Tuesday, October 14, 2014

(၉၄)နှစ်ပြည်မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်နှင့် (၅၁)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁၃
(၉၄)နှစ်ပြည့် မြန်မာ့ရုပ်ရှင်နေ့ အထိမ်းအမှတ်နှင့် (၅၁)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၌ ကျင်းပ သည်။
(၉၄) နှစ်ပြည့် မြန်မာ့ ရုပ်ရှင်နေ့ အထိမ်းအမှတ်ဖွင့်ပွဲ အခမ်း အနားကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး အဝင်ဝ၌ ကျင်း ပရာ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ ရုပ်ရှင်အနုပညာရှင် စည်သူ ဒေါက်တာဘွဲ့ရ ဗိုလ်ကလေးဦး တင့်အောင်နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးလူမင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အခမ်းအနားကို ရုပ်ရှင်ပညာရှင်ကြီးများ၏ ရုပ်တုရှေ့၌ ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် (၅၁)ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ခန်းမ၌ကျင်းပရာ ဒုတိယ ဝန်ကြီး ဦးပိုက်ထွေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌနှင့် အလုပ် အမှုဆောင်များက အသက်(၇၀)နှစ်နှင့် အထက် သက်ကြီးရုပ်ရှင်အနုပညာရှင်၊ အတတ် ပညာရှင် ၁၅၀ တို့အား မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကန်တော့ ကြပြီး ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများ၊ အလှူရှင်များက သက်ကြီးရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ အား ကန်တော့ပစ္စည်းများ ပေးအပ် သည်။
ထို့နောက် အစည်းအရုံးဥက္ကဋ္ဌ ဦးလူမင်းထံ Sky Net ရုပ်မြင်သံကြားမှ တာဝန်ရှိသူတစ်ဦးက ငွေကျပ် သိန်း ၂၀ ပေးအပ်လှူဒါန်းသည်။ ယင်းနောက် အပူဇော်ခံသက်ကြီးအနုပညာရှင်ကြီး များကိုယ်စား ဗိုလ်ကလေး ဦးတင့်အောင်က ဩဝါဒစကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ရုပ်ရှင်ဗီဒီယို ထုတ်လုပ်သူများ၊ အနုပညာရှင်များ၊ ရုပ်ရှင် ရုံများနှင့် အလှူရှင်များက လှူဒါန်းသည့် နိဗ္ဗာန်ဈေး ပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

No comments:

Post a Comment