နေပြည်တော် စက်တင်ဘာ ၅
စစ်တွေမြို့၌ရောက်ရှိနေသော ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဒေါက်တာ စိုင်းမောက်ခမ်းသည် ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံး ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဝင် တင်ဒါခေါ် ယူရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘရွှေက စီမံကိန်းလုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ဆောင်ရွက်ပြီးစီး မှုအခြေအနေ၊ ဆောင်ရွက်မည့်နည်းလမ်း များ၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ တွက်ချက်ထားမှု၊ စီမံကိန်းမှ ရရှိနိုင်မည့်လူမှုရေး၊ စီးပွားရေးအကျိုးအမြတ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတက ယခုတင်ပြသည့် စီမံကိန်းလုပ်ငန်းစီမံချက်သည် ပြည့်စုံကောင်းမွန်ပါ ကြောင်း၊ စီမံချက်ပါ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးကဏ္ဍ၊ အခြေခံ အဆောက် အအုံကဏ္ဍ စသည်တို့ကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပါက ရခိုင်ပြည်နယ်သည် အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း ကျောက်ဖြူ သဘာဝဓာတ်ငွေ့ ထိန်းဖြန့်စခန်း (OGT) သို့ရောက်ရှိရာ ရှင်းလင်းဆောင်၌ (OGT) စခန်းတာဝန်ခံအရာရှိချုပ် မစ္စတာ အက်တင်နမ် မီယာက စီမံကိန်းဆိုင်ရာအချက်အလက်များ၊ သဘာဝဓာတ်ငွေ့ ထိန်းသိမ်းမှု၊ ဖြန့်ဖြူးမှု၊ ဒေသအကျိုးပြုလုပ်ငန်း များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတားများဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းက စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း ၍ သိရှိလိုသည် များကို မေးမြန်းကာ ကျောက်ဖြူသဘာဝဓာတ်ငွေ့ထိန်းဖြန့်စခန်းအတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ဆက်လက်၍ ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၏ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပညာရေးကောလိပ်လေ့ကျင့်ရေး အလယ်တန်းကျောင်းမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူလေးများ၊ ပညာရေးကောလိပ် မှ သင်တန်းသား သင်တန်းသူများ၊ ဆရာ ဆရာမများအားရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပညာသင်ကြားမှု၊ သင်ယူမှုအခြေအနေ များကိုမေးမြန်းကာ အားပေး နှုတ်ဆက်စကားပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် သူဌေးရေအားလျှပ်စစ်စီမံကိန်းသို့ရောက်ရှိကြပြီး စီမံကိန်းရှုရပ်မှ သူဌေးချောင်းရေစီး ဆင်းမှု၊ စီမံကိန်းလုပ်ငန်းခွင်လုပ်ဆောင်နေမှုနှင့် သူဌေးရေအား လျှပ်စစ်စီမံကိန်း ပုံစံငယ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဦးသောင်းဟန်တို့က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်း၊ မြစ်ရေလွှဲခြင်း လုပ်ငန်း၊ ပင်မတမံလုပ်ငန်း၊ ရေယူအဆောက် အအုံလုပ်ငန်း၊ ရေထိန်း တံခါးပြွန် လုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ ဥမင်လိုဏ် အထွက် မြောင်းလုပ်ငန်း၊ ဓာတ်အားပေးစက်ရုံလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြီးစီးမှုနှင့် ဆက်လက်ဆောင် ရွက်မည့်အခြေ အနေများ၊ နှစ်အလိုက်ဘဏ္ဍာငွေလိုအပ်ချက်နှင့် ဘဏ္ဍာငွေရရှိမှု အခြေအနေများကို အသေးစိတ်ရှင်းလင်း တင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်သည် များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၈-၂၀၁၉ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများ ပြီးစီးရန် သတ်မှတ် ထားကြောင်းနှင့် စီမံကိန်းလုပ်ငန်းလက်ရှိပြီးစီးမှုသည် (၃၆ ဒသမ ၃၅) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
အဆိုပါစီမံကိန်း၏ စက်တပ်ဆင်အားသည် ၁၁၁ မဂ္ဂါဝပ် (၃_၃၇)ဖြစ်ပြီး စီမံကိန်းလုပ်ငန်း များပြီးစီး သွားပါက နှစ်စဉ်လျှပ်စစ်ဓာတ်အား (၃၈၆)သန်းကီလိုဝပ်နာရီ ပျမ်းမျှထုတ်လုပ်နိုင် မည်ဖြစ်သည်။
ယင်းနောက် ဒုတိယသမ္မတဒေါက်တာစိုင်းမောက်ခမ်းသည် သံတွဲမြို့သို့ရောက်ရှိပြီး မြို့မဈေး၌ ဆိုင်ခန်းဖွင့်လှစ် ရောင်းချလျက်ရှိသည့် ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ရောင်းဝယ်မှုအ ခြေအနေများကိုမေးမြန်းကာ အားပေးနှုတ်ဆက်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ငပလီသို့ရောက်ရှိပြီး ဒေသဖွံ့ဖြိုးမှုနှင့် ကမ်းခြေ၏သာ ယာလှပမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဖွဲ့ဝင်များနှင့်အတူ သံတွဲမြို့မှ မြန်မာ့လေကြောင်းဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ ကြသည်။
No comments:
Post a Comment