Thursday, September 4, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား လေရဟတ်များရှိသည့် Wind Park (Energy Sufficient Feldheim Village) သို့ သွားရောက်ကြည့်ရှုလေ့လာ


ဘာလင်-စက်တင်ဘာ(၄)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့်အဖွဲ့သည် စက်တင်ဘာ ၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီတွင် ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ လေအား လျှပ်စစ်ထုတ်လုပ်သည့် လေရဟတ်များရှိသော Wind Park (Energy  Sufficient  Feldheim  Village) ကို သွားရောက်လေ့လာကြသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့အား Wind Park ရှိ ရှင်းလင်းဆောင်တွင် Energy  Sufficient  Feldheim  Village မှ တာဝန်ရှိသူများက လေရဟတ်များမှ လေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး ဂျာမနီနိုင်ငံ၏ လျှပ်စစ်စွမ်းအင်(၂၅)ရာခိုင်နှုန်း ထုတ်လုပ်ပေးသည့် လေအားလျှပ်စစ်ထုတ်လုပ်နေသော လေရဟတ်များ တည်ရှိရာသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဂျာမနီနိုင်ငံ လွှတ်တော်ရုံးသို့ ရောက်ရှိကြပြီး ဂျာမနီနိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. Norbert  Lammert  နှင့်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံတွင် မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားရေးမဏ္ဍိုင်တို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အချင်းချင်းအပြန်အလှန် ထိန်းကျောင်းဆောင်ရွက်နေမှုအခြေအနေ၊ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသအဆင့်များတွင် အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာများခွဲဝေကျင့်သုံးနေမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ပြဋ္ဌာန်းချက် များနှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
ညပိုင်းတွင် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Korber Foundation ရုံးချုပ်သို့ရောက်ရှိပြီး ဂျာမနီနိုင်ငံ Non-Political Think Tank အဖွဲ့ဖြစ်သော Korber Foundation ဥက္ကဋ္ဌ Mr. Christian Wriedt က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးနွယ်နှင့် သံရုံးမိသားစုများ၊ မြန်မာ ပညာတော်သင်များအား စက်တင်ဘာ ၃ ရက် ညပိုင်းတွင် ဘာလင်မြို့ရှိ မြန်မာနိုင်ငံ သံအမတ်ကြီး နေအိမ်၌ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် ပုဂ္ဂလိက ကဏ္ဍတို့တွင် ပြုပြင်ပြောင်းလဲနေမှုများ၊ နိုင်ငံတကာ ဆက်ဆံရေးကို တိုးမြှင့် ဆောင်ရွက် နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ 

No comments:

Post a Comment