Wednesday, October 1, 2014

သတင်းထုတ်ပြန်ချက်

သတင်းထုတ်ပြန်ချက်

၁။    ၂၀၁၄ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်ပါ “အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” ဟူသော မျက်နှာဖုံး သတင်းအတွင်း စာမျက်နှာတွင် “ပုံနှိပ်စက်သုံးလုံးကနေ ငါးလုံးအထိ (ပြန်ကြားရေး)က တင်ဒါခေါ်တယ်၊ အောင်ထားတယ်၊ အဲဒီပုံနှိပ်စက်တွေရဲ့ ဈေးနှုန်းကို ပြန်ကြည့်တဲ့အခါမှာ သတ်မှတ်ဈေးနှုန်းထက် ပိုနေတာတွေ တွေ့ပါတယ်။ ဥပမာအားဖြင့် စက်တစ်လုံးကို အမေရိကန်ဒေါ်လာ ရှစ်သိန်းဝန်းကျင်ပဲ ရှိတဲ့စက်ဟာ ပြန်ကြားဝန်ကြီးဌာနမှ တင်ဒါအောင်ထားတဲ့ ဈေးနှုန်းက အမေရိကန်ဒေါ်လာ တစ်သန်းကျော် ဖြစ်နေတာမျိုးတွေပေါ့။ တစ်ချို့စက်တွေဆိုရင် အမေရိကန်ဒေါ်လာ လေးငါးသိန်းလောက်နဲ့ ပြီးရမယ့်စက်က ဒေါ်လာသန်းကျော် ဖြစ်နေတဲ့အခါကျတော့ အဲ့ဒီကွာဟချက်မှာ ဘယ်လို ခြစားမှုတွေ၊ အလွဲသုံးစားမှုတွေ ရှိနေသလဲ” ဟု Daily Eleven သတင်းစာမှ အမှုဆောင် အယ်ဒီတာ နေထွန်းနိုင်၏ ပြောကြားချက်ကို ကိုးကားရေးထားသည်ကို တွေ့ရှိရပါသည်။


၂။    Eleven Media မှ အပတ်စဉ် Weekly Eleven News ဂျာနယ်တွင် ဖော်ပြခဲ့သော အထက်ပါ သတင်းကြောင့် ပြည်သူများ အတွင်းတွင်လည်းကောင်း၊ နိုင်ငံရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် လည်းကောင်း သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဂုဏ်သိက္ခာနှင့် လွှတ်တော်သို့ တင်သွင်းထားသည့် အများပြည်သူ ဝန်ဆောင်မှုမီဒီယာ ဥပဒေအပေါ် အထင်အမြင် လွဲမှားမှုများ ပေါ်ပေါက်လာစေနိုင်ပါသဖြင့် Weekly Eleven News ဂျာနယ်၏ ရေးသားချက်များ မှားယွင်းကြောင်းနှင့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ ပစ္စည်းဝယ်ယူရေး လုပ်ငန်းများအား ပွင့်လင်းမြင်သာစွာဖြင့် အစိုးရအဖွဲ့၏ တင်ဒါစည်းမျဉ်းများ အတိုင်း ဆောင်ရွက်ခဲ့မှု အခြေအနေများအား ၆-၆-၂၀၁၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် အထောက်အထားများနှင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။ သို့သော်ငြားလည်း ၇-၆-၂၀၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် မှားယွင်းသော အချက်အလက်များကို ထပ်မံဖော်ပြပြီး အများပြည်သူက အမှန်ဟု ထင်ယောင်ထင်မှား ဖြစ်အောင် ထပ်မံဖော်ပြခဲ့ပါသည်။ အဆိုပါ မှားယွင်းဖော်ပြထားချက်များကို ပြင်ဆင် ဖော်ပြပေးရန် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှတစ်ဆင့် (၂)ကြိမ် ညှိနှိုင်းခဲ့သော်လည်း Eleven Media Group က ယင်းဖော်ပြချက်နှင့် ပတ်သက်၍ လုံးဝ(လုံးဝ) ပြင်ဆင်ပေးမည် မဟုတ်ကြောင်းနှင့် စာနယ်ဇင်းကောင်စီ (ယာယီ)နှင့်လည်း ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန် အကြောင်းမရှိကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်စက်ဈေးနှုန်းများ အမှုကိစ္စကို သတင်းဆောင်းပါး ရေးသားမှုနှင့် ပတ်သက်၍ မိမိတို့ Eleven Media Group အား ညှိနှိုင်းရန် ဖိတ်ခေါ်ခြင်း၊ စာပို့အကြောင်းကြား ခြင်းများ ထပ်မံမပြုလုပ်ပါရန် မေတ္တာရပ်ခံကြောင်း Eleven Media ၏ ပြန်ကြားချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိပေး အကြောင်းကြားလာ ခဲ့ပါသည်။

၃။    မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှတစ်ဆင့် နည်းလမ်းတကျ ညှိနှိုင်းဖြေရှင်းမှုကို Eleven Media Group က လက်ခံခြင်း မရှိသည့်အပြင် ဆင့်ကဲဆင့်ကဲ စွပ်စွဲရေးသား ဖော်ပြမှုများ ပြုမူဆောင်ရွက်လာပါသည်။ အဆိုပါ ဖြစ်စဉ်များအရ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေဖြင့် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိခိုက်စေလိုသည့် ဆန္ဒမရှိဘဲ Eleven Media Group မှ ထုတ်ဝေသော သတင်းစာ/ ဂျာနယ်တို့၏ ဖော်ပြချက်များသည် ဌာနမှ ဝန်ထမ်းများ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်တွင်း၊ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီ၏ ဂုဏ်သိက္ခာ ညှိုးနွမ်းစေခြင်းတို့ကြောင့် တရားစီရင်ရေး မဏ္ဍိုင်အတွင်းမှ တရားမျှတမှုကို ရယူလိုပါသဖြင့် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ပြည်တွင်း၊ ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေးကော်မတီ
ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment