မှာရှိတဲ့ လူ့အခွင့် အရေးကောင်စီကိုလည်း ပံ့ပိုးဆောင်ရွက်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အခြေအနေတွေ ပိုမိုတိုးမြှင့်အောင် ဆောင်ရွက်နိုင်ဖို့အတွက် OHCHR ရုံးနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေရှိနေပါတယ်။
မေး။ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖို့ ဆောင်ရွက်နေတဲ့ အခြေအနေကို သိလိုပါတယ်။
ဖြေ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှာ မြန်မာအစိုးရက ကုလသမဂ္ဂလူ့အခွင့် အရေးဆိုင်ရာ မဟာမင်းကြီးရုံးခွဲကို မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်ဖို့ လိုအပ်တဲ့ ဆွေးနွေးညှိနှိုင်းမှုများကို ဆောင်ရွက်သွားမယ်လို့ မိမိတို့ဆန္ဒကို ထုတ်ဖော်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးမြှင့်တင်ရန် မိမိ၏ ဆန္ဒအလျောက် (Voluntary) ထုတ်ဖော်ကြေညာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒိနိုင်ငံတွေ ဟာ မြန်မာနိုင်ငံလို မိမိဆန္ဒအလျောက် အဆိုပြု ဖွင့်လှစ်ခဲ့တာ မဟုတ်ပါဘူး။ ဒါဟာ ထူးခြားချက်ဖြစ်ပါတယ်။ ဒီလိုဆန္ဒအလျောက် အဆိုပြုတာကိုက မြန်မာ နိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးမြှင့်တင်မှုအပေါ် အလေးအနက်ထားမှုကို ပြသလိုက်တာ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ဆန်းမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မဒမ်ပီလေးထံမှ နားလည်မှုစာချွန်လွှာ (MoU) မူကြမ်းကို ရရှိခဲ့ပါတယ်။ မူကြမ်းရပြီး နှစ်ဖက်အကြားမူကြမ်းအပေါ် အပြန်အလှန် ထိတွေ့ဆွေးနွေး ခဲ့ကြပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့နိုင်ငံ၏ အခြေအနေနဲ့ ကိုက်ညီမှုရှိတဲ့ နားလည်မှု စာချွန်လွှာ မူကြမ်း ကို ပြင်ဆင်ပြု စုပြီး OHCHR ဘက်သို့ တရားဝင် ပြန်ပေး ခဲ့ပါတယ်။ လောလောဆယ် ဒီမူကြမ်းနှစ်ခု အပေါ်ဗဟိုပြုပြီး နှစ်ဖက် အကြား ဆက်ပြီး ညှိနှိုင်းနေ ပါတယ်။
မေး။ မြန်မာဘက်က ပြန်ပြီးအဆိုပြုတဲ့ မူကြမ်းနဲ့ပတ်သက်ပြီး ရှင်းပြပေးလို့ရမလား။
ဖြေ။ နိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်အောင် မြန်မာအစိုးရက ဆောင်ရွက်နေချိန် ဖြစ်ပါတယ်။ အမျိုးသားလူ့ အခွင့်အရေး ကော်မရှင်ကိုလည်း ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းပေးပြီး၊ ၎င်းကော်မရှင်က လူ့အခွင့်ရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကို လွတ်လပ်မှုအခြေခံဖြင့် ဆောင်ရွက်နေပါတယ်။ ထို့အတူ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူကိုလည်း နိုင်ငံအတွင်း လာရောက်ခွင့်ပြုပြီး ၎င်းတို့ သွားလိုသည့်နေရာများကို သွားခွင့်ပေးခြင်း၊ တွေ့လို သူများ ကို တွေ့ခွင့်ပေးခြင်း များဖြင့်ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ၎င်းရဲ့ အစီရင်ခံစားများကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီမှာ OHCHR အကူအညီနဲ့ တင်သွင်းနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ OHCHR နဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ နည်းပညာပိုင်းပံ့ပိုးရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု ကို အလေးပေး ဆောင်ရွက်ဖို့ မြန်မာဘက်က မူကြမ်းမှာ ပြန်လည် အဆိုပြုထားခဲ့ ပါတယ်။ ဆိုလိုတာကတော့ လူ့အခွင့် အရေးမြှင့်တင်ဖို့အတွက် နည်းပညာ ပူးပေါင်းဆောင် ရွက်ရေး (Technical Assistance)နဲ့ ကုလ သမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဓိကကွန်ဗင်းရှင်းတွေမှာ မြန်မာနိုင်ငံက ပါဝင် လက်မှတ်ရေးထိုး နိုင်ရန် လိုအပ်နေတဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး (Capacity Building) မှာ OHCHR နဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ၎င်းတို့ထံမှ အကူအညီရရှိလိုခြင်း ဖြစ်ပါတယ်။
မေး။ မြန်မာဘက်က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်တွေမှာ လက်မှတ်ရေးထိုးဖို့ ပြင်နေတယ်လို့ ဒုတိယဝန်ကြီး က ပြောပါတယ်။ ဘယ်လိုစာချုပ်တွေကို လက်မှတ်ရေးထိုးဖို့ ပြင်နေတယ်ဆိုတာကို ပြောပြ ပေးပါ။
ဖြေ။ မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အဓိကနိုင်ငံတကာစာချုပ်သုံးခုရဲ့ နောက်ဆက်တွဲ အခြေပြ စာချုပ် တစ်ခုကို လောလော ဆယ် ပါဝင်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။ အခုအခါမှာ နောက်ထပ် အဓိက စာချုပ်နှစ်ခုနဲ့ နောက်ဆက်တွဲ အခြေပြ စာချုပ်တစ်ခုကို လက်မှတ်ရေးထိုးဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီစာချုပ် တွေကတော့ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (International Covenant on Economic, Social and Cultural Rights) ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ရက်စက်ကြမ်းကြုတ် လူမဆန်သည့် (သို့မဟုတ်) လူ့သိက္ခာ ညှိုးနွမ်းစေသည့် ပြုကျင့်မှု (သို့မဟုတ်) ပြစ်ဒဏ်ပေးမှုတို့အား ဆန့်ကျင်သည့် ကွန်ဗင်းရှင်း (Convention against Torture and Other Cruel, Inhuman or Degrading Treatment or Punishment) နဲ့ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ နောက်ဆက်တွဲစာချုပ်ဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်မှုဆိုင်ရာ သဘောတူစာချုပ် Optional Protocol to the Convention on the Rights of the Child on the involvement တို့ ဖြစ်ပါတယ်။ ဒီသဘောတူ စာချုပ်တွေကို ချုပ်ဆိုဖို့အတွက် အစိုးရဌာန အသီးသီးမှာရှိတဲ့ ဝန်ထမ်းများကို အသိပညာ တိုးမြှင့်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို OHCHR က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပါဝင်ပေးအပ်မှု ရှိပါတယ်။ အလားတူအခြားအဖွဲ့အစည်းများနဲ့ နိုင်ငံများကလည်း လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲများ လာရောက်ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ လိုရင်းပြောရရင် လူ့အခွင့်အရေးဆိုင်ရာ အဓိကနိုင်ငံ တကာစာချုပ်များမှာ မြန်မာနိုင်ငံ ပါဝင်ချုပ်ဆိုရေးအတွက် မြန်မာနိုင်ငံဟာ OHCHR နဲ့လည်းကောင်း၊ အခြား အဖွဲ့အစည်း များနဲ့ လည်းကောင်း ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။
မေး။ ဒီကိစ္စအပြင် မြန်မာနဲ့ OHCHR တို့ အခြားဘယ်လို ပူးပေါင်း ဆောင်ရွက်မှု ဘယ်လိုရှိပါသလဲ။
ဖြေ။ ရန်ကုန်မှာ OHCHR ဌာနေကိုယ်စားလှယ်ရုံးခွဲ ဖွင့်ဖို့ညှိနှိုင်းဆဲ ဖြစ်သော်လည်း OHCHR အဖွဲ့အစည်းက ကိုယ်စားလှယ် စုစုပေါင်း ငါးဦးဟာ ရန်ကုန်နဲ့ ရခိုင်ပြည်နယ်တို့မှာ ပုံမှန်သွားရောက်ပြီး လူ့အခွင့်အရေး ကိစ္စများအပေါ် အချက်အလက် ကောက်ယူ ရန် လုပ်ငန်းတွေကို လုပ်နေဖို့ မြန်မာအစိုးရက ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးတဲ့ ကိစ္စများကို နိုင်ငံတကာ အဖွဲ့အစည်း အများစုက ဆောင်ရွက်ကြတာ ဖြစ်သော်လည်း OHCHR ကတော့ လူ့အခွင့် အရေး မြှင့် တင်ရေးဆောင် ရွက်နေတဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်ဝင်ဗီဇာရယူပြီး ပုံမှန်လာရောက် နေထိုင် လုပ်ကိုင်နေတဲ့ ဗန်ကောက်မြို့အခြေစိုက် OHCHR အဖွဲ့ရုံးက ကိုယ်စားလှယ်များကတော့ Mr.Daniel Collinge? Ms.Sarah Toner? Ms.Elaine Chan? Ms.Raja Nor Azwa Petra တို့ဖြစ်ပါတယ်။ OHCHR နဲ့ ပူးပေါင်း ဆောင်ရွက် ရာမှာ မြန်မာနိုင်ငံ မှာ နိုင်ငံရေးဆန္ဒရှိပြီး လက်တွေ့ဆောင်ရွက်မှုလည်း များစွာရှိပါတယ်။ ရုံးခွဲဖွင့်ဖို့ ကိုလည်း နှစ်ဖက်အကြား ဆွေးနွေးမှုများ ဆက်လက်ရှိနေပြီး ရပ်စဲမှုလုံးဝမရှိပါဘူး။ နှစ်ဖက် အကြားမှာရှိတဲ့ နားလည်မှုစာချွန်လွှာ မူကြမ်းတွေကို အပြန်အလှန် ကျေကျေ လည်လည် ဆွေးနွေးပြီး နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ မူကြမ်းဖြစ်လာဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။
မေး။ ဒါဆိုရင် ရန်ကုန် OHCHR non-Resident Office အနေအထားမျိုးနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ ဆိုနိုင်ပါသလား။
ဖြေ။ အဲဒီလိုလည်း ယူဆလို့ရပါတယ်။

No comments:

Post a Comment