Wednesday, October 1, 2014

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့ အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြား ရခြင်းဖြစ်ပါတယ်။

 
လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာ ကြည့်ရှုတဲ့ အခါမှာ အဆင့်တစ်ခုကို ရောက်ရှိနေပြီဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ် ထွန်းမှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ် ဆိုတာ လက်ခံထားပါတယ်။ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက် ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်း သတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တက်လှမ်း နိုင်ဖို့အတွက် အခြေခံအုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြား ရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေ အနေကောင်းများကို အမိအရဆုပ် ကိုင် ပြီး နိုင်ငံရေး ဖြစ်စဉ်ဆက်လက် ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက် ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။
နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေး အတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထားတိုက်တွန်းလိုတဲ့အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  မာရသွန် ပြေးပွဲများမှာ ပန်းတိုင်နဲ့ နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲဒီကနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက်လျှက်ရှိတဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မှုကို လည်းပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
နိုင်ငံရေးအင်အားစုများ အားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်း အားထုတ်မှုတို့ အထူးလိုအပ်လျှက်ရှိတဲ့ အချိန်အခါလည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးရေးကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာ မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော်ထု ဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာ ဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေး ဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင် သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။
ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမဏီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည် နိုင်ဖို့အတွက် နိုင်ငံတကာ ထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကားပါးနေတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲ လာတာနဲ့အမျှ ကျွန်တော်တို့နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာ များစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှု အတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေးတည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့ အစည်းချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက် ကူ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသား အရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့နိုင်ငံအတွက် အကျိုးရှိမယ့်အတွေအကြုံ များစွာ ရရှိခဲ့ပါတယ်။
ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်း များရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေးမဟာဗျူဟာအမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့ နိုင်ငံအတွက် လေ့လာ သင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများ၊ ကုန်ထုတ် လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလား အလာများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။
နိုင်ငံတကာ မိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့ မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများအားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ (၃၆)ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီးများကို လက်ခံတွေ့ဆုံခဲ့ပါတယ်။
ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝကပေးထားတဲ့ အားသာ ချက် တွေပဲဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေးစနစ်များကနေ လုပ်သားအင်အား နဲနဲသာသုံးရတဲ့၊ အရင်း အနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက်ထုတ်လုပ် နိုင်မှုဟာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ အတွက်များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက်လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျှက်ရှိပါတယ်။
လက်ရှိမှာ ကျွန်တော်တို့မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှုတိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုကတော့ ကမ္ဘာကိုခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန် ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေ သိပ်သည်း ဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက် ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်းအတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက် လာနိုင်ခြေ များကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့သာမက အာဆီယံဒေသအနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ် ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာဖြစ်ပါတယ်။
ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှု များကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံ ဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီဖြစ်ပါတယ်။ ရာသီ ဥတု ပြောင်းလဲမှုတွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရ တော့မှာဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော်ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရ ဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေး တွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်း ဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ် ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေ ကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန်ရင်ဆိုင်နိုင်ဖို့ ဒေသတွင်းမဟာ ဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခု စာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ် ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတု ဆိုးဝါးဖောက်ပြန်မှု တွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေလုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည် ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာလုပ်ဆောင် သွားကြရမှာ ဖြစ်ပါတယ်။
ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည်နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှု များဟာ သိပ်ပြီးစိုးရိမ်စရာမရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများက တဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလိုလုပ်ရပ်တွေကြောင့် ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ် လာနိုင်တဲ့ အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက် ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများ ကို နားလည်လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင်လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီးဖြစ်ပါတယ်။
မျိုးနွယ်စုနဲ့ ကိုးကွယ်ယုံကြည်မှုများ မည်သို့ပင်ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကိုအခြေခံပြီး နိုင်ငံသားအချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိတဲ့အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။
မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

No comments:

Post a Comment