Monday, September 29, 2014

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ဧည့်ခံပွဲသို့ တက်ရောက်ချီးမြှင့်




   ရန်ကုန်   စက်တင်ဘာ   ၂၉
 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်တို့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမ္ဘာအေးစေတီလမ်းရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲသို့ တက်ရောက် ချီးမြှင့်သည်။

အဆိုပါ ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်ကျော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရန်ကုန်မြို့ရှိ  နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် စစ်သံမှူးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ဧည့်ခံပွဲ၌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရန်ဟို့လန်က အမှာစကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းနှင့်ဇနီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာရန်ဟို့လန်နှင့် ဇနီးတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ (၆၅)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် ကိတ်မုန့်ကိုလှီးဖြတ်ပေးကြပြီး မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီးနှင့် တက်ရောက်လာကြသူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် ဇနီးတို့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

No comments:

Post a Comment